HomeEntertainmentFilmMs. Marvel ဇာတ်လမ်းတွဲရဲ့ Plot နဲ့ပတ်သက်တဲ့ Fan Theory များ

Ms. Marvel ဇာတ်လမ်းတွဲရဲ့ Plot နဲ့ပတ်သက်တဲ့ Fan Theory များ

Ms. Marvel ဇာတ်လမ်းတွဲရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Kamala Khan ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို မြင်တွေ့ရမှာပါ။ သူမကတော့ စူပါဟီးရိုးတွေကို အားကျသူဖြစ်ပြီး အထူးသဖြင့် Captain Marvel ကို အလွန်လေးစားအားကျသူ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူမဟာ စွမ်းအားတွေ ရရှိသွားပြီး သူမ လေးစားအားကျရတဲ့ စူပါဟီးရိုးတွေလို ဖြစ်လာအောင် ကြိုးစားပါတော့တယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် ဇွန်လ(၈)ရက်နေ့မှာ ကြည့်ရှုရတော့မှာ ဖြစ်တာကြောင့် ဒီဇာတ်လမ်းတွဲရဲ့ Plot ကို ခန့်မှန်းထားတဲ့ Fan Theory တွေကို ဖော်ပြပေးချင်ပါတယ်။

Kamala Khan ဟာ ဘာကြောင့် Captain Marvel ကို အားကျနေရတာလဲ?

photo via screenrant

Kamala Khan ကတော့ Captain Marvel ကို အလွန်လေးစားအားကျသူ ဖြစ်တာကြောင့် စွမ်းအားတွေ ရရှိလာတဲ့ အချိန်မှာလည်း သူမရဲ့ စူပါဟီးရိုးအမည်ကို ကောမစ်ထဲက Captain Marvel ရဲ့ အမည်ဟောင်းဖြစ်တဲ့ Ms. Marvel ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မေးစရာ ရှိလာတာကတော့ Kamala Khan ဟာ ဘာကြောင့် Captain Marvel ကို အလွန်လေးစားနေရတာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ သီအိုရီတစ်ခုကတော့ Kamala ရဲ့ ငယ်ဘဝမှာ အန္တရာယ်တစ်ခုခုကို ကြုံတွေ့ခဲ့ရပြီး အဲဒီအချိန်မှာ Captain Marvel က လာရောက် ကယ်ဆယ်ခဲ့တာကြောင့် ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

Inhumans

photo via screenrant

ကောမစ်ထဲမှာတော့ Kamala ဟာ Inhuman တစ်ယောက် ဖြစ်ပြီး သူမရဲ့ စွမ်းအားတွေကို Terrigenesis လုပ်ငန်းစဉ်ကနေတဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း MCU ကတော့ Kamala ကို ပြောင်းလဲမှုတွေမျိူးစုံ ပြုလုပ်ပြီး ပြုပြင်ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ယခင်က ထွက်ရှိခဲ့တဲ့ ထွေလာနဲ့ ပိုစတာတွေအရ ဆိုရင်တော့ MCU ဗားရှင်းရဲ့ Kamala ဟာ စွမ်းအားတွေ ပိုင်ဆိုင်နေတာ မဟုတ်လောက်ဘဲ စက်ပစ္စည်းတစ်ခုခုရဲ့ အကူအညီကြောင့် စွမ်းအားတွေကို အသုံးပြုလို့ ရနေတာ ဖြစ်ဖို့များပါတယ်။

အကြောင်းကတော့ သူမရဲ့ လက်ကောက်ဝတ်မှာ စက်ပစ္စည်းတစ်ခု ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တချို့ကတော့ ဒီဇာတ်လမ်းတွဲဟာ MCU ထဲကို Inhuman တွေ ဝင်လာဖို့ လမ်းဖွင့်ပေးမယ်လို့ ယုံကြည်နေကြပြီး Inhuman တွေကို Reboot ပြုလုပ်သွားမယ်လို့လည်း ဆိုနေကြပါတယ်။

Kamala ရဲ့ လက်ပတ်

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီထွေလာထဲမှာတော့ Kamala ဟာ လက်ပတ်တစ်ခုကို ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပြီး ကောမစ်ထဲက Nega-Bands ၊ Quantum Bands တွေနဲ့ ဆင်တူနေပါတယ်။ ဒါကြောင့်ပဲ ဒီလက်ပတ်နဲ့ ပတ်သက်ပြီး သီအိုရီနှစ်ခု ထွက်ရှိလာပါတယ်။ ပထမတစ်ခုကတော့ Kree တွေရဲ့ စက်ပစ္စည်းတစ်ခုဖြစ်တဲ့ Nega-Bands ကြောင့် Kamala ဟာ စွမ်းအားတွေကို အသုံးပြုလို့ ရသွားမယ်လို့ ဆိုပါတယ်။ ဒုတိယတစ်ခုကတော့ Quantum Bands ဖြစ်တယ်လို့ ဆိုထားပါတယ်။ အကြောင်းကတော့ Quantum Bands ဟာ ဝတ်ဆင်ထားတဲ့သူ မြင်ယောင်လိုက်တဲ့ ဘယ်လိုပုံစံ၊ ဘယ်လိုအရာမဆို တည်ဆောက်နိုင်တဲ့ စွမ်းအား ရှိနေတာကြောင့် ဖြစ်ပါတယ်။

Kamala ရဲ့ လက်ပတ်နဲ့ Ten Rings

photo via screenrant

ပရိသတ်တချို့ကတော့ Kamala ရဲ့ လက်ပတ်ဟာ Ten Rings နဲ့ပတ်သက်မှု ရှိနေမယ်လို့ ယုံကြည်ကြပါတယ်။ Shang-Chi and the Legend of Ten Rings ရုပ်ရှင်ရဲ့ Credit Scene ထဲမှာတော့ Ten Rings ဟာ တစ်နေရာရာမှာ ရှိနေတဲ့ တစ်ယောက်ယောက်ကို အချက်ပြနေတယ်လို့ သိခဲ့ရပါတယ်။ ဒီအချက်ဟာ Ms. Marvel ဇာတ်လမ်းတွဲနဲ့ တိုက်ရိုက် မဆက်စပ်ပေမယ့်လည်း သီအိုရီတစ်ခုအရ ဆိုရင်တော့ Kamala ရဲ့ လက်ပတ်ဟာလည်း အလားတူပဲ တစ်ခုခုကို အချက်ပြနေတယ်လို့ ဆိုပါတယ်။ ဒီအချက်ကြောင့်ပဲ MCU ထဲမှာတော့ အလွန်စွမ်းအားကြီးတဲ့ နောက်ထပ်ဗီလိန်တစ်ယောက်ကို မြင်တွေ့ရဦးမှာ ဖြစ်တယ်လို့ ယူဆရပါတယ်။

Kamala ရဲ့ စွမ်းအားအစစ်

photo via screenrant

အပေါ်မှာ တောက်လျှောက်ဖော်ပြခဲ့သလိုပဲ Kamala ဟာ လက်ပတ်တစ်ခုကြောင့် စွမ်းအားတွေကို အသုံးပြုနိုင်တဲ့ ပုံစံအဖြစ် ပြသထားပေမယ့်လည်း သီအိုရီတစ်ခုအရ ဆိုရင်တော့ အဲဒီလက်ပတ်ဟာ သူမရဲ့ရှိပြီးသား တိမ်မြုပ်နေတဲ့ စွမ်းအားကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးရုံ သက်သက်ပဲလို့ ဆိုပါတယ်။ ဒါ့အပြင် အစမှာတော့ သူမရဲ့စွမ်းအားတွေဟာ Captain Marvel နဲ့ အနည်းငယ် ဆင်တူနေပေမယ့်လည်း နောက်ပိုင်းမှာတော့ သူမဟာ ကောမစ်ထဲက သူမရဲ့ စွမ်းအားအစစ်ကို အသုံးပြုပြီး Captain Marvel ကို အတုယူနေမှာ မဟုတ်တော့တာကို မြင်တွေ့ရမယ်လို့လည်း ဆိုပါတယ်။

ဒါကတော့ မကြာခင် ကြည့်ရှုရတော့မယ့် Ms. Marvel ဇာတ်လမ်းတွဲမှာ မြင်တွေ့ရနိုင်တဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို ခန့်မှန်းထားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ခန့်မှန်းမိတဲ့ အလားတူ plot တွေ ရှိရင်လည်း ကောမန့်မှာ ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular