HomeEntertainmentFilmဘယ်နှခါပြန်ကြည့်ကြည့် လုံးဝမရိုးသွားတဲ့ Pixar ရဲ့ အကောင်းဆုံး animated ရုပ်ရှင်များ

ဘယ်နှခါပြန်ကြည့်ကြည့် လုံးဝမရိုးသွားတဲ့ Pixar ရဲ့ အကောင်းဆုံး animated ရုပ်ရှင်များ

Pixar စတူဒီယိုက ထုတ်လုပ်တဲ့ animated ရုပ်ရှင်ဇာတ်ကားတွေကတော့ ပရိသတ်တွေကြားမှာ အထူးပဲ ကျော်ကြားလေ့ ရှိပါတယ်။ ရုပ်ရှင်တစ်ကားစီတိုင်းမှာ လျှို့ဝှက်ပြီး ထည့်သွင်းထားတဲ့ အရာလေးတွေ၊ easter eggs တွေနဲ့ သေသပ်လွန်းတဲ့ animation တွေကြောင့် ပရိသတ်တွေရဲ့ နှစ်သက်မှုကို ရရှိထားပါတယ်။ အထူးခြားဆုံးကတော့ Pixar ရဲ့ animated ဇာတ်ကားတွေဟာ ဇာတ်လမ်း၊ ဇာတ်အိမ်ပိုင်းမှာ ကောင်းမွန်ပြီး ဆွဲဆောင်မှု ရှိတာကြောင့် ဘယ်တော့ပဲ ပြန်ကြည့်ကြည့်၊ ဘယ်နှကြိမ်ပဲ ပြန်ကြည့်ကြည့် ရသပိုင်းမှာ လုံးဝမလျော့သွားတာပါပဲ။

Turning Red (2022)

Photo Courtesy: Pixar Studios

ဒီဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ သို့သော်လည်း ဒီဇာတ်ကားကို တစ်ကြိမ်ထက် ပိုပြီး နောက်ထပ် ပြန်ပြန်ကြည့်မယ်ဆိုရင်တော့ ပိုပြီးဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းပိုင်းကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ရိုမန့်စ်အချစ်ဇာတ်လမ်းထက် သူငယ်ချင်းတွေရဲ့ ခင်မင်ရင်းနှီးမှုကို အဓိကထား တင်ပြထားတဲ့ ဒီကားလေးကို ပြန်ကြည့်မယ် ဆိုရင်တော့ Mei Lee ရဲ့ သူငယ်ချင်းတွေဟာ သူမအတွက် ဘယ်လောက်တောင် အရေးပါတယ်ဆိုတာ ပိုပြီးနက်နက်နဲနဲ ခံစားမိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် visual အပိုင်းမှာလည်း ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် ဖန်တီးထားတယ်ဆိုတာ ပိုမိုခံစားမိပါလိမ့်မယ်။

ဇာတ်လမ်းကတော့ အသက်(၁၃)နှစ်အရွယ် ကောင်မလေး Mei Lee ဟာ သူမရဲ့ဆယ်ကျော်သက်ဘဝ အခက်အခဲတွေနဲ့ မိဘစကား နားထောင်တဲ့ သမီးလိမ္မာလေးဘဝကြားမှာ ရုန်းကန်နေရပါတယ်။ ဒါတင်မလုံလောက်သေးဘဲ သူမဟာ သိပ်စိတ်လှုပ်ရှားလာရင်တော့ အနီရောင် ပန်ဒါဝက်ဝံကြီးအဖြစ်ပါ ပြောင်းလဲသွားတတ်ပါသေးတယ်။ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb rating (7.1) ရရှိထားပါတယ်။

A Bug’s Life (1998)

Photo Courtesy: Pixar Studios

ဒီဇာတ်ကားလေးကတော့ အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေ ဒီနေ့ခေတ်လောက် မထွန်းကားသေးတဲ့ အချိန်က ထွက်ရှိထားတာကြောင့် visual အပိုင်းမှာတော့ အားနည်းချက်လေးတွေ ရှိနေပါလိမ့်မယ်။ သို့သော်လည်း ဒီဇာတ်ကားဟာ Pixar ရဲ့ ရယ်မော ပျော်ရွှင်စရာ ဇာတ်ကားတွေထဲမှာ ပါဝင်ပြီး ကြီးမား လေးလံတဲ့ ခံစားချက်မျိုးတွေ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုချင်တိုင်း ရွေးချယ်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ တီထွင်သူဖြစ်တဲ့ Flik ဟာ နှစ်တိုင်း သူတို့ဆီက ရိက္ခာတွေကို မတရား လာလာယူနေတဲ့ ဓားခုတ်ကောင်တွေကို ဆန့်ကျင်ဖို့ရာ ပုရွက်ဆိတ် အာမီကို ဦးဆောင်လိုက်ပါတယ်။ ဒါတင်မက သူ့ရဲ့တိုက်ပွဲကို အောင်နိုင်ဖို့ရာ ဆက်ကပ်ကပြတဲ့ ပိုးကောင်တွေကိုပါ အကူအညီတောင်းပြီးတဲ့ နောက်မှာတော့ … ။ ၁၉၉၈ ခုနှစ်က ထွက်ရှိထားပြီး IMDb rating (7.2) ရရှိထားပါတယ်။

Inside Out (2015)

Photo Courtesy: Pixar Studios

ကြည့်လိုက်တိုင်း ငိုရမယ့် ဇာတ်ကားမျိုးကို ဘယ်သူမှ ထပ်ခါထပ်ခါ ပြန်ကြည့်ချင်ကြမှာ မဟုတ်ပါဘူး။ သို့သော်လည်း Inside Out ကတော့ ရှားရှားပါးပါးပဲ ခြွင်းချက်တစ်ခု ဖြစ်ပါတယ်။ တချို့ဇာတ်ဝင်ခန်းတွေမှာ ဝမ်းနည်းစရာတွေ ပါဝင်ပေမယ့် ဇာတ်ကားတစ်ခုလုံးကို ခြုံငုံကြည့်ရင်တော့ ပျော်ရွှင်စရာ ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ Pixar ရဲ့ အသံ သရုပ်ဆောင်တွေ သိပ်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အသက်(၁၁)နှစ်အရွယ် ကောင်မလေး Riley ဟာ မင်နီဆိုးတားပြည်နယ်က သူမရဲ့ပျော်ရွှင်စရာဘဝလေးကနေ ဆန်ဖရန်ဆစ္စကိုမြို့ကို ပြောင်းရွှေ့လာရပါတယ်။ ဒီမှာတင် သူမနဲ့အတူ သူမရဲ့ စိတ်ခံစားချက်ငါးမျိုး ဖြစ်တဲ့ အကြောက်တရား၊ ဒေါသ၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့ ရွံရှာစက်ဆုပ်မှုတို့ဟာ ဘဝအသစ်မှာ အထိုင်ကျအောင် ကြိုးစားရပါတော့တယ်။ ၂၀၁၅ ခုနှစ်က ထွက်ရှိထားပြီး IMDb rating (8.2) ရရှိထားပါတယ်။

Onward (2020)

Photo Courtesy: Pixar Studios

Onward ကတော့ ကိုဗစ်ရဲ့ နှိပ်စက်မှုကြားမှာ သူရရှိသင့်တဲ့ အောင်မြင်မှုကို ထင်သလောက် မရခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာလည်း ပထမတစ်ကြိမ် ကြည့်ရုံနဲ့ အရာအားလုံးကို အပြည့်အဝ ခံစားမှု ရရှိမှာ မဟုတ်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ နောက်ထပ် ပြန်ကြည့်တော့မှသာ ဇာတ်ကားရဲ့ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်ရှိဖို့ ပံ့ပိုးပေးထားတဲ့ အသေးစိတ်လေးတွေကိုပါ ခံစားမိပါလိမ့်မယ်။

နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့ မှော်တိုင်းပြည်တစ်ခုမှာ Ian နဲ့ Barley ဆိုတဲ့ မှင်စာညီအစ်ကို နှစ်ယောက်ဟာ သူတို့ရဲ့ဖခင်ဖြစ်သူကို ပြန်ခေါ်နိုင်ဖို့ စွန့်စားခန်းခရီး ထွက်လာကြတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb rating (7.4) ရရှိထားပါတယ်။

Ratatouille (2007)

Photo Courtesy: Pixar Studios

ဒီဇာတ်ကားကတော့ Pixar ရဲ့ နာမည်ကြီး ဇာတ်ကားဖြစ်ရုံတင်မက animated ဇာတ်ကားတွေထဲမှာပါ ထင်ရှားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စရာ ကြည့်ရှုရမှာ ဖြစ်တဲ့ ဒီဇာတ်ကားဟာ စားသောက်ဆိုင်တစ်ခုရဲ့ နောက်ကွယ်က လူတွေ သိပ်အလေးမထားမိတဲ့ အရာလေးတွေကိုပါ စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ထားပါတယ်။

ဇာတ်လမ်းကတော့ Remy ဆိုတဲ့ ကြွက်လေးတစ်ကောင်ဟာ နာမည်ကြီး ပြင်သစ်စားဖိုမှူးတစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒ ရှိပါတယ်။ သို့သော်လည်း လူသားတွေဟာ ကြွက်တွေကို မုန်းတီးစက်ဆုပ်တဲ့အတွက် သူချက်ပြုတ်တဲ့ ဟင်းလျာတွေကို ဘယ်တော့မှ နှစ်သက်စွာ စားသုံးမှာ မဟုတ်တာကိုတော့ မသိရှာပါဘူး။ ၂၀၀၇ ခုနှစ်က ထွက်ရှိထားပြီး IMDb rating (8.1) ရရှိထားပါတယ်။

Toy Story 2 (1999)

Photo Courtesy: Pixar Studios

Toy Story 2 ကတော့ ခံစားရမယ့် ဇာတ်ဝင်ခန်းအချို့ ပါဝင်တယ်ဆိုပေမယ့် တခြားဇာတ်ကားတွေထက်စာရင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရတာ ပျော်စရာကောင်းပါတယ်။ Mr. Potato Head တစ်ယောက် Barbie ကိုရှောင်နေတာတွေ၊ Buzz Lightyears နှစ်ယောက် ဖြစ်နေတာတွေ၊ Rex တစ်ယောက် Zurg နဲ့ တိုက်ခိုက်ဖို့ကိုပဲ စွဲလန်းနေတာတွေဟာ တကယ် ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Woody ဟာ လောဘကြီးလွန်းတဲ့ အရုပ်စုဆောင်းသူတစ်ယောက်ရဲ့ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့ကို ဘယ်မှာမှ ရှာမတွေ့တဲ့အခါ Buzz နဲ့ သူငယ်ချင်းတစ်စုဟာ သူ့ကိုကယ်တင်ဖို့ ထွက်လာရပါတော့တယ်။ သို့သော်လည်း Woody ကတော့ ပြတိုက်တစ်ခုမှာ ထာဝရ အသက်ရှင်သန်ရမယ်ဆိုတဲ့ မက်လုံးနဲ့ ဆွဲဆောင်ခံထားရတဲ့ အခါမှာတော့ … ။ ၁၉၉၉ ခုနှစ်က ထွက်ရှိထားပြီး IMDb rating (7.9) ရရှိထားပါတယ်။

Monster Inc. (2001)

Photo Courtesy: Pixar Studios

ပရိသတ်အများစုကတော့ Boo တစ်ယောက် Sully ကို လိုက်ရှာချိန်မှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ဗီရိုတံခါးကို တွေ့လိုက်ရတဲ့ အခန်းမှာ မျက်ရည်ဝဲတတ်ကြပေမယ့် ကျန်ဇာတ်ဝင်ခန်းအများစုကတော့ ရယ်ရယ်မောမော်နဲ့ ကြည့်ရှုလို့ တကယ်ကောင်းပါတယ်။ ဒါ့အပြင် Mike Wazowski ဟာလည်း Pixar ရဲ့ အရယ်ရဆုံး ကာရိုက်တစ်ခု ဖြစ်ပါသေးတယ်။

Monstropolis မှာတော့ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတဲ့ Sully နဲ့ Mike တို့ဟာ Monster, Inc. မှာ ထိပ်တန်း ခြောက်လှန့်သူတွေအဖြစ် အလုပ်လုပ်နေကြပါတယ်။ သို့သော်လည်း လူသား ကလေးလေးတစ်ယောက် သူတို့ကမ္ဘာထဲကို ဝင်ရောက်လာတဲ့အခါမှာတော့ သူတို့ဘဝတွေလည်း ကပြောင်းကပြန်တွေ ဖြစ်ကုန်ပါတော့တယ်။ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb rating (8.1) ရရှိထားပါတယ်။

The Incredibles (2004)

Photo Courtesy: Pixar Studios

Pixar ရဲ့အစောပိုင်း ရုပ်ရှင်အများစုဟာ ပိုးကောင်လေးတွေ၊ အရုပ်လေးတွေ၊ ငါးလေးတွေအကြောင်း အဓိက တင်ဆက်ထားပေမယ့် The Incredibles ကတော့ သပ်သပ် ကွဲထွက်နေပါတယ်။ ဒီဇာတ်ကားကတော့ လူသားတွေကိုမှ စူပါပါဝါ ပိုင်ဆိုင်ထားတဲ့ လူသားတွေအကြောင်း ဖြစ်ပါတယ်။ The Incredibles ဟာ လူကြိုက်အများဆုံး စူပါဟီးရိုး ရုပ်ရှင်တွေထဲမှာလည်း ပါဝင်ပါတယ်။ ပိုပြီးထူးခြားတာကတော့ ဒီနေ့ခေတ်လို စူပါဟီးရိုး ရုပ်ရှင်တွေ လူကြိုက်မများသေးတဲ့ ကာလမှာတည်းက အကြိမ်ကြိမ် ပြန်ကြည့်တိုင်း စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားနိုင်တာပါပဲ။

ဇာတ်လမ်းကတော့ သာမန် နိုင်ငံသားတစ်ယောက်အဖြစ် နေထိုင်ဖို့ ဖိအားပေးခံထားရတဲ့ Mr. Incredible ဟာ ရုံးဝန်ထမ်းအလုပ်ကို လုပ်ကိုင်နေရပေမယ့် ငြီးငွေ့နေပြီး သူ့ရဲ့ယခင် စူပါဟီးရိုးဘဝကို ပြန်သွားချင်နေပါတယ်။ ဒီလိုနဲ့ Mr. Incredible ဟာ Syndrome ဆိုတဲ့ ဗီလိန်တစ်ယောက်ရဲ့ ထောင်ချောက်မှာ မိသွားတဲ့အခါမှာတော့ သူ့ရဲ့မိသားစုက သူ့ကိုကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်။ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb rating (8.1) ရရှိထားပါတယ်။

Toy Story (1995)

Photo Courtesy: Pixar Studios

ပထမဆုံး ထွက်ရှိခဲ့တဲ့ Toy Story ရုပ်ရှင်ကတော့ Pixar ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာလည်း A Bug’s Life လိုပဲ ဒီနေ့ခေတ် အထူးပြုလုပ်ချက်တွေနဲ့ ယှဉ်လိုက်ရင် ကွာဟမှုတွေများစွာ ရှိနေပေမယ့် ဘယ်တော့ကြည့်ကြည့် လုံးဝစိတ်မပျက်ရတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ စိတ်နှလုံးနွေးထွေးဖွယ်ရာ ဇာတ်လမ်းကြောင့်ပါပဲ။

ဇာတ်လမ်းကတော့ Woody ဟာ စိတ်ထားကောင်းတဲ့ ကောင်းဘွိုင်အရုပ်လေးတစ်ရုပ် ဖြစ်ပြီး Andy ဆိုတဲ့ ကလေးလေးရဲ့ အကြိုက်ဆုံးအရုပ်လည်း ဖြစ်ပါတယ်။ သို့သော်လည်း Andy ရဲ့မိဘတွေက Buzz Lightyear ဆိုတဲ့ အရုပ်အသစ်ကို ဝယ်ပေးလာတဲ့အခါမှာတော့ Woody တစ်ယောက် အခက်တွေ့ရပါတော့တယ်။ ဒါတင်မက Buzz Lightyear ဟာ သူ့ကိုယ်သူ တကယ့် အာကာသယာဉ်မှူးလို့ ထင်မှတ်နေပြီး စိတ်ကြီးဝင်နေတဲ့အခါမှာတော့ … ။ ၁၉၉၅ ခုနှစ်က ထွက်ရှိထားပြီး IMDb rating (8.3) ရရှိထားပါတယ်။

WALL-E (2008)

Photo Courtesy: Pixar Studios

သူငယ်ချင်းတွေကြားက ခင်မင်ရင်းနှီးမှု သံယောဇဉ်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေဟာ ရိုမန့်တစ်ဇာတ်လမ်းတွေထက် ပိုကြည့်လို့ကောင်းတယ် ဆိုပေမယ့် WALL-E ကတော့ ခြွင်းချက်တစ်ခုပါပဲ။ WALL-E နဲ့ EVE တို့ကြားက အချစ်ဇာတ်လမ်းကို တင်ပြထားပုံကတော့ Pixar ရဲ့ တကယ့် လက်ရာကောင်းတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးပေါ်မှာ သန့်ရှင်းရေးကို တာဝန်ယူထားတဲ့ စက်ရုပ်ကလေး WALL-E ဟာ တစ်နေ့မှာတော့ နောက်ထပ် စက်ရုပ်တစ်ရုပ်နဲ့ တွေ့ဆုံပြီး သူမကို ချစ်ကြိုက်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး လူသားတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်နိုင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb rating (8.4) ရရှိထားပါတယ်။

ဒါကတော့ ဘယ်တော့ပဲ ပြန်ကြည့်ကြည့်၊ ဘယ်နှခေါက်ပဲ ကြည့်ကြည့် လုံးဝရိုးအီသွားမှာ မဟုတ်တဲ့ Pixar ရဲ့ ဇာတ်ကားကောင်းတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ ဇာတ်ကားတွေ ရှိရင်လည်း ပြန်လည် ဝေမျှပေးခဲ့ပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular