HomeEntertainmentFilmPennywise ဟာ Losers Club က ကလေးတွေကို ဘာကြောင့် မသတ်ခဲ့တာလဲ?

Pennywise ဟာ Losers Club က ကလေးတွေကို ဘာကြောင့် မသတ်ခဲ့တာလဲ?

Pennywise ဟာ IT ရုပ်ရှင်ထဲမှာရော၊ ဝတ္ထုထဲမှာပါ Losers Club က ကလေးတွေကို သတ်ပစ်ဖို့ အခွင့်အရေးတွေများစွာ ရခဲ့ပေမယ့်လည်း ဒီကလေးတွေကို မသတ်ခဲ့ပါဘူး။ ဒါကြောင့်လည်း Pennywise ဟာ အခွင့်အရေးရပေမယ့် ကလေးတွေကို ဘာကြောင့် မသတ်ပစ်ခဲ့တာလည်းဆိုတဲ့ မေးခွန်းတွေ ပရိသတ်တွေကြားမှာ ထွက်ပေါ်လာပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Pennywise ဟာ ဘာကြောင့် ဒီကလေးတွေကို မသတ်ခဲ့တာလည်းဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Pennywise ဟာ IT ရုပ်ရှင်ထဲမှာရော၊ ဝတ္ထုထဲမှာပါ လူတွေများစွာကို သတ်ပစ်ခဲ့ပြီး အများစုကတော့ ကလေးတွေပဲ ဖြစ်ကြပါတယ်။ ဝတ္ထုထဲမှာ ဖော်ပြထားတဲ့ အတိုင်းဆိုရင်တော့ ကလေးတွေရဲ့ အကြောက်တရားဟာ ရိုးစင်းပြီး လူကြီးတွေရဲ့ အကြောက်တရားတွေကတော့ ရှုပ်ထွေးတာကြောင့်ပဲ ဖြစ်ပါတယ်။

IT ကတော့ သူ့သားကောင်ရဲ့ အကြောက်တရားကို ကိုယ်စားပြုတဲ့ပုံစံအဖြစ် ပြောင်းလဲကာ ခြောက်လန့်တတ်သူဖြစ်ပါတယ်။ တကယ်လို့ သူ့သားကောင်ရဲ့ အကြောက်တရားက ရှုပ်ထွေးနေရင် သူ့အတွက်လည်း ဘယ်လိုပုံစံ ပြောင်းလဲရမလည်းဆိုတာ ခေါင်းစားစရာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ ကလေးတွေကိုပဲ ပစ်မှတ်ထားလေ့ရှိတာပါ။

IT ဟာ Losers Club ထဲက ကလေးတွေကို ဘာကြောင့် မသတ်ခဲ့တာလည်းဆိုတာရဲ့ ပထမဆုံး ရှင်းပြချက်ကတော့ IT: Chapter 2 ထဲမှာ မြင်တွေ့ခဲ့ရသလို သူတို့တွေ ပြုလုပ်ခဲ့ကြတဲ့ Token တွေကြောင့် ဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ ဒီကလေးတွေဟာ အဲ့ဒီ Token ထဲမှာ သူတို့ရဲ့ ယုံကြည်မှုတွေအားလုံး မြုပ်နှံထားပြီး IT ကို တိုက်ခိုက်နိုင်တဲ့ လက်နက်အဖြစ် ပြောင်းလဲခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

photo via screenrant

နောက်ထပ် ရှင်းပြချက်တစ်ခုကတော့ IT ဟာ အကြောက်တရားတွေကို စားသုံးတာကြောင့် ဖြစ်ပြီး လူပြက်ပုံစံဟာ ကလေးတွေရော၊ လူကြီးတွေပါ အများစု ကြောက်လန့်ကြတဲ့ပုံစံ ဖြစ်တာကြောင့် သူဟာ ဒီပုံစံနဲ့ပဲ အများဆုံး နေထိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ သူ့ရဲ့သားကောင်တွေကို အမဲလိုက်ပြီး နှိပ်စက်ရတာကိုလည်း ကြိုက်နှစ်သက်ပြီး ဒီလိုလုပ်ရပ်တွေကြောင့် သူ့ရဲ့သားကောင်တွေကို ပိုမိုကြောက်လန့်လာစေပါတယ်။ ဒီရှင်းပြချက်အရ ဆိုရင်တော့ IT ဟာ ဒီကလေးတွေကို သတ်ပစ်လိုက်တာထက် မသတ်ဘဲ ကြောက်လန့်အောင် ပြုလုပ်နေတာက သူ့အတွက် ပိုပြီးအကျိူးရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

စာအုပ်ပရိသတ်တွေအများစု ယုံကြည်ကြတဲ့ နောက်ထပ်အချက်တစ်ခုကတော့ IT ဟာ သူ့ရဲ့ အမဲလိုက်တဲ့အချိန် အစပိုင်းမှာပဲ လူသတ်တာ ဖြစ်ပြီး Georgie နဲ့ တခြားကံဆိုးသူတွေကတော့ အဲ့ဒီအချိန်မှာ IT နဲ့ သွားတိုးမိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အမဲလိုက်ချိန်အစကို ကျော်သွားတာနဲ့ IT ဟာ လူမသတ်တော့ဘဲ စိတ်ကျေနပ်မှု ရရှိစေဖို့အတွက် ကလေးတွေကို ခြောက်လှန့်တာပဲ ပြုလုပ်တော့တယ်လို့ ဆိုပါတယ်။ Losers Club က ကလေးတွေကတော့ အဲ့ဒီအချိန်ကာလမှာ IT နဲ့ တွေ့ခဲ့တာကြောင့် အသတ်မခံခဲ့ရတာလို့ ယူဆထားကြပါတယ်။

photo via screenrant

နောက်ထပ်တစ်ချက်ကတော့ ဝတ္ထုထဲမှာ ပါဝင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ဝတ္ထုထဲမှာတော့ IT နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ Turtle လည်း တည်ရှိနေပြီး Turtle ဟာ IT ကြောက်ရွံ့တဲ့ တစ်ဦးတည်းသော သတ္တဝါပဲ ဖြစ်ပါတယ်။ ဒီအချက်အရ ဆိုရင်တော့ Losers Club ဟာ ရွေးချယ်ခံရသူတွေ ဖြစ်နေပြီး Turtle က သူတို့ကို ကာကွယ်မှု ပေးထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို သေချာသိချင်ရင်တော့ IT ဝတ္ထုဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular