HomeEntertainmentFilmအသစ်ထွက်ရှိလာဖို့ စီစဉ်ထားတဲ့ DC ဇာတ်လမ်းတွဲ (၁၈)ခု

အသစ်ထွက်ရှိလာဖို့ စီစဉ်ထားတဲ့ DC ဇာတ်လမ်းတွဲ (၁၈)ခု

ယခုအချိန်မှာတော့ The Batman ရုပ်ရှင်ဟာ ရုံတင်နေပြီ ဖြစ်ပြီး Rating ကောင်းတွေလည်း ရရှိနေပါတယ်။ ဒါ့အပြင် DC ဟာ နောက်ထပ် ဇာတ်လမ်းတွဲတွေ များစွာကိုလည်း HBO Max ၊ CW နဲ့ Cartoon Network တို့လို ရုပ်သံလိုင်းတွေကနေ ပြသသွားဖို့ စီစဉ်ထားပါသေးတယ်။ ဒီတစ်ခါမှာတော့ ထွက်ရှိလာဖို့အတွက် အတည်ပြုပြီးသား ဖြစ်တဲ့ DC ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Gotham Knights

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ CW ရုပ်သံလိုင်းက ပြသသွားမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး Arrowverse ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ Batman ဟာ အသတ်ခံလိုက်ရပြီး နောက်မှာတော့ သူ့ရဲ့ တော်လှန် ပုန်ကန်တတ်တဲ့ မွေးစားသားဟာ အဖွဲ့တစ်ခုကို ဦးဆောင်ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းကိုတော့ ယခုနှစ် ဧပြီလမှာ ပြသသွားမယ်လို့ သိရပါတယ်။

(2) My Adventures With Superman

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Cartoon Network နဲ့ HBO Max တို့ ပူးပေါင်းဖန်တီးသွားမယ့် Animation ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Clark Kent ၊ Lois Lane နဲ့ Jimmy Olsen တို့ကို အသက်(၂၀)ကျော် အရွယ်လောက်နဲ့ မြင်တွေ့ရမှာပါ။ ဒါကြောင့် Clark ဟာ လိမ္မာပါးနပ်တဲ့ သတင်းထောက်တစ်ယောက် ဖြစ်လာအောင် သင်ယူနေရင်းနဲ့ Metropolis မြို့ရဲ့ စူပါဟီးရိုး ဖြစ်လာအောင် ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

(3) Untitled Suicide Squad Spin-Off

photo via screenrant

Peacemaker ဇာတ်လမ်းတွဲ ထွက်ရှိနေတဲ့ အချိန်တည်းက ဒါရိုက်တာ James Gunn ဟာ နောက်ထပ် Suicide Squad Spin-Off ဇာတ်လမ်းတွဲတစ်ခုကို ဖန်တီးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုထက်ထိတော့ ဘယ်ဇာတ်ကောင်ရဲ့ Spin-Off ဖြစ်မယ်ဆိုတာ မသိရသေးသလို ဘယ်အချိန်မှာ ထွက်ရှိလာမယ် ဆိုတာလည်း မသိရသေးပါဘူး။

(4) Green Lantern

photo via screenrant

၂၀၁၁ ခုနှစ်တုန်းကတော့ Ryan Reynolds သရုပ်ဆောင်ထားတဲ့ Green Lantern ရုပ်ရှင် ထွက်ရှိခဲ့ပြီး အခုဆိုရင်တော့ HBO Max ကနေ ပြသသွားမယ့် Live Action Green Lantern ဇာတ်လမ်းတွဲလည်း ထွက်လာဖို့ ရှိပါသေးတယ်။ လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်းနဲ့ ပါဝင်လာမယ့် ဗီလိန်တွေကို မကြေညာသေးပါဘူး။

ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမယ်လို့ အတည်ပြုထားတဲ့ Green Lantern အဖွဲ့ဝင်တွေကတော့ Alan Scott ၊ Guy Gardner ၊ Simon Baz နဲ့ Jessica Cruz တို့ပဲ ဖြစ်ပြီး Hal Jordan တော့ မပါဝင်သေးပါဘူး။ သရုပ်ဆောင် Jeremy Irvine ကတော့ Alan Scott ဇာတ်ကောင်နေရာက ပါဝင်လာမှာ ဖြစ်ပြီး သရုပ်ဆောင် Finn Wattrock ကတော့ Guy Gardner အနေနဲ့ ပါဝင်လာမယ်လို့ သိရပါတယ်။

(5) Strange Adventures

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Strange Adventures ကောမစ်စီးရီးကို အခြေခံပြီး ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အာကာသထဲမှာ ခရီးသွားနေတဲ့ Adam Strange ဆိုတဲ့ စူပါဟီးရိုးအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ကျွန်တော်တို့ ပုံမှန်ကြည့်ရှုနေကျ စူပါဟီးရိုး ဇာတ်လမ်းမျိူးထက် စိတ်ကူးယဉ် သိပ္ပံဆန်ဆန် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဇာတ်လမ်းတွဲကို ဖန်တီးဖို့ ပြင်ဆင်နေဆဲ ဖြစ်တာကြောင့် ထွက်ရှိလာမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

(6) Justice League Dark

photo via screenrant

၂၀၂၀ ခုနှစ်တုန်းကတော့ HBO Max မှာ ပြသသွားမယ့် Justice League Dark Live Action ဇာတ်လမ်းတွဲကို ဖန်တီးသွားမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ Justice League Dark နဲ့ ပတ်သက်ပြီး ကြီးမားကျယ်ပြန့်တဲ့ Universe အဖြစ် ဖန်တီးသွားမယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်အထိတော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကြောင်းအရာနဲ့ ဘယ်ဇာတ်ကောင်တွေ ပါဝင်လာမယ်ဆိုတဲ့ အချက်တွေကိုတောင် မသိရသေးပါဘူး။

(7) Constantine

photo via screenrant

Justice League Dark ဇာတ်လမ်းတွဲထဲမှာ ဘယ်သူတွေ ပါဝင်လာမယ်ဆိုတာ မကြေညာသေးပေမယ့်လည်း JLD ရဲ့ နာမည်ကြီး အဖွဲ့ဝင်ဖြစ်တဲ့ John Constantine ကိုတော့ Live Action အဖြစ် ဇာတ်လမ်းတွဲ ဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။ Arrowverse ထဲမှာတော့ Constantine အဖြစ် Matt Ryan က သရုပ်ဆောင်ထားပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ သရုပ်ဆောင် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲကိုတော့ Horror ဆန်ဆန် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

(8) Madame X

photo via screenrant

Madame Xanadu ကလည်း ကောမစ်ထဲက Justice League Dark အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး သူမရဲ့ ဆိုလိုဇာတ်လမ်းတွဲလည်း ထွက်ရှိလာဦးမှာပါ။ Madame X ကတော့ အနာဂတ်ကို ကြိုတင်သိမြင်နိုင်တဲ့ စွမ်းအားရှိတဲ့ မသေမျိူးတစ်ယောက် ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီဇာတ်ကောင်နေရာမှာ ဘယ်သူက သရုပ်ဆောင်သွားမယ်ဆိုတာနဲ့ ဘယ်အချိန်မှာ ထွက်ရှိလာမလည်းဆိုတာ မသိရသေးပါဘူး။

(9) Val-Zod

photo via screenrant

Val-Zod ဟာ Kal-El လိုမျိူး Kryptonian တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ဂြိုဟ် ပျက်စီးသွားတဲ့အချိန်မှာ ကမ္ဘာပေါ်ကို လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ Earth-Prime မှာ တည်ရှိနေတာ မဟုတ်ဘဲ Earth-2 မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ နာမည်ကြီးသရုပ်ဆောင် ဖြစ်တဲ့ Michael B. Jordan က ပါဝင်လာမှာ ဖြစ်ပြီး လူမည်း Superman ကို ပထမဆုံးအကြိမ် Live Action အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(10) Batwheels

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ HBO Max မှာ ပြသသွားမယ့် Animation ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး Pixar ရဲ့ Cars ဇာတ်လမ်းလိုမျိူး ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Batmobile လိုမျိူး ယာဉ်တွေဟာ ဒီဇာတ်လမ်းတွဲထဲက  ဇာတ်ကောင် ဖြစ်နေပြီး ဂေါ်သမ်မြို့မှာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ကြပုံကို မြင်တွေ့ရမှာပါ။ ပါဝင်လာမယ့် ဇာတ်ကောင်တွေကတော့ Bam (Batmobile) ၊ Bibi (The Batgirl Cycle) ၊ Red (The Redbird) ၊ Jett (The Batwing) နဲ့ Buff (The Bat Truck) တို့ပဲ ဖြစ်ပါတယ်။

(11) Teen Titan Go! The Light Begins To Shine

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Cartoon Network က ဖန်တီးသွားမယ့် Animation ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Robin ၊ Cyborg ၊ Beast Boy ၊ Raven နဲ့ Starfire တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သူတို့တွေဟာ Musical World တစ်ခုကို ကယ်တင်ဖို့အတွက် Mixtape တစ်ခုကို ကာကွယ်ရတဲ့အကြောင်း မြင်တွေ့ရမှာပါ။ ဘယ်အချိန်မှာ ထွက်ရှိလာမလည်း ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

(12) Batman: Caped Crusader

photo via screenrant

Cartoon Network နဲ့ HBO Max တို့မှာ Batman Animation ဇာတ်လမ်းတွဲအသစ်တစ်ခု ဖန်တီးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Batman Animation ဇာတ်လမ်းတွဲဟာ ၁၉၉၀ ကျော်လောက်တုန်းကလည်း ထွက်ရှိခဲ့ဖူးပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အသစ်ဖန်တီးသွားမယ့် Batman: Caped Crusader ကတော့ Animation နည်းပညာသစ်တွေကို အသုံးပြုသွားမှာ ဖြစ်ပြီး Batman ပရိသတ်တွေ ယခင်က မမြင်ဖူးသေးတဲ့ ပုံစံမျိူး ဖန်တီးသွားမယ်လို့ သိရပါတယ်။

(13) Dead Boy Detectives

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ ကလေးနှစ်ယောက်ရဲ့ ဝိဉာဉ်တွေဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ပဟေဠိဆန်တဲ့ ပြဿနာတွေကို စုံစမ်းဖို့အတွက် ကမ္ဘာပေါ်မှာ ကျန်ရှိနေကြတဲ့ အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲကတော့ Doom Patrol နဲ့ အနည်းငယ် ချိတ်ဆက်မှုတွေ ရှိနေနိုင်ပြီး George Rexstrew နဲ့ Kassius Nelson တို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

(14) Gotham PD

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ DCEU နဲ့ရော Fox က ထုတ်လွှင့်ခဲ့တဲ့ Gotham ဇာတ်လမ်းတွဲနဲ့ရော ဆက်စပ်မှု မရှိပါဘူး။ လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲဟာ untitled ဖြစ်နေပြီး Robert Pattinson ရဲ့ Batman ရုပ်ရှင်နဲ့ universe တစ်ခုတည်းမှာ တည်ရှိနေပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ Batman က သူ့ရဲ့နည်းလမ်းနဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းနေတဲ့အချိန်မှာ ရဲမှူး Jim Gordon ကလည်း သူ့နည်းသူ့ဟန်နဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းတဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(15) The Penguin

photo via screenrant

The Batman ရုပ်ရှင်ရဲ့ Spin-Off ဇာတ်လမ်းတွဲကတော့ Gotham PD တစ်ခုတည်း မဟုတ်ဘဲ ဗီလိန်အဖြစ် ပါဝင်ထားတဲ့ Penguin ရဲ့ ဆိုလိုဇာတ်လမ်းတွဲလည်း ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Penguin ဟာ Gotham မြို့မှာ စွမ်းအားကြီးမားတဲ့ ရာဇဝတ်ခေါင်းဆောင်တစ်ယောက် ဘယ်လိုဖြစ်လာလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာ The Batman ရဲ့ Prequel Spin-Off ပဲ ဖြစ်ပါတယ်။

(16) DC Superhero High

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ ပါရမီထူးတဲ့ လူငယ်တွေ တက်ရောက်ရတဲ့ ကျောင်းတစ်ခုအကြောင်းကို မြင်တွေ့ရမှာပါ။ အဲ့ဒီကျောင်းမှာတော့ လူငယ်တစ်စုဟာ အနာဂတ်မှာ သူတို့က နာမည်ကြီး စူပါဟီးရိုးတွေ ဖြစ်လာမယ်လို့ မသိဘဲ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းနေကြတာကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုလည်း Live Action အဖြစ် ဖန်တီးသွားမှာ ဖြစ်ပြီး ဟာသဇာတ်လမ်းတွဲပုံစံမျိူး ဖန်တီးသွားမယ်လို့ သိရပါတယ်။

(17) Justice U

photo via screenrant

CW ရုပ်သံလိုင်းရဲ့ Arrowverse ကတော့ တဖြည်းဖြည်းနဲ့ ကြီးမားလာတဲ့ Franchise တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ARGUS ရဲ့ ရာထူးကြီးအရာရှိ ငါးယောက်ဟာ လူငယ် Metahuman ငါးယောက်ကို လေ့ကျင့်ပေးကာ အသွင်ယူစစ်ဆင်ရေးတွေ ပြုလုပ်ခိုင်းတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(18) Arkham Asylum Spin-Off

photo via screenrant

မကြာသေးခင်ကတော့ The Batman ရုပ်ရှင် ဒါရိုက်တာ Matt Reeves ဟာ နောက်ထပ် Spin-Off တစ်ခုအကြောင်းကို ပြောပြခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကတော့ Arkham Asylum နဲ့ ပတ်သက်နေမယ်လို့ သိရပါတယ်။ Arkham Asylum ကလည်း Batman ရဲ့ ဗီလိန်တွေများစွာ ရှိနေတဲ့နေရာ ဖြစ်သလို ဒီနေရာဟာ DC ကောမစ်ထဲက အဓိကကျတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကတော့ The Batman အပြီး DC က ထပ်မံထွက်ရှိလာဖို့ အတည်ပြုထားတဲ့ ဇာတ်လမ်းတွဲ(၁၈)ခုပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ဇာတ်လမ်းအကြောင်းအရာတွေ များစွာပါဝင်နေတာမို့ ရုပ်ရှင်ချစ်သူတွေအတွက် ရင်ခုန်မျှော်လင့်စရာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular