HomeCelebs Update NewsInternationalဟောလိဝုဒ်ကအနားယူပြီး လယ်တောလေးမှာ ပျော်မွေ့နေတဲ့ Twilight သရုပ်ဆောင် Nikki Reed

ဟောလိဝုဒ်ကအနားယူပြီး လယ်တောလေးမှာ ပျော်မွေ့နေတဲ့ Twilight သရုပ်ဆောင် Nikki Reed

The Twilight သရုပ်ဆောင် Nikki Reed ဟာ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် Ian Somerhalder နဲ့အတူ မွန်းကြပ်တဲ့ မြို့ပြလူနေမှုဘဝကနေ ရိုးရှင်းတဲ့ လယ်တောဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဟောလိဝုဒ်ကနေ အနားယူပြီး စိုက်ပျိုးမွေးမြူရေး အလုပ်တွေကိုသာ လုပ်ကိုင်နေတဲ့ သူမဟာ တကယ်တော့ သူမရဲ့လေးနှစ်အရွယ် သမီးလေးအတွက် အတတ်နိုင်ဆုံး ရိုးရှင်းမယ့် သာမန်ဘဝလေးကို ပေးစွမ်းနိုင်ဖို့ အခုလို ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Nikki Reed ဟာ The Twilight ရုပ်ရှင်တွေထဲမှာတော့ Rosalie Hale ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်လည်း အတိုင်းအတာတစ်ခုထိ ရရှိထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သို့သော်လည်း သူမဟာ လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ပြီး လယ်တောထဲမှာပဲ သာယာပျော်မွေ့နေပါတယ်။

Photo: nikkireed/ Instagram

သူမဟာ မွေးတည်းက လူတွေကြပ်၊ ကားတွေကြပ်တဲ့ မြို့ပြဘဝမှာ ကြီးပြင်းလာခဲ့တာကြောင့် သဘာဝရဲ့ အငွေ့အသက်ကို မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။ သို့သော်လည်း မိခင်ဖြစ်သူကတော့ သူမကို အကောင်းဆုံး နွေးထွေးကြင်နာမှုတွေ ပေးခဲ့ပြီး ကြိုက်တဲ့တိရစ္ဆာန်အကောင်လေးတွေကို အိမ်ကိုခေါ်လာတိုင်း မငြိုမငြင် လက်ခံပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ “ကျွန်မ ကြွက်တွေ ခေါ်လာတယ်။ raccoon လေးတွေ ခေါ်လာတယ်။ တွေ့သမျှဟာအားလုံး အိမ်ကိုခေါ်လာတာပဲ …” လို့ Nikki က ဆိုပါတယ်။

Nikki Reed ဟာ တကယ်တော့ အသက်(၁၅)နှစ်အရွယ်တည်းက ဟောလိဝုဒ် ရုပ်ရှင်လောကမှာ နာမည်စရလာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Thirteen မှာ ပါဝင်ခဲ့ပြီး စတင်လူသိလာခဲ့သလို နောက်ထပ် ရုပ်ရှင်ကားပေါင်းများစွာမှာလည်း ပါဝင်ထားသူ ဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ The Twilight ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ သို့သော်လည်း The Vampire Dairies သရုပ်ဆောင် Ian Somerhalder နဲ့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးလေး Bodhi ကို ၂၀၁၇ ခုနှစ်မှာ မွေးဖွားပြီးနောက်မှာတော့ သဘာဝတရားနဲ့ အနီးကပ်ဆုံး နေထိုင်ဖို့ ဆုံးဖြတ်ပြီး လယ်တောလေးနဲ့ နေထိုင်ဖို့ ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

Photo: iansomerhalder/ Instagram

“ဒါက ကျွန်မအတွက် အလှည့်အပြောင်းပါပဲ။ ကျွန်မကလေးကို တတ်နိုင်သမျှ အရိုးရှင်းဆုံး သာမန်ဘဝတစ်ခုကို ပေးနိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မြို့ပြနဲ့ဝေးကွာတဲ့ ကျေးလက်တစ်နေရာမှာ ဆိတ်တွေ၊ နွားတွေ၊ မြင်းတွေ၊ ခွေးတွေ မွေးပြီး လာဗင်ဒါပန်းလေးတွေ၊ ရို့စ်မေရီပင်လေးတွေ၊ သခွားသီးတွေ၊ ငရုတ်သီးတွေ စိုက်ပျိုးဖို့ပါပဲ …”

“မြို့ထဲက ပြောင်းလာရတာ စိတ်ထဲမှာ တကယ် ပေါ့ပါးသွားတာပဲ။ လူတစ်ယောက်က ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါး နေထိုင်ချင်တယ်ဆိုရင် သဘာဝနဲ့ အနီးစပ်ဆုံး နေထိုင်တာက အဖြေပဲလို့ ကျွန်မတော့ အကြံပေးချင်ပါတယ်။ ကျွန်မရဲ့ အပျော်ရွှင်ရဆုံး တစ်ခုကတော့ သမီးလေးက သူ့ဖိနပ်တွေ ပေရေသွားအောင် ရွှံ့တောထဲမှာ ပြေးလွှား ဆော့ကစားနေတာကို ကြည့်နေရတာပါပဲ၊ အခုဆိုရင် သူက အပင်စိုက်တာပါ သင်နေပြီလေ။ သူ့လက်ကလေးတွေမှာ ရွှံ့တွေ၊ သဲတွေ ပေနေပြီပေါ့ … ”

Photo: nikkireed/ Instagram

“သဘာဝတရားက အကောင်းဆုံးသော ဖြေဆေးပါပဲ။ တကယ်နေကြည့်ပါ။ တောင်တွေ တက်ကြည့်။ ဖုန်းက အပြာရောင် အလင်းတန်းတွေအစား စိမ်းလန်းတဲ့ သစ်ပင်တွေကို ကြည့်လိုက်။ ကျွန်မတို့အားလုံးရဲ့ စိတ်တွေဟာ အဲဒီလိုဆေးကောင်းလေးတစ်ခွက် လိုအပ်နေတာပါ …” လို့ Nikki က ဆိုပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular