HomeEntertainmentFilmSpider-Man: No Way Home ဒုတိယထွေလာထဲက စိတ်ဝင်စားစရာ အချက်များ

Spider-Man: No Way Home ဒုတိယထွေလာထဲက စိတ်ဝင်စားစရာ အချက်များ

Spider-Man: No Way Home ဒုတိယထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပြီး အခုချိန်မှာတော့ ပရိသတ်တွေအားလုံးနီးပါး ကြည့်ရှုပြီးကြပြီလို့ ထင်ပါတယ်။ ဒီထွေလာထဲမှာတော့ အံ့ဩစရာတွေများစွာ မြင်တွေ့ခဲ့ရပြီး Tobey Maguire ရဲ့ Spider-Man ရုပ်ရှင်ထဲက Doc Ock ၊ Green Goblin နဲ့ Sandman တို့ကို မြင်တွေ့ခဲ့ပါတယ်။ ဒါ့အပြင် Andrew Garfield ရဲ့ Spider-Man ရုပ်ရှင်ထဲက Electro နဲ့ Lizard တို့ကိုလည်း မြင်တွေ့ခဲ့ရသလို ဒီတစ်ခါမှာတော့ Electro ကို သေချာမြင်တွေ့ခဲ့ရပြီး သူ့ရဲ့ပုံစံကတော့ ကောမစ်ထဲက ဒီဇိုင်းနဲ့ အတော်လေး ဆင်တူနေပါတယ်။

(1) Sinister Six ရဲ့ နောက်ဆုံးအဖွဲ့ဝင်
photo via screenrant

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဗီလိန်တွေဟာ အပေါ်မှာဖော်ပြထားသလို ငါးယောက်ပဲ ရှိသေးပြီး Sinister Six ဖြစ်လာဖို့ တစ်ယောက် လိုအပ်နေပါတယ်။ အဲ့ဒီတစ်ယောက်ကိုတော့ ဒီထွေလာထဲမှာ မမြင်တွေ့ခဲ့ရပါဘူး။ Sinister Six ရဲ့ နောက်ဆုံးအဖွဲ့ဝင်တစ်ယောက်နေရာမှာ ဖြစ်နိုင်ချေ ရှိတာကတော့ နှစ်ယောက် ရှိနေပါတယ်။ ပထမတစ်ယောက်ကတော့ Mysterio ဖြစ်နေနိုင်ပါတယ်။ Doctor Strange ရဲ့ ပြောစကားအရ ဆိုရင်တော့ အခုလိုရောက်လာတဲ့ ဗီလိန်တွေဟာ သူတို့တွေရဲ့ Universe တွေမှာ Spider-Man ကြောင့် သေဆုံးခဲ့တဲ့ ဗီလိန်တွေပါလို့ ပြောခဲ့တာကြောင့် Mysterio ဟာလည်း ဒီရုပ်ရှင်ထဲမှာ မပါဝင်လာနိုင်ပါဘူးလို့ သေချာပေါက် မပြောနိုင်ပါဘူး။

ဒုတိယတစ်ယောက်ကတော့ Tom Hardy ရဲ့ Venom ပဲ ဖြစ်ပြီး Venom: Let There Be Carnage ရဲ့ Post-Credit Scene ထဲမှာ Multiverse ပွင့်သွားသလိုမျိူး ပြသသွားခဲ့ပါတယ်။ ဒါ့အပြင် Tom Hardy ကိုယ်တိုင်ကလည်း Tom Holland ရဲ့ Spider-Man နဲ့ ရုပ်ရှင်အတူ ရိုက်ကူးချင်ပါတယ်လို့ ပြောခဲ့ဖူးတာကြောင့် Sinister Six ရဲ့ နောက်ဆုံးအဖွဲ့ဝင်ဟာ Tom Hardy ရဲ့ Venom လည်း ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် အခုထွက်လာတဲ့ ထွေလာဟာ ဒုတိယမြောက် ထွေလာပဲ ရှိသေးပြီး နောက်ဆုံးထွေလာ မဟုတ်သေးတာကြောင့် နောက်ထပ်ထွေလာ တစ်ခုကို ထပ်မံမြင်တွေ့ရဦးမှာပါ။

(2) Harry Osborn ရဲ့ Green Goblin လည်း ပါဝင်နေနိုင်ပါတယ်။
photo via screenrant

နောက်ထပ်စိတ်ဝင်စားစရာ တစ်ချက်ကတော့ Green Goblin နဲ့ ပတ်သက်နေတာ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Green Goblin ရဲ့ ဇာတ်ဝင်ခန်းအများစုကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီဇာတ်ဝင်ခန်းတွေထဲမှာတော့ Green Goblin ကို Tobey Maguire ရဲ့ Spider-Man ရုပ်ရှင်ထဲက Willem Dafoe ရဲ့ ဒီဇိုင်းပုံစံမျိူးပဲ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီထွေလာထဲက တစ်နေရာမှာတော့ ပရိသတ်တွေကို အနည်းငယ် ဝေခွဲမရ ဖြစ်သွားစေတဲ့ ဇာတ်ဝင်ခန်းတစ်ခု ပါဝင်ခဲ့ပါတယ်။

အဲ့ဒီဇာတ်ဝင်ခန်းကတော့ ဒီထွေလာရဲ့ နှစ်မိနစ်နဲ့ ဆယ်စက္ကန့်နားမှာ ပါရှိပြီး မျက်နှာဖုံးမစွပ်ထားတဲ့ Green Goblin ကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီ Green Goblin ရဲ့ ပုံစံကတော့ Harry Osborn ရဲ့ Live Action ဒီဇိုင်းနဲ့ အတော်လေး ဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ No Way Home ထဲမှာ Green Goblin နှစ်ယောက် ပါဝင်နေမှာလား ဒါမှမဟုတ် Willem Dafoe ကပဲ မတူညီတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(3) Lizard နဲ့ Electro တို့ ဘာလုပ်နေကြတာလဲ?
photo via screenrant

ဒီထွေလာ ပြီးဆုံးခါနီးအချိန်မှာတော့ Tom Holland ရဲ့ Spider-Man ဟာ ဗီလိန်တွေနဲ့ တိုက်ခိုက်နေတဲ့ ဇာတ်ဝင်ခန်းကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Lizard နဲ့ Electro ဟာလည်း Sandman လိုပဲ အရှေ့ကို ခုန်ထွက်လာပေမယ့် သူတို့အရှေ့မှာ ဘာမှရှိမနေပါဘူး။ Marvel စတူဒီယိုဟာ ထွေလာတွေမှာဆိုရင် ပရိသတ်တွေကို ဂျင်းထည့်နေကျ ဖြစ်ပြီး အဲ့ဒီလိုအကွက်တွေကို Infinity War နဲ့ Endgame တို့မှာ ခံရပြီးပြီ ဖြစ်ပါတယ်။ ဒါကိုလည်း ပရိသတ်တွေအားလုံးက သိနေကျတာကြောင့် Lizard နဲ့ Electro ဟာ ဘယ်ကို ခုန်နေတာလည်း ဆိုပြီး မေးစရာ ရှိလာပါတော့တယ်။

ဖြစ်နိုင်ချေအရှိဆုံးကတော့ Lizard နဲ့ Electro ဟာ Andrew Garfield သို့မဟုတ် Tobey Maguire ဆီကို တိုက်ခိုက်ဖို့ ခုန်ထွက်လာတယ်ဆိုတာပဲ ဖြစ်ပါတယ်။ Marvel ကတော့ ထုံးစံအတိုင်းပဲ အဲ့ဒီဇာတ်ဝင်ခန်းမှာ Tom Holland ရဲ့ Spider-Man ကိုပဲ ပြသခဲ့ပြီး တစ်ခြား Spider-Man တွေကို Edit လုပ်ကာ ဖျောက်ထားတယ်လို့ ပရိသတ်တွေအများအပြားက ယူဆနေပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေ တစ်ခုကတော့ ဒီဇာတ်ဝင်ခန်းတစ်ခုလုံးက အတုကြီး ဖြစ်နေနိုင်ပါတယ်။ Infinity War ရဲ့ ထွေလာထဲမှာဆိုရင် အခုလိုမျိူး ပရိသတ်တွေ Hype စေမယ့် ဇာတ်ဝင်ခန်းတစ်ခု ထည့်သွင်းထားပြီး ရုပ်ရှင်ထွက်လာတဲ့အချိန်မှာ အဲ့ဒီဇာတ်ဝင်ခန်းဟာ လုံးဝမပါဝင်ခဲ့ပါဘူး။

(4) Tobey နဲ့ Andrew ရော တကယ်ပါမှာလား?
photo via screenrant

နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်ကတော့ ပရိသတ်တွေ အားလုံးသိချင်နေကြတဲ့ Spider-Man သုံးယောက် ပါဝင်လာမှာလား ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ကိုယ်ပိုင်ယူဆချက်အရ ဆိုရင်တော့ Marvel နဲ့ Sony ဟာ ဒီထွေလာထဲမှာ Spider-Man သုံးယောက်ကို မပြသခဲ့ပေမယ့်လည်း သူတို့သုံးယောက်လုံး ပါဝင်တယ် ဆိုတာကို အတည်ပြုသွားပါပြီ။ ထွေလာရဲ့ အစပိုင်း ဇာတ်ဝင်ခန်းမှာ ဆိုရင်တော့ Doc Ock ဟာ Tom Holland ရဲ့ Spider-Man ကို ဖမ်းမိခဲ့ပြီး မျက်နှာဖုံးကို ချွတ်လိုက်တဲ့အချိန်မှာတော့ “မင်းက Peter မဟုတ်ဘူး” ဆိုပြီးတော့ ပြောသွားခဲ့ပါတယ်။ Doc Ock ပြောတဲ့ “Peter” ဆိုတာ ဘယ်သူ့ကို ဆိုလိုလည်း ဆိုတာ ကျွန်တော်တို့ အကုန်သိပြီးသားပဲ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ထင်မြင်ချက်အရ ဆိုရင်တော့ Tobey Maguire နဲ့ Andrew Garfield တို့ဟာ ဇာတ်လမ်းရဲ့ Climax အချိန်မှာမှ ပါဝင်လာမယ်လို့ ယူဆထားပါတယ်။ ဒီထွေလာထဲက နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခုမှာဆိုရင်လည်း Spider-Man: Into the Spider-Verse ထဲကလို Reality တွေ ပူးပေါင်းသွားတယ်လို့ ယူဆရတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပြီး Doctor Strange ကလည်း အဲ့ဒါကို မတားနိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အပေါ်မှာ ဖော်ပြထားသလိုပဲ Sandman ၊ Electro နဲ့ Lizard တို့ရဲ့ ဇာတ်ဝင်ခန်းမှာပဲ Tobey နဲ့ Maguire တို့ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့်ပဲ Tobey နဲ့ Andrew တို့ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ် ဆိုတာ ရာခိုင်နှိုန်းအတော်များနေပါပြီ။

(5) Tom Holland ရဲ့ Spider-Man က MJ ကို ကယ်တင်နိုင်မှာလား?
photo via screenrant

နောက်ဆုံးတစ်ချက်ကတော့ ပရိသတ်တွေ အားလုံးကို အသည်းကွဲစေခဲ့တဲ့ Amazing Spider-Man ထဲက Gwen သေဆုံးသွားတဲ့ ဇာတ်ဝင်ခန်းနဲ့ အတော်လေး ဆင်တူတဲ့ ဖြစ်ရပ်ကို Tom Holland နဲ့ Zendaya တို့က ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ မေးစရာရှိလာတာကတော့ Tom Holland ရဲ့ Spider-Man က Zendaya ရဲ့ MJ ကို ကယ်တင်နိုင်မှာလား ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာပဲ Zendaya ပြုတ်ကျသွားတဲ့အချိန်မှာ Ned ကလည်း ပြုတ်ကျတော့မလို ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Tom Holland ဟာ Zendaya ကို ကယ်တင်နိုင်ခဲ့ပေမယ့် Ned ကို မကယ်တင်နိုင်ခဲ့တာမျိူးလည်း မြင်တွေ့ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Spider-Man: No Way Home ကတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက် စိတ်အလှုပ်ရှားရဆုံးနဲ့ Hype အဖြစ်ရဆုံး ရုပ်ရှင် တစ်ကား ဖြစ်လာပါပြီ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular