HomeEntertainmentFilmPirates of the Caribbean ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Pirates of the Caribbean ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားတွေဟာ မြန်မာပရိသတ်ရော၊ နိုင်ငံတကာက ပရိသတ်တွေပါ တခဲနက် အားပေးခဲ့ကြတဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ Pirates of the Caribbean: The Curse of the Black Pearl ဆိုတဲ့ ပထမဆုံးရုပ်ရှင်ကို စတင်ထွက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အထိ ဆယ့်လေးနှစ်ဝန်းကျင်မှာ ရုပ်ရှင်ငါးကားတိတိ ထွက်ရှိထားပြီး ဖြစ်ပါတယ်။

ရုပ်ရှင်ငါးကားလုံးအတွက် ဘတ်ဂျက်မှာ ဒေါ်လာ(၁.၂၇၄)ဘီလျံ ရှိခဲ့ပြီး စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ(၄.၅၂၄)ဘီလျံအထိ သောက်သောက်လဲ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင် franchise တွေရဲ့စာရင်းမှာ နံပါတ်(၁၂)နေရာကို ရယူထားနိုင်တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဖန်တီးရိုက်ကူးလာခဲ့တဲ့ Pirates of the Caribbean ရုပ်ရှင်တွေရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

Captain Jack Sparrow ဇာတ်ကောင်ဟာ Hugh Jackman ကိုကြည့်ပြီး ဖန်တီးထားတာပါ။

Photo via screenrant

မင်းသား Johnny Depp ဟာ Jack Sparrow ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ နာမည်ကျော် ရော့ခ်ဂီတဝိုင်း Rolling Stones က ဂစ်တာသမား Keith Richards နဲ့ Pepe Le Pew ဆိုတဲ့ ကာတွန်းဇာတ်ကောင်တွေကို အခြေခံပြီး စိတ်ကူးပုံဖော်ခဲ့သလိုပဲ ဇာတ်ညွှန်းရေးဆရာ Stuart Beattie ကလည်း မင်းသား Hugh Jackman ကို ကြည့်‌ပြီး ဒီကာရိုက်တာကို ဖန်တီးရေးသားခဲ့တာ ဖြစ်ပါတယ်။

ပြောစကားတွေအရ ဇာတ်ညွှန်းရေးဆရာ Stuart ဟာ ဇာတ်ကောင်နာမည်ကိုတောင် Hugh Jackman ရဲ့အမည်နဲ့ ဆင်တူနေအောင် Jack Sparrow လို့ပေးခဲ့တာလို့လည်း ဆိုကြပါတယ်။ သို့ပေမယ့်လည်း ဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်နေချိန်တုန်းက Hugh Jackman ဟာ အခုလောက်ထိ နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက် မဟုတ်သေးပါဘူး။ ဒါကြောင့်လည်း Captain Jack Sparrow နေရာမှာ သူ့ကိုသရုပ်ဆောင်ခိုင်းဖို့ရာ ပရိုဂျူဆာတွေက သိပ်ပြီးအလေးအနက်ထား မစဉ်းစားခဲ့ကြတာ ဖြစ်ပါတယ်။ Hugh Jackman ကို တကယ် သရုပ်ဆောင်စေချင်တဲ့ တစ်ဦးတည်းသောသူဟာ ဇာတ်ညွှန်းရေးသူ Stuart သာ ရှိခဲ့ပါတယ်။

Jack Sparrow ဇာတ်ကောင်အတွက် ပထမဆုံး ကမ်းလှမ်းခံရသူဟာ Robert De Niro ပါ။

Photo via screenrant

ရုပ်ရှင်တစ်ကားဟာ သရုပ်ဆောင်တစ်ယောက်လောက် ပြောင်းလဲသွားတာနဲ့ ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ Johnny Depp ဟာ သူ့ရဲ့တမူထူးတဲ့ သရုပ်ဆောင်မှုနဲ့ Captain Jack Sparrow ဇာတ်ကောင်ကို ပရိသတ်တွေ ရင်ထဲစွဲသွားအောင် လုပ်ပြနိုင်စွမ်းရှိတာ မှန်ပေမယ့် ဒီဇာတ်ကောင်ကို ပထမဆုံး ကမ်းလှမ်းခံရသူဟာ သူ မဟုတ်ခဲ့ပါဘူး။

Johnny Depp မတိုင်ခင်မှာ Jack Sparrow ဇာတ်ကောင်အတွက် ကမ်းလှမ်းခံခဲ့ရသူတွေကတော့ မင်းသားကြီး Robert De Niro ၊ Jim Carrey နဲ့ Matthew McConaughey တို့ ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro ဟာ တလေးတစားနဲ့ အသိအမှတ်ပြုရမယ့် ထိပ်တန်းမင်းသားကြီးတစ်လက် ဖြစ်ပေမယ့် လူငယ်ပရိသတ်တွေကို အဓိကထား ဆွဲဆောင်ရမယ့် ဒီဇာတ်ကောင်ဟာ သူနဲ့တော့ ဘယ်လိုမှ မကိုက်ညီတာ အမှန်ပါပဲ။ မင်းသားကြီးဘက်ကလည်း ဒီပင်လယ်ဓားပြရုပ်ရှင်ဟာ လောက်လောက်လားလား အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

Tom Hiddleston ဟာ Will Turner နေရာမှာ သရုပ်ဆောင်ဖို့ ဝင်အရွေးခံခဲ့ပါသေးတယ်။

Photo via screenrant

Will Turner ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသား တော်တော်များများ ဝင်အရွေးခံခဲ့ကြပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ Tobey Maguire ၊ Ewan McGregor နဲ့ Jude Law တို့ပါ ဝင်အရွေးခံခဲ့ကြတယ်လို့ သိရပါတယ်။

မင်းသားတွေ အများကြီးရဲ့ အားပြိုင်မှုတွေအပြီးမှာတော့ Will Turner ဇာတ်ကောင်ဟာ မင်းသား Orlando Bloom နဲ့ Heath Ledger ဆီကို ရောက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြား အကျိတ်အနယ် ယှဉ်ပြိုင်ရာမှာတော့ The Lord of the Rings ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ခံနဲ့ မင်းသား Orlando Bloom က ဇာတ်ကောင်ကို နောက်ဆုံး အနိုင်ရရှိသွားပါတယ်။

Will Turner ဇာတ်ကောင်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မင်းသားတွေထဲမှာ အင်္ဂလန်မင်းသားတစ်လက်ဖြစ်တဲ့ Tom Hiddleston လည်း ပါဝင်ခဲ့ပါတယ်။ Tom အတွက်တော့ ဒီဇာတ်ကောင်ကို လက်လွှတ်ခဲ့ရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ Will Turner ဇာတ်ကောင်ကို ဆုံးရှုံးပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ပြီးတော့မှ Thor ဇာတ်ကားနဲ့ ပရိသတ်ကြားကို ထိုးဖောက်နိုင်တဲ့ Loki ဇာတ်ရုပ်ကို ရရှိခဲ့လို့ပါပဲ။

ပထမဆုံးဇာတ်ကားမှာ ပါဝင်တုန်းက Keira Knightley ဟာ ဆယ်ကျော်သက်အရွယ်ပဲ ရှိပါသေးတယ်။

Photo via screenrant

ပထမဆုံးဇာတ်ကား ဖြစ်တဲ့ Pirates of the Caribbean: The Curse of the Black Pearl ကို ရိုက်ကူးတုန်းက မင်းသမီး Keira Knightley ရဲ့အသက်ဟာ (၁၇)နှစ်ပဲ ရှိပါသေးတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရတုန်းက အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဆယ်ကျော်သက်ရွယ်လေးပဲ ရှိသေးတာကြောင့် သူမရဲ့မိခင်ဖြစ်သူက ရိုက်ကွင်းအထိ လိုက်ပြီး စောင့်ရှောက်ပေးခဲ့ရပါတယ်။

အတွေ့အကြုံလည်း သိပ်မရှိသေးတဲ့ မင်းသမီးငယ်လေး ဖြစ်တာကြောင့် တကယ်လို့များ ရိုက်ကွင်းကနေ ချက်ချင်း အလုပ်ထုတ်ခံရသည် ရှိသော်ဆိုပြီး သူမရဲ့ပစ္စည်းပစ္စယတွေကို ရိုက်ကွင်းစတည်းက တပါတည်း ယူဆောင်လာတတ်တယ်လို့လည်း အင်တာဗျူးတစ်ခုမှာ ပြောပြဖူးပါသေးတယ်။ Johnny Depp လို ဝါရင့်မင်းသားတစ်လက်နဲ့သာမက စန်းတရိပ်ရိပ် တက်နေတဲ့ မင်းသား Orlando Bloom နဲ့ပါ တွဲပြီး အလုပ်လုပ်ခဲ့ရတာကြောင့် Keira တစ်ယောက် ရှိန်ပြီး ကြောက်နေခဲ့တဲ့ ခံစားချက်ကို နားလည်ပေးလို့ ရကြမှာပါ။

ပထမဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ ရတနာလှိုဏ်ဂူကြီးကို ငါးလကြာ တည်ဆောက်ခဲ့ရပါတယ်။

Photo via screenrant

ဒီရုပ်ရှင် franchise မှာ ဘတ်ဂျက်အသုံးစွဲရဆုံး နေရာတစ်ခုကတော့ ရိုက်ကွင်းပြင်ဆင်မှုပါပဲ။ ရုပ်ရှင်ငါးကားလုံးရဲ့ ရိုက်ကွင်းတည်ဆောက်မှုတွေထဲကမှ အမှတ်ရစရာအကောင်းဆုံး တစ်ခုကတော့ The Curse of the Black Pearl မှာ ပါဝင်ခဲ့တဲ့ ရတနာလှိုဏ်ဂူကြီးပဲ ဖြစ်ပါတယ်။

အဲဒီလှိုဏ်ဂူကြီးဟာ ဟောလိဝုဒ်မှာ တည်ဆောက်ခဲ့ဖူးသမျှ အကြီးဆုံး indoor set တွေထဲမှာ ပါဝင်ပါတယ်။ ဖော့ပြားတွေ၊ တိုင်ကီစည်ပိုင်းတွေနဲ့ ပလာစတာကိုင်ပြီး တကယ့် ကျောက်ဂူကြီးတစ်ခုလို ဖြစ်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂူကြီးတစ်ခုလုံးကို ဆောက်လုပ်ပြီးစီးဖို့ လက်သမား အယောက်တစ်ရာခန့် သုံးစွဲခဲ့ရပြီး ငါးလကြာ ဆောက်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဂူကို တည်ဆောက်တဲ့အချိန်နဲ့တင် တော်ရုံတန်ရုံ ရုပ်ရှင်တစ်ကားကို ရိုက်ကူးဖို့အချိန် လုံလောက်ပါတယ်။

ရိုက်ကူးရေးလုပ်တုန်းက လှေမတော်တဆမှု တကယ်ဖြစ်ခဲ့ပါတယ်။

Photo via screenrant

Pirates of the Caribbean ဟာ ပင်လယ်ဓားပြဇာတ်လမ်းပီပီ တကယ့် ပင်လယ်ပြင်ကြီးထဲမှာ တကယ့်လှေတွေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်နောက်ခံနဲ့ ရုပ်ရှင်အများစုဟာ စတူဒီယိုထဲမှာပဲ ရိုက်ကူးလေ့ရှိပေမယ့် ဒီရုပ်ရှင်ဇာတ်ကားတွေကတော့ ဘတ်ဂျက်ကို ရှယ်သုံးနိုင်တဲ့အတွက် တကယ့်ပင်လယ်ပြင်ထဲမှာ ရိုက်ကူးခဲ့ပါတယ်။

ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Curse of the Black Pearl မှာတုန်းက ညဘက်ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီး Keira Knightley ကို သယ်ဆောင်လာတဲ့ လှေနဲ့ နောက်ထပ်လှေအကြီးတစ်ခုဟာ သန္တာကျောက်တန်းတွေနဲ့ ငြိပြီး မတော်တဆ ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ရိုက်ကွင်းအနီးအနားက ဒေသခံတွေကလည်း ညဘက်ဆိုရင် သန္တာကျောက်တန်းကို မမြင်ရနိုင်တဲ့အကြောင်း သတိပေးခဲ့ကြပါတယ်။ မင်းသမီးအပါအဝင် သင်္ဘောပေါ်က လူတွေမှာ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပေမယ့် ကျန်နေတဲ့ ညဘက်အခန်းတွေကို စတူဒီယိုထဲမှာပဲ ရိုက်ကူးဖို့ ပရိုဂျူဆာတွေက ဆုံးဖြတ်ခဲ့ကြရပါတယ်။

အိုင်ဒီယာဆင်တူသွားလို့ The Lord of the Rings: Return of the King ကို ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

Photo via screenrant

Pirates of the Caribbean ထဲက undead crew တွေ ပါလာတဲ့အခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ထုတ်လုပ်ရေးအဖွဲ့ဟာ undead crew တွေကို ပုံစံအမျိုးမျိုး ဒီဇိုင်းဆွဲကြည့်ပြီးတဲ့နောက် တစ်ကိုယ်လုံး အရိုးခြောက်ဖြစ်နေတဲ့ပုံစံကိုမှ အခြေအနေ အမျိုးမျိုးနဲ့ ဆွေးမြေ့နေတဲ့ ဒီဇိုင်းကို အတည်ပြုလိုက်ကြပါတယ်။

ဒါဟာ မထင်မှတ်ဘဲနဲ့ The Lord of the Rings ဇာတ်ကားတွေကို ရိုက်ခတ်မှုတွေ သွားဖြစ်စေခဲ့ပါတယ်။ LOTR ရဲ့ ထုတ်လုပ်ရေးအဖွဲ့တွေဟာလည်း Aragorn ရဲ့ Army of Dead ကို ဒီဇိုင်းဆွဲထားရာမှာ Pirates of the Caribbean ထဲက undead crew တွေနဲ့ ခပ်ဆင်ဆင် သွားဖြစ်နေပါတယ်။ ဒါကြောင့်ပဲ Pirates ဇာတ်ကားရဲ့ ထွေလာကို ကြည့်ပြီးတဲ့နောက်မှာ LOTR တစ်ဖွဲ့သားလုံးဟာ သူတို့ရဲ့ Army of Dead ဒီဇိုင်းကို အစအဆုံး ပြန်လုပ်ဖို့ သဘောတူခဲ့ကြပြီး လုံးဝမတူတဲ့ ပုံစံတစ်ခုကို ဖန်တီးခဲ့ကြရပါတယ်။

ဒါကတော့ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ Pirates of the Caribbean ဇာတ်ကားတွေရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာ အချက်တချို့ကို ရွေးချယ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြားအချက်တွေ ရှိခဲ့ရင်လည်း ပြန်လည်မျှဝေပေးခဲ့နိုင်ပါတယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular