HomeEntertainmentFilmMs. Marvel အပိုင်း(၄)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Ms. Marvel အပိုင်း(၄)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** SPOILER ALERT ***

Ms. Marvel ဇာတ်လမ်းတွဲရဲ့ အပိုင်း(၄)ထဲမှာတော့ Kamala ဟာ နယူးဂျာစီမြို့ကနေ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ကို ရောက်လာခဲ့ပါတယ်။ အဘွားဖြစ်သူရဲ့ ဆင့်ခေါ်မှုကြောင့် ကရာချိမြို့ကို ရောက်ရှိလာတဲ့ Kamala ဟာ သူမမိသားစုရဲ့ သမိုင်းကြောင်းနဲ့ အဖြေမပေါ်သေးတဲ့ သူမရဲ့ပုစ္ဆာဟာ သူမ တွေးထင်ထားတာထက် ပိုပြီးရှုပ်ထွေး နက်နဲနေတဲ့အကြောင်း သိရှိလိုက်ရပါတယ်။ သူမရဲ့လက်ကောက်ဟာ ကမ္ဘာမြေနဲ့ Noor dimension တို့ကို ပေါင်းစပ်သွားစေနိုင်တဲ့ အလားအလာရှိနေပြီး လူသားတွေရဲ့ကမ္ဘာမှာ အန္တရာယ်ကြီးကြီး ကြုံတွေ့ရနိုင်ချေ ရှိနေပါတယ်။ သို့သော်လည်း ယခုမှ စူပါဟီးရိုးဖြစ်လာတဲ့ ကောင်မလေး Kamala ဟာ သူမရဲ့စွမ်းအားတွေနဲ့ ဒီစွမ်းအားတွေရဲ့ ဇာစ်မြစ်ကို ယခုမှ သိရှိကာစ ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။

Kamala ရဲ့ ကရာချိမြို့ခရီးစဉ်ဟာ ကောမစ်ထဲကဇာတ်လမ်း ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

အပိုင်း(၄)ထဲက Kamala ရဲ့ ကရာချိမြို့ဆီ ခရီးထွက်လာခြင်းကတော့ ကောမစ်ထဲက ဇာတ်လမ်းကို အခြေခံထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာလည်း Kamala ဟာ သူမရဲ့ရင်းမြစ် ပျောက်ဆုံးမှုနဲ့ သူမကိုယ်သူမ ပြန်လည် ရှာဖွေဖို့အတွက် ကရာချိမြို့ဆီကို ခရီးထွက်ခဲ့ပါသေးတယ်။ ဒီအခါမှာလည်း သူမဟာ အဘွားဖြစ်သူဆီမှာပဲ နေထိုင်ခဲ့ပြီး ဒီအပိုင်းထဲမှာ ပြသွားသလိုပဲ သူမကို နွေးထွေးစွာနဲ့ ကြိုဆိုခဲ့ပါတယ်။ သို့သော်လည်း အဆိုပါခရီးစဉ်ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ပြသသွားသလို ရှေးကပဟေဠိတွေနဲ့ ပတ်သက် ဆက်နွယ်နေခြင်း မရှိပါဘူး။ အကြောင်းကတော့ Kamala ဟာ ကောမစ်ထဲမှာတော့ Inhuman တစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။

သို့ပေမယ့်လည်း ဒီအပိုင်းက အဓိကပြသသွားတာကတော့ Ms. Marvel #12 ကောမစ်ထဲက ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်သလို ခံစားနေရတဲ့ Kamala ရဲ့ စိတ်အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီကောမစ်ထဲမှာတော့ Kamala ဟာ “ဂျာစီမှာတုန်းကတော့ ငါက ပါကစ္စတန် တအားဆန်လို့ဆိုပြီး လူကြားထဲမှာ ထီးထီးကြီး ဖြစ်နေတယ်။ အခုဒီကိုရောက်ပြန်တော့လည်း အမေရိကန်တအားဆန်နေလို့ဆိုပြီး သီးသန့်ကွဲထွက်နေပြန်ပြီ …” လို့ သူမကိုယ်သူမ ပြန်ပြောခဲ့ပါသေးတယ်။

Free Ms. Marvel Comic

Photo Credit: Marvel Studios/ Disney Studios

Kamala တစ်ယောက် ကရာချိမြို့မှာ လျှောက်ပတ်ကြည့်နေရင်း လမ်းပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့တုန်း ဓာတ်ပုံဆရာတစ်ယောက်က သူမရဲ့ပုံကို ရိုက်ပြီး ဂျင်းထည့်ဖို့ ကြိုးစားခဲ့တဲ့ အခန်းမှာတော့ Ms. Marvel ကောမစ်ကို အခမဲ့ရယူနိုင်မယ့် QR Code တစ်ခု ပါဝင်နေပါတယ်။ ဒါဟာ ပရိသတ်တွေအနေနဲ့ Ms. Marvel #12 Comic ကို အခမဲ့ ဒေါင်းလုဒ် ရယူနိုင်မှာ ဖြစ်ပါတယ်။ MCU ဟာ ရှေ့က Moon Knight ဇာတ်လမ်းတွဲထဲမှာလည်း အလားတူပဲ QR code တွေ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့်ပဲ ရှေ့ဆက်လာမယ့် ဇာတ်လမ်းတွဲတွေမှာလည်း QR code နဲ့ ကောမစ်အခမဲ့ ရယူနိုင်ဖို့ကို ဆက်လက် ထည့်သွင်းသွားဦးမယ်လို့ ယူဆရပါတယ်။

Antman Easter Egg

Photo Credit: Marvel Studios/ Disney Studios

ကရာချိမြို့ကို ရောက်လာတဲ့ Kamala ဟာ တချို့အရာတွေကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူတွေကြားမှာ ရေပန်းစားနေတာကို သိခဲ့ရပါတယ်။ အဲဒါကတော့ ကရာချိမြို့ရဲ့ ဘူတာရုံ နံရံပေါ်က Ant-Man ပုံ နံရံဆေးပန်းချီပဲ ဖြစ်ပါတယ်။ Thanos နဲ့ Avengers တွေ အသေအကြေ တိုက်ပွဲဝင်ခဲ့ရတဲ့ နောက်ဆုံးတိုက်ပွဲအကြောင်းကို အသေးစိတ် တစ်ခုချင်းစီ podcast လွှင့်ပြီး ပြောပြနေတဲ့ Scott Lang ဟာ ပါကစ္စတန်မှာလည်း အတော်လေး လူသိများတဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာပုံ ရပါတယ်။

MCU ထဲက Red Dagger

Photo Credit: Marvel Studios/ Disney Studios

ဒီအပိုင်းထဲမှာတော့ Red Dagger ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးထားပါတယ်။ ကောမစ်ထဲမှာတော့ Red Dagger ဟာ ကရာချိမြို့မှာ မှုခင်းတွေကို နှိမ်နင်းပြီး တရားခံတွေကို ကိုယ်တိုင်တရားစီရင်နေသူတစ်ဦး ဖြစ်ပါတယ်။ Kamala ကတော့ ကရာချိမြို့ကို လာလည်ရင်း Red Dagger နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Kareem ဟာ ကျောင်းသားဖလှယ်တဲ့ အစီအစဉ်တစ်ခုမှာ ပါသွားပြီး နယူးဂျာစီမှာ ပညာတော်သင် တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ဖြစ်ချင်တော့ သူသွားရတဲ့ကျောင်းဟာ Kamala ရဲ့ကျောင်း ဖြစ်နေပြီး Kamala နဲ့ တစ်တန်းတည်း ဖြစ်နေပါတယ်။

MCU က မိတ်ဆက်ပေးလိုက်တဲ့ Red Dagger ကတော့ ကောမစ်ထဲကနဲ့ များစွာကွာခြားပါတယ်။ ဒါဟာ MCU က ဖော်ပြထားတဲ့ Ms. Marvel ရဲ့ origin ဇာတ်လမ်းနဲ့ လိုက်ဖက်အောင် ပြောင်းလဲလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ MCU ထဲက Kareem ကတော့ Clandestine တွေကို ရင်ဆိုင်ဖို့ တန်ပြန်လေ့ကျင့် ဖွဲ့စည်းထားတဲ့ အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယော‌က် ဖြစ်နေပါတယ်။ သူတို့အဖွဲ့ကတော့ Clandestine တွေဟာ ကမ္ဘာမြေကို ရန်ပြုမယ့်သူတွေအဖြစ် ယုံကြည်ထားတာ ဖြစ်ပါတယ်။

Kamala နဲ့ Kareem တို့ရဲ့ ဘူတာရုံက စတင်တွေ့ဆုံမှုကတော့ Ms. Marvel #23 ကောမစ်ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဇာတ်ဝင်ခန်းထဲမှာ Kamala ပြောသွားတဲ့ “ငါက ကနေဒါနိုင်ငံသား မဟုတ်မှန်း နင်ဘယ်လိုသိလဲ …”ဆိုတာကတော့ တကယ့်ဘဝမှာ ကနေဒါနိုင်ငံသားဖြစ်တဲ့ မင်းသမီး Iman Vellani ကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။

MCU ရဲ့ multiverse ထဲမှာ Djinn တွေ ဘယ်လိုရှိနေလဲ

Photo Credit: Marvel Studios/ Disney Studios

MCU ရဲ့ phase 4 မှာတော့ multiverse က အဓိကအသက် ဖြစ်ပါတယ်။ သို့သော်လည်း Ms. Marvel ဇာတ်လမ်းတွဲထဲမှာတော့ multiverse ဆိုတာ မပါဝင်သေးဘဲ “dimension” သာ ပါဝင်နေပါတယ်။ Waleed ရဲ့ ပြောပြချက်အရဆိုရင် ကမ္ဘာမြေပေါ်မှာ လူတွေ မမြင်ရနိုင်တဲ့ dimension ပေါင်းများစွာ ရှိပြီး Noor dimension ဟာလည်း အဲဒီထဲကတစ်ခုလို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ယုံကြည်ချက်အရ လက်ကောက်ကို အသုံးပြုခြင်းဟာ ကမ္ဘာမြေနဲ့ Noor dimension ကို ပွတ်တိုက်မှု ဖြစ်စေနိုင်ပြီး နောက်ဆုံးမှာ ကမ္ဘာကိုတောင် ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါတင်မက Waleed ရဲ့ စကားအသွားအလာကို ကြည့်မယ်ဆိုရင် သူဟာ Clandestine တွေနဲ့ Aisha ကို အတူတူပဲလို့ ညွှန်းဆိုပြောသွားခြင်းမရှိတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ ယူဆနိုင်တာကတော့ Aisha ဟာ Noor dimension ထဲက တခြားမတူညီတဲ့ entity တစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်လည်း သူမရဲ့မြစ် တော်စပ်သူ Kamala မှာ ပုံမှန်မဟုတ်တဲ့ စွမ်းအားတွေ ရရှိထားတာ ဖြစ်နိုင်ပါတယ်။

ဒါကတော့ Ms. Marvel အပိုင်း(၄)ထဲက စိတ်ဝင်စားစရာ အချက်တချို့နဲ့ Easter egg တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ယခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular