HomeCharacterQuicksilver နဲ့ပတ်သက်ပြီး လူသိနည်းသေးတဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာများ

Quicksilver နဲ့ပတ်သက်ပြီး လူသိနည်းသေးတဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာများ

Quicksilver ကတော့ ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The X-Men #4 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Live Action တွေထဲမှာတော့ Quicksilver ဗားရှင်းနှစ်မျိူးကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနှစ်ခုကတော့ Fox ရဲ့ X-Men Universe ထဲကတစ်ယောက်နဲ့ MCU ထဲကတစ်ယောက်တို့ပဲ ဖြစ်ပါတယ်။ ဒီဗားရှင်းနှစ်ခုလုံးမှာတော့ သူ့ရဲ့အကြောင်းတွေကို သေချာမဖော်ပြခဲ့တာကြောင့် ပရိသတ်တွေ သိချင်လောက်မယ့် Quicksilver ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Quicksilver ဟာ Mutant လား?

photo via therichest

ကောမစ်ထဲက သူ့ရဲ့ Origin ကတော့ MCU ထဲမှာ မြင်တွေ့ခဲ့ရတာနဲ့ အတော်လေး ဆင်တူပါတယ်။ Pietro နဲ့ Wanda တို့ဟာ ဥရောပမှာပဲ မွေးဖွားခဲ့ပြီး ငယ်ဘဝမှာပဲ မိဘနှစ်ယောက်လုံးဟာ သေဆုံးသွားကြပါတယ်။ အစတုန်းကတော့ သူတို့နှစ်ယောက်လုံးဟာ မွေးရာပါအစွမ်းရှိတဲ့ Mutant တွေ ဖြစ်ကြပြီး MCU ထဲမှာတော့ Infinity Stone နဲ့ စမ်းသပ်မှုကြောင့် စွမ်းအားတွေ ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ အခုလို မတူညီရတဲ့ အကြောင်းရင်းကတော့ မူပိုင်ခွင့်ပြဿနာကြောင့်ပဲ ဖြစ်ပါတယ်။

Marvel စတူဒီယိုဟာ သူ့ရဲ့ကောမစ်ဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ဖန်တီးတော့မယ့်အချိန်မှာ ဘတ်ဂျက်အခြေအနေကြောင့် ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်ကို ရောင်းချခဲ့ရပါတယ်။ အဲဒီထဲမှာတော့ X-Men တွေလည်း ပါဝင်တာကြောင့် Marvel ဟာ Mutant ဆိုတဲ့စကားလုံးကို အသုံးပြုလို့ မရခဲ့ပါဘူး။ ဒါကြောင့်ပဲ ကောမစ်ထဲက Origin ကိုပါ ပြောင်းလဲခဲ့ပြီး သူတို့နှစ်ယောက်လုံးဟာ စမ်းသပ်မှုတစ်ခုကြောင့် စွမ်းအားတွေ ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Pietro ဟာ တချို့ကောမစ်တွေထဲမှာတော့ Isotope-E ကို အသုံးပြုပြီး သူ့ရဲ့စွမ်းအားတေွ မြင့်တက်လာအောင် ပြုလုပ်ခဲ့ပါသေးတယ်။

(2) သာမန်ထက် ထူးခြားတဲ့ဦးနှောက်ကို ပိုင်ဆိုင်ထားပါတယ်။

photo via therichest

Quicksilver ဟာ အမြန်ပြေးနေတဲ့ အချိန်မှာတော့ ပတ်ဝန်းကျင်နဲ့ ထိတွေ့နေနိုင်ပါတယ်။ ဒီအချက်ကတော့ အနည်းငယ် တွေးစရာလေးတွေ ရှိပါတယ်။ လူတစ်ယောက်မှာ အရေးကြီးဆုံး အစိတ်အပိုင်းက ဦးနှောက်ပဲ ဖြစ်ပြီး လုပ်သမျှအရာအားလုံးကို ဦးနှောက်ကပဲ ခွဲခြားစိတ်ဖြာပြီး ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

Quicksilver ဟာ အသံရဲ့အလျင်နဲ့ ပြေးနေတဲ့ အချိန်မှာတော့ သူ့ရဲ့ဦးနှောက်ကလည်း အဲဒီအလျင်အတိုင်း အလုပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သူ့ရဲ့အမြင်မှာတော့ အချိန်တွေဟာ နှေးသွားသလို ဖြစ်နေတဲ့ပုံစံမျိူး ဦးနှောက်က ပြုလုပ်ပေးရမှာပါ။ ဒီလိုမှသာ သူဟာ သူ့ရဲ့ ပတ်ဝန်းကျင်ကိုလည်း မြင်တွေ့ရနိုင်မှာ ဖြစ်သလို ပြေးနေရင်း တခြားလုပ်ဆောင်ချက်တွေကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ သူ့ရဲ့ဦးနှောက်ကသာ သာမန်လူအတိုင်းပဲ ဖြစ်နေမယ်ဆိုရင် ပြေးနေတဲ့အချိန်မှာ သူ့ဘာသာတောင် ဘယ်ကိုပြေးလို့ ပြေးနေမှန်း သိမှာ မဟုတ်တော့ပါဘူး။

(3) သူဟာ ဂျစ်ပစီတစ်ယောက် ဖြစ်ပါတယ်။

photo via therichest

အပေါ်မှာ ဖော်ပြထားသလိုပဲ Pietro နဲ့ Wanda တို့နှစ်ယောက်ဟာ ဥရောပအရှေ့ပိုင်းမှာ ကြီးပြင်းလာခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကိုတော့ မွေးကင်းစအရွယ်ကတည်းက ဂျစ်ပစီတွေ ဖြစ်တဲ့ Django နဲ့ Marya တို့က မွေးစားခဲ့ကြပါတယ်။ အချိန်တစ်ခု ကြာပြီးသွားတဲ့ နောက်မှာတော့ အယူသည်းတဲ့ ရွာခံတွေက တိုက်ခိုက်ခဲ့ကြတာကြောင့် သူတို့ရဲ့ မွေးစားမိဘ နှစ်ယောက်လုံး သေဆုံးသွားကြပါတယ်။ ဒါကြောင့်ပဲ သူတို့မောင်နှမနှစ်ယောက်ဟာလည်း တောထဲကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ Magneto က သူတို့နှစ်ယောက်ကို ရှာတွေ့ခဲ့ပြီး Brotherhood of Evil Mutant အဖွဲ့ထဲကို ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်လုံးဟာ Brotherhood of Evil Mutant အဖွဲ့နဲ့အတူ Avengers တွေနဲ့ X-Men တွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပြီး နောက်ပိုင်းကျမှသာ Avengers အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။

(4) သူဟာ Inhuman တစိတ်တပိုင်းလို့လည်း ပြောလို့ရပါတယ်။

photo via therichest

Inhuman တွေကတော့ Mutant တွေနဲ့ အနည်းငယ် ဆင်တူပြီး သူတို့တွေဟာလည်း မွေးကတည်းက စွမ်းအားတွေ ရရှိကြတာ ဖြစ်ပါတယ်။ ကွဲပြားတဲ့တစ်ချက်ကတော့ အဲဒီစွမ်းအားတွေကို အသုံးပြုနိုင်ဖို့အတွက် ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အချိန်မှာ Terrigen Mist နဲ့ ထိတွေ့ရတာပဲ ဖြစ်ပါတယ်။ Inhuman တွေကတော့ Kree တွေရဲ့ စမ်းသပ်မှုတွေကြောင့် ဖြစ်လာရတာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Pietro ဟာ Inhuman တွေနဲ့ ဆက်သွယ်မိခဲ့ပါတယ်။ အကြောင်းကတော့ Magneto နဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့စွမ်းအားတွေ ပျောက်ဆုံးကုန်တာကြောင့် Inhuman တွေရဲ့ အကူအညီကို ရယူခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ သူဟာ Inhuman တွေရဲ့ Terrigen Mist နည်းလမ်းအတိုင်း ပြုလုပ်ခဲ့ပြီး သူ့ရဲ့ DNA ကိုပါ ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ Inhuman တစိတ်တပိုင်း ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

(5) သမီးတစ်ယောက်လည်း ရှိပါသေးတယ်။

photo via therichest

Pietro ဟာ Crystal ဆိုတဲ့ Inhuman အမျိူးသမီးတစ်ယောက်နဲ့ နီးစပ်ခဲ့ဖူးပြီး သူတို့နှစ်ယောက်ဟာ Luna ဆိုတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ Pietro နဲ့ Crystal တို့ရဲ့ ဆက်ဆံရေးဟာ အချိန်ကြာကြာ မတည်မြဲခဲ့ဘဲ Pietro ဟာ ထွက်သွားခဲ့ပါတယ်။ Luna ကတော့ Inhuman နဲ့ Mutant တို့ပေါင်းစပ်ပြီး မွေးလာခဲ့ပေမယ့်လည်း ဘာစွမ်းအားမှ မရရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သူမဟာ Inhuman အဖြစ် ပြောင်းလဲစေသွားတဲ့ လုပ်ငန်းစဉ်ကြောင့် အမှန်ကို ပြောနေလား၊ လိမ်နေလားဆိုတာ သိရှိခံစားနိုင်တဲ့ စွမ်းအားကို ရရှိသွားပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Pietro ကို ရှာဖွေဖို့အတွက် သူမရဲ့ စွမ်းအားတွေကို အသုံးချပါတော့တယ်။

(6) သူဟာ ကျောင်းဆရာလည်း ဖြစ်ခဲ့ဖူးပါတယ်။

photo via therichest

အစွမ်းရှိတဲ့ ကလေးတွေကို လေ့ကျင့်သင်ကြားပေးတဲ့ Avengers Academy မှာတော့ Pietro ဟာ Tigra ၊ Justice နဲ့ Speedball တို့လို ဇာတ်ကောင်တွေနဲ့အတူ နည်းပြခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကတော့ Heroic Age ဆိုတဲ့ ကောမစ်ထဲမှာ ဖြစ်ပျက်ခဲ့တာပါ။ ကောမစ်စာအုပ်တွေရဲ့ ထုံးစံအတိုင်းပဲ နောက်ပိုင်းမှာတော့ Pietro ရဲ့ ငြိမ်းငြိမ်းချမ်းချမ်း စာသင်ရတဲ့ နေ့ရက်တွေဟာ ပျောက်ဆုံးသွားပါတော့တယ်။

(7) Wanda ကို Vision နဲ့ သဘောမတူခဲ့ပါဘူး။

photo via therichest

Wanda ဟာ Avengers အဖွဲ့ထဲကို ဝင်ရောက်ပြီးတဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ဝင်ဖြစ်သူ Vision နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ Vision ကတော့ Ultron ဖန်တီးခဲ့တဲ့ android တစ်ခု ဖြစ်ပြီးတော့ စက်ရုပ်တစ်ခုလို့ ပြောရင်လည်း ရပါတယ်။ ဒါကြောင့်ပဲ Quicksilver ဟာ သူမကို Vision နဲ့ သဘောမတူခဲ့ပါဘူး။ အကြောင်းကတော့ သူမဟာ စက်ရုပ်တစ်ခုနဲ့ မချစ်ကြိုက်သင့်ဘူးလို့‌ ယူဆလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Pietro ဟာ Vision အပေါ်မှာ အမြင်ကြည်လာပြီး Wanda တို့ရဲ့ အိမ်ထောင်ရေးကို ကောင်းချီးပေးခဲ့ပါတယ်။

ဒါကတော့ Quicksilver နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular