HomeEntertainmentFilmPirates of the Caribbean ကို Johnny Depp ပြန်လာနိုင်မှာလား?

Pirates of the Caribbean ကို Johnny Depp ပြန်လာနိုင်မှာလား?

မင်းသားကြီး Johnny Depp ရဲ့ လက်ရှိ အမှုအခင်းကိစ္စတွေကြားထဲမှာ ပရိသတ်တွေ သိချင်နေကြတဲ့ အကြောင်းအရာတစ်ခုကတော့ မင်းသားကြီးဟာ Pirates of the Caribbean franchise ကို Captain Jack Sparrow အဖြစ် ပြန်လည် ပါဝင်လာနိုင်မှာလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Pirates ရုပ်ရှင်တွေရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Jerry Bruckheimer က မကြာသေးခင်ကပဲ ပြောကြားထားပါတယ်။

Depp ဟာ ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားတဲ့ Captain Jack Sparrow ဇာတ်ရုပ်ကို စုစုပေါင်း ရုပ်ရှင်ငါးကားမှာ သရုပ်ဆောင်ထားပါတယ်။ သူ နောက်ဆုံး သရုပ်ဆောင်ထားတဲ့ Pirates ဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Pirates of the Caribbean: Dead Men Tell No Tales ပဲ ဖြစ်ပါတယ်။

Photo Credit: Disney Studios

Pirates ဇာတ်ကားတွေရဲ့ ထုတ်လုပ်သူ Jerry Bruckheimer ကတော့ လက်ရှိမှာ နောက်ထပ် Pirates ရုပ်ရှင်နှစ်ကားကို စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားတွေထဲမှာ Depp ကို ပြန်လည် ခေါ်ယူမှာလားဆိုတဲ့ အကြောင်းကိုတော့ ပြီးခဲ့တဲ့ မေလ(၁၇)ရက်နေ့က The Sunday Times သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပြသွားပါတယ်။

“အခုအခြေအနေမှာတော့ သူ့ကို ပြန်ခေါ်ဖို့ မရှိသေးပါဘူး။ အနာဂတ်မှာတော့ ဘယ်လိုဖြစ်မလည်းဆိုတာ မဆုံးဖြတ်ရသေးပါဘူး …” လို့ ထုတ်လုပ်သူ Bruckheimer က ပြောကြားထားပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ ဇာတ်ညွှန်းရေးသားနေပြီ ဖြစ်တဲ့ Pirates ဇာတ်ကားအသစ်တစ်ခုထဲမှာ မင်းသမီး Margot Robbie ကို ပါဝင်သရုပ်ဆောင်စေဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

Photo Credit: Disney Studios

မင်းသားကြီး Depp ကတော့ လက်ရှိမှာ ဇနီးဟောင်း Amber Heard နဲ့ ဒေါ်လာသန်း(၅၀)တန် အမှုကို ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ ၂၀၁၈ ခုနှစ်က The Washington Post သတင်းစာမှာ Heard ရေးသားခဲ့တဲ့ ဆောင်းပါးဟာ Depp ရဲ့နာမည်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒါတင်မက ၂၀၁၈ ခုနှစ်မှာ The Sun သတင်းစာက ရေးသားခဲ့တဲ့ “မိန်းမရိုက်သူ”ဆိုတဲ့ ခေါင်းကြီးပိုင်း ဆောင်းပါးကြောင့် သရုပ်ဆောင်ကြေး ဒေါ်လာ(၂၂)သန်းကျော် ရရှိမယ့် The Pirates of the Caribbean 6 ကို လက်လွှတ် ဆုံးရှုံးခဲ့ရတယ်လို့လည်း မင်းသားကြီးရဲ့ အေးဂျင့်က တရားရုံးမှာ ထွက်ဆိုထားပါတယ်။

Photo via US Weekly

“ကျွန်တော် အဲဒါကို သတိမထားမိခဲ့ဘူး။ ဒါပေမယ့် အံ့လည်းမအံ့ဩပါဘူး။ ကျွန်တော့်ကို မိန်းမရိုက်တဲ့လူဆိုပြီး တစ်ကမ္ဘာလုံးက ဝိုင်းပြောကြတာ အချိန်နှစ်နှစ်လောက် ကြာခဲ့တယ် မဟုတ်လား။ အဲဒီတော့ Disney က သူတို့အတွက် စိတ်ချရအောင် ကျွန်တော်နဲ့ ဆက်ဆံရေးကို ရပ်စိုင်းလိုက်တယ်လို့ပဲ မြင်ပါတယ်။ အဲဒီအချိန်တုန်းက MeToo လှုပ်ရှားမှုကလည်း သိပ်ကိုအားကောင်းနေတာ မဟုတ်လား …” လို့ Depp က Variety နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဒါကြောင့်ပဲ Pirates ရုပ်ရှင်တွေနဲ့ မင်းသားကြီးရဲ့ အနာဂတ်ဟာ လက်ရှိမှာတော့ ဖြစ်နိုင်ချေ နည်းပါးနေသေးပြီး အမှုရဲ့အသွားအလာ၊ အခြေအနေတွေအရ နောင်လာမယ့် အနာဂတ်မှာတော့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Vancouver

Source: ENews/hollywoodlife

RELATED ARTICLES

Most Popular