HomeEntertainmentFilmPeacemaker ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

Peacemaker ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ Peacemaker ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဇာတ်သိမ်းပိုင်းမှာတော့ ပရိသတ်တွေအတွက် အံ့ဩစရာတွေ ပါဝင်နေပြီး အဖြေမရှိသေးတဲ့ မေးခွန်းတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Peacemaker ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ မေးခွန်းတွေအတွက် ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Justice League Cameo
photo via screenrant

ဇာတ်သိမ်းပိုင်းရဲ့ အဆုံးသတ်နားမှာတော့ အကူအညီတောင်းထားတာကြောင့် Justice League အဖွဲ့ဝင်တွေ ရောက်လာကြပေမယ့်လည်း နောက်ကျမှ ရောက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ရောက်လာတဲ့ အဖွဲ့ဝင်ကတော့ လေးယောက်ပဲ ဖြစ်ပြီး Flash နဲ့ Aquaman ကိုပဲ သေချာမြင်တွေ့ခဲ့ရပါတယ်။ Wonder Woman နဲ့ Superman တို့နှစ်ယောက်ကိုတော့ မျက်နှာကို သေချာမပြသသွားခဲ့ပါဘူး။ Gal Gadot နဲ့ Henry Cavill တို့ကတော့ အချိန်မအားလပ်တာကြောင့်၊ ဒါမှမဟုတ် သူတို့နှစ်ယောက်ကို ခေါ်ယူဖို့ ဘတ်ဂျက် မလုံလောက်တာကြောင့် အခုလိုမျိူး ပြသထားတာ ဖြစ်နိုင်ပါတယ်။

Cyborg သရုပ်ဆောင် Ray Fisher ကတော့ လူမျိူးရေး ခွဲခြားမှုတွေကြောင့် Warner Bros. နဲ့ ပြဿနာတက်နေပြီး ဒီပြဿနာတွေ မပြီးမချင်း Cyborg အဖြစ် ပြန်လည်သရုပ်မဆောင်ဘူးလို့ ပြောထားတာကြောင့် Cyborg အနေနဲ့ မပါဝင်လာတာ ဖြစ်နိုင်ပါတယ်။ Batman ဇာတ်ကောင်ကတော့ ယခုအချိန်မှာ အနည်းငယ် ဝေခွဲရခက်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ Ben Affleck ကလည်း အနားယူတော့မယ်လို့ ပြောထားသလို Robert Pattinson ရဲ့ The Batman ရုပ်ရှင်ကလည်း မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Michael Keaton ရဲ့ Batman ကိုလည်း ပြန်လည်မြင်တွေ့ရဦးမှာပါ။ Batman ကိုတော့ Wonder Woman နဲ့ Superman တို့ကို ပြသခဲ့သလိုပဲ အရိပ်ပုံစံသာ ပြသနိုင်ပေမယ့်လည်း ဘာကြောင့် မထည့်သွင်းထားတာလည်းဆိုတာတော့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Batman သုံးယောက် ဖြစ်နေပြီး ဘယ်တစ်ယောက်က DCEU ထဲမှာ ဆက်လက် ပါဝင်လာမလည်းဆိုတာ မပြချင်သေးတာကြောင့် အခုလို မထည့်သွင်းထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါရိုက်တာ James Gunn ကလည်း Batman မပါဝင်တာဟာ Franchise ရဲ့ အနာဂတ်ကြောင့်ပါလို့ ပြောထားတာကြောင့် ဘယ်လိုစိတ်ဝင်စားစရာတွေကို မြင်တွေ့ရမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

(2) Peacemaker ဟာ ဘာကြောင့် သူ့အဖေကို မြင်နေရသေးတာလဲ?
photo via screenrant

ဇာတ်သိမ်းပိုင်းထဲမှာတော့ Peacemaker ဟာ သူ့ရဲ့ခေါင်းစွပ်ကို တောထဲမှာ ရှာဖွေနေရင်း သူ့အဖေကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ White Dragon ဟာ “ငါ့ကိုသတ်လိုက်ရုံနဲ့ ရှင်းထုတ်ပစ်နိုင်မှာ မဟုတ်ဘူး။ ငါ့ကြောင့်ပဲ မင်းလူတွေ သတ်နေတာ။ ငါက မင်းရဲ့ ခေါင်းထဲမှာ နေနေတာ … ” လို့ ပြောသွားပါတယ်။

ဒါ့အပြင် နောက်ဆုံးခန်းမှာလည်း သူ့ရဲ့ အိမ်ရှေ့မှာ သူ့အဖေကို မြင်နေရပါသေးတယ်။ Peacemaker ဟာ သူ့အဖေ သေသွားပြီဆိုတာ သိပေမယ့်လည်း သူ့ရဲ့အာရုံထဲမှာ ဖခင်ဖြစ်သူကို မြင်နေရသေးတာကတော့ ကောမစ်ထဲက အကြောင်းအရာတွေနဲ့ ဆက်စပ်နေပါတယ်။

ကောမစ်ထဲမှာတော့ သူ့ရဲ့အဖေဟာ White Dragon မဟုတ်ဘဲ Wolfgang Schmidt ဆိုတဲ့ နာဇီတစ်ယောက် ဖြစ်ပါတယ်။ Peacemaker ဟာ ငယ်ဘဝမှာတင် သူ့အဖေက သူ့ရှေ့မှာ သတ်သေသွားတာကို မြင်တွေ့ခဲ့ရတာကြောင့် စိတ်ဒဏ်ရာရသွားပြီး သူ့အဖေကို အမြဲတမ်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ သူ့အဖေ ဖြစ်စေချင်တဲ့ လူတစ်ယောက် ဖြစ်လာအောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။ Peacemaker Season 2 မှာလည်း အလားတူ ပုံစံမျိူးကို မြင်တွေ့ရနိုင်ပါတယ်။

(3) Butterfly တွေရဲ့ အစီအစဉ်
photo via screenrant

ဇာတ်သိမ်းပိုင်းမှာပဲ Goff ဟာ Butterfly တွေရဲ့ တကယ့်အစီအစဉ်တွေအကြောင်း Peacemaker ကို ပြောပြခဲ့ပြီး သူတို့နဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Butterfly တွေရဲ့ အစီအစဉ်ကတော့ လူသားတွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေတာကြောင့် သဘာဝတရားကြီး ဖောက်ပြန်နေတာကို ပြန်လည်ပြင်ဆင်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူတို့ဟာ ဒီလိုလုပ်ဖို့အတွက် အရေးပါအရာရောက်တဲ့ လူတွေများစွာကို သတ်ပစ်ခဲ့ပြီး အရာရာကို သူတို့ရဲ့ သဘောတိုင်းပဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Peacemaker ဟာ Cow ကို သတ်ပစ်ခဲ့ပြီး Goff ကိုတော့ သူ့ကို တကယ်နားလည်နိုင်သူအဖြစ် လက်ခံသွားတာကြောင့် မသတ်ပစ်ခဲ့ပါဘူး။

Adebayo ကတော့ Cow ကို ဒီလိုသတ်လိုက်တာဟာ လွတ်လပ်စွာ ရွေးချယ်နိုင်မှုကြောင့် မှန်ကန်တယ်လို့ ပြောခဲ့ပေမယ့်လည်း Peacemaker ကတော့ သူ့တို့အဖွဲ့ကို ကယ်တင်ဖို့အတွက် သတ်ပစ်လိုက်တာလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒီအချက်ကတော့ MCU ရဲ့ Thanos နဲ့ Butterfly တို့ ဆင်တူနေတဲ့ အချက်ကို သတိထားမိစေခဲ့ပါတယ်။ ဒီဗီလိန်နှစ်မျိုးလုံးဟာ လုံးဝဆိုးရွားတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်နေတာ မဟုတ်ပေမယ့်လည်း သူတို့ရဲ့လုပ်ရပ်တွေဟာ အစွန်းရောက်လွန်းနေပြီး အရာရာကို သူတို့ရဲ့ သဘောနဲ့ သူတို့ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်ကြတာကြောင့် ဗီလိန်ဖြစ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

(4) Butterfly တွေကို ယုံကြည်တဲ့ Judomaster
photo via screenrant

Peacemaker တို့အဖွဲ့နဲ့ Butterfly တွေရဲ့ တိုက်ပွဲ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ Judomaster ရောက်ရှိလာပြီး ဝမ်းနည်းစွာနဲ့ ငိုကြွေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ သူကတော့ Butterfly တွေရဲ့ အကြောင်းကို သိရှိထားသူ ဖြစ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် လူအနည်းငယ်ကို သတ်ပစ်ရတာက လုပ်ကိုလုပ်သင့်တဲ့ စွန့်လွှတ်မှုတစ်ခုလို့ ယူဆထားပုံ ရပါတယ်။ ဒါပေမယ့်လည်း သူ ရောက်လာတဲ့ အချိန်မှာတော့ Butterfly တွေအားလုံး သေဆုံးနေကြပြီး ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့ လူသားတွေကို တားဆီးမယ့်အရာ မရှိတော့တာကြောင့် အခုလို ငိုကြွေးနေတာပဲ ဖြစ်ပါတယ်။

(5) Amada Waller နဲ့ Task Force X က ဘာဆက်ဖြစ်မှာလဲ?
photo via screenrant

အဆုံးသတ်မှာတော့ Adebayo ဟာ Task Force X နဲ့ Butterfly ပရောဂျက်အကြောင်းကို လူထုရှေ့မှာ ချပြခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ Adebayo ရဲ့ လုပ်ရပ်ကြောင့် ARGUS အဖွဲ့အစည်းရဲ့ Task Force X ကို ပိတ်သိမ်းပြီး ထောင်သားတွေကို လူသားမဆန်စွာ ခိုင်းစေမှုတွေလည်း ရပ်တန့်သွားမှာပဲ ဖြစ်ပါတယ်။

သို့သော်လည်း ဒီတိုင်းသာ ရပ်တန့်သွားမယ်ဆိုရင် Suicide Squad ဆိုတာလည်း ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ နောက်ထပ် Suicide Squad ရုပ်ရှင်တွေလည်း ထပ်မံထွက်ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်ကတော့ သိပ်ပြီး ဖြစ်နိုင်ချေ မရှိပါဘူး။

ဒါပေမယ့်လည်း Amanda Waller လိုလူမျိူးနဲ့ Task Force X တို့လို လျှို့ဝှက်အဖွဲ့အစည်းတွေဟာ လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမယ့် အရာတွေ မဟုတ်ပါဘူး။ သူတို့တွေဟာ လူထုကို စိတ်ကျေနပ်စေမယ့် အရာတစ်ခုကို ပြုလုပ်ပေးပြီး Amanda Waller နဲ့ Task Force X တို့ကတော့ နာမည်အသစ်၊ အုပ်ချုပ်မှုအသစ်နဲ့ ဆက်လက် တည်ရှိသွားနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖြစ်မလာခင်မှာ သူတို့အနေနဲ့တော့ အခက်အခဲတွေ ကြုံတွေ့ရမှာ ဖြစ်ပြီး အဲ့ဒီအခက်အခဲတွေကိုတော့ Suicide Squad 3 နဲ့ Peacemaker Season 2 တို့မှာ မြင်တွေ့ရနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular