HomeCharacterPeacemaker ရဲ့ ကောမစ်နဲ့ ဇာတ်လမ်းတွဲထဲက Origin ရဲ့ ကွာခြားချက်များ

Peacemaker ရဲ့ ကောမစ်နဲ့ ဇာတ်လမ်းတွဲထဲက Origin ရဲ့ ကွာခြားချက်များ

ယခုဆိုရင်တော့ Peacemaker ဇာတ်လမ်းတွဲဟာ အပိုင်းလေးပိုင်း ထွက်ရှိထားပြီ ဖြစ်ပြီး လာမယ့် ကြာသပတေးနေ့မှာ အပိုင်း(၅) ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ကောမစ်ထဲကဇာတ်ကောင်တွေကို Live Action အဖြစ် ပြန်လည်အသက်သွင်းတဲ့အချိန်မှာတော့ များသောအားဖြင့် အဲ့ဒီဇာတ်ကောင်နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ Peacemaker ဟာ ဇာတ်လမ်းတွဲနဲ့ ကောမစ်ထဲက Origin တို့ရဲ့ ကွာခြားချက်တို့ကို ဖော်ပြပေးချင်ပါတယ်။

ကောမစ်ထဲက Origin
photo via screenrant

Peacemaker ဟာ ၁၉၆၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Charlton ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်လောက်မှာမှ DC ကောမစ်ဟာ ဒီဇာတ်ကောင်ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ နာမည်အရင်းကတော့ Christopher Smith ဖြစ်ပြီး ဩစတေးလျ နိုင်ငံသားတစ်ယောက်ရဲ့ သား ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ဖခင်ဟာ နာဇီဖြစ်နေတာကို သိလိုက်ရပြီး တစ်ရက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားပါတယ်။ Christopher ကလည်း သူ့အဖေ သတ်သေသွားတာကို မြင်တွေ့လိုက်ရပြီး စိတ်ဒဏ်ရာရသွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထင်ယောင်ထင်မှားတွေ မြင်ယောင်တတ်တဲ့ စိတ်ရောဂါတစ်ခုပါ ရသွားပါတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ Christopher ဟာ စစ်တပ်ထဲ ဝင်ရောက်ခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့စိတ်ရောဂါကြောင့် သေဆုံးသွားပြီ ဖြစ်တဲ့ ဖခင်ဖြစ်သူကို သူ့မျက်စိထဲမှာ အမြဲလိုလို မြင်နေရပါတယ်။ အဲဒီနောက် သူ မြင်ယောင်နေတဲ့ ဖခင်လုပ်သူရဲ့ စေခိုင်းမှုကြောင့် အပြစ်မဲ့ရွာသားတွေ နေထိုင်တဲ့ တစ်ရွာလုံးကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ထောင်ကျသွားပြီး ထောင်က လွတ်လာတဲ့အချိန်မှာတော့ အစိုးရက ပြုလုပ်တဲ့ Peacemaker ပရောဂျက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြောင်းတစ်ခုကြောင့် အစိုးရက အဲ့ဒီပရောဂျက်ကို ပိတ်သိမ်းခဲ့ပါတယ်။

photo via screenrant

ဒါကြောင့် သူဟာ ဩစတေးလျကို ပြန်သွားပြီး စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးဖို့အတွက် Pax Institute ကို တည်ထောင်ခဲ့ပါတယ်။ တကယ်တော့ သူဟာ အဲ့ဒီပရဟိတလုပ်ငန်းကို ဗန်းပြပြီး နောက်ကွယ်မှာ Peacemaker ပရောဂျက်ကို ပြန်လည်အသက်သွင်းနေတာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ သူ့ရဲ့စိတ်အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး ငြိမ်းချမ်းရေးကို အလွန်စွဲလန်းလာပါတော့တယ်။ ဒါကြောင့်ပဲ သူဟာ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဆိုရင် အမျိူးသမီးနဲ့ ကလေးတွေကိုတောင် သတ်ပစ်ဖို့ ဝန်မလေးသူတစ်ယောက် ဖြစ်လာပါတော့တယ်။

သူ့ရဲ့ ကြောင်ကြောင်ကျားကျားနိုင်တဲ့ ခေါင်းစွပ်ကို စွပ်ထားရတဲ့ အကြောင်းရင်းကလည်း ထူးဆန်းပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူဟာ လက်တွေ့ဘဝမှာ သေဆုံးသွားပြီ ဖြစ်ပေမယ့်လည်း သူ့ရဲ့စိတ်ထဲမှာတော့ မသေဆုံးသေးပါဘူး။ ဖခင်ဖြစ်သူကို အမြဲလိုလို မြင်နေရတဲ့အပြင် သူ လုပ်သမျှအရာတိုင်းကို သူ့ဖခင်က လိုက်လံဝေဖန်ပြီး အကြံဉာဏ်တွေ ပေးနေတတ်တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း ဆိုးရွားလာပြီး အစွန်းရောက် အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ကျူးလွန်လာတာ ဖြစ်ပါတယ်။ ဒီမှာတင် သူသတ်လိုက်သမျှ လူတွေရဲ့ ဝိဉာဉ်တွေဟာ သူ့ရဲ့ ခေါင်းစွပ်ထဲကို ဝင်ရောက်လာကြပြီး သူ့ကို အကြံဉာဏ်တွေ ပေးကြတယ်လို့ ယုံကြည်နေတဲ့အတွက် ဒီခေါင်းစွပ်ကို မချွတ်တမ်း စွပ်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲထဲက Origin
photo via screenrant

ယခုအချိန်ထိတော့ ဒီဇာတ်လမ်းတွဲထဲမှာ Peacemaker ရဲ့ Origin အကြောင်းကို သေသေချာချာ မပြသသေးပါဘူး။ အပိုင်း(၄)ထဲမှာ မြင်တွေ့ခဲ့ရသလို ဆိုရင်တော့ Christopher ရဲ့ ဖခင်ဖြစ်သူဟာ သူ့ကို ငယ်ဘဝကတည်းက လူသတ်ဖို့ လေ့ကျင့်ပေးခဲ့တာ မြင်တွေ့ခဲ့ရပြီး အဲ့ဒီအဖြစ်အပျက်တွေကြောင့်လည်း သူဟာ စိတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Adebayo ရဲ့ ပြောစကားအရ ဆိုရင်တော့ Christopher ရဲ့ ဖခင်ဟာ သူ့ကို တခြားစိတ်ဒဏ်ရာရစရာတွေများစွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် သူတို့ဟာ ညီအစ်ကိုနှစ်ယောက် ဖြစ်ပြီး သူ့အစ်ကိုဟာလည်း ထူးဆန်းစွာပဲ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ အဲ့ဒီသေဆုံးမှုမှာ Christopher က တစ်နည်းနည်းနဲ့ ပါဝင်နေပြီး အဲ့ဒီအချက်ကြောင့်ပဲ သူဟာ အခုချိန်ထိ စိတ်ဒဏ်ရာရနေတုန်းဆိုတာ မြင်တွေ့ရပါတယ်။

ကောမစ်ထဲမှာလည်း သူ့ရဲ့ဖခင်ဟာ နှိပ်စက်တတ်သူတစ်ယောက် ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာလည်း အဲ့ဒီအချက်ကို ပုံဖော်ထားဆဲ ဖြစ်ကာ ပုံဖော်တဲ့ နည်းလမ်းပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထွက်ရှိလာမယ့် အပိုင်း(၅)ထဲမှာတော့ သူ့ရဲ့ Origin နဲ့ ပတ်သက်ပြီး ဘယ်လိုမျိူးတွေ ထပ်မံပြောင်းလဲထားလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular