HomeCelebs Update NewsInternationalအချစ်စစ်နဲ့မတွေ့ခင်တုန်းက တစ်နှစ်အတွင်း လူ(၅၀)လောက်နဲ့ ဒိတ်ခဲ့တယ်ဆိုတဲ့ Rebel Wilson

အချစ်စစ်နဲ့မတွေ့ခင်တုန်းက တစ်နှစ်အတွင်း လူ(၅၀)လောက်နဲ့ ဒိတ်ခဲ့တယ်ဆိုတဲ့ Rebel Wilson

နာမည်ကျော်သရုပ်ဆောင် Rebel Wilson ကတော့ သူမရဲ့အချစ်စစ်ကို ရှာမတွေ့ခင် တစ်နှစ်တာကာလအတွင်းမှာ လူအယောက်(၅၀)လောက်နဲ့ ဒိတ်လုပ်ပြီး သူမအတွက်လက်တွဲဖော်ကို ရှာဖွေခဲ့တယ်လို့ ဖွင့်ဟပြောဆိုထားပါတယ်။ Rebel ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ သူမရဲ့အချစ်ရေးကို လူသိရှင်ကြား ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ သူမဟာ Ramona Agruma ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်နေတဲ့အကြောင်း ပရိသတ်ကို တရားဝင် အသိပေးလာတာ ဖြစ်ပါတယ်။

အသက်(၄၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Rebel ဟာ သူမနဲ့ကိုက်ညီမယ့် လက်တွဲဖော်ကို ရှာဖွေဖို့ တကယ် စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Rebel ဟာ U Up? ဆိုတဲ့ podcast မှာ ပြောပြထားတာ ဖြစ်ပါတယ်။ အဲဒီလိုကိုက်ညီမယ့် လက်တွဲဖော်ကို ရှာဖွေရာမှာတော့ မိတ်ဆွေသူငယ်ချင်းတွေက မိတ်ဆက်ပေးသူတွေကိုလည်း ဒိတ်လုပ်ကြည့်ခဲ့သလို celebrity dating app တစ်ခုဖြစ်တဲ့ Raya ကို သုံးပြီးတော့လည်း ဒိတ်လုပ်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: rebelwilson/ Instagram

“ကျွန်မထင်တာတော့ အဲဒီနှစ်တုန်းက တစ်နှစ်တည်းမှာကို လူအယောက်ငါးဆယ်လောက်နဲ့ ဒိတ်လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီထဲက တချို့တွေကတော့ တစ်ခါပဲ ဒိတ်ပြီး နောက်ကို ဆက်မဒိတ်ချင်တော့တဲ့သူတွေချည်းပါပဲ။ ဒါပေမယ့်လည်း ကျွန်မက အတွေ့အကြုံ ရချင်တဲ့အတွက် ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး လူတွေအများကြီးနဲ့ တွေ့ကြည့်ခဲ့တာပါ…”လို့ Rebel က ရှင်းပြထားပါတယ်။

သူမ အသုံးပြုတဲ့နည်းလမ်းဟာ ပုံမှန်တော့ သိပ်မဟုတ်ပေမယ့် သူမ လိုချင်တဲ့ ချစ်သူဟာ ဘယ်လိုလူမျိုးလည်းဆိုတာကို ကောင်းကောင်းသိခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်မကတော့ ပျော်စရာကောင်းတယ်လို့ ထင်တာပါပဲ။ ကျွန်မအဲဒီလို ဒိတ်ခဲ့မိလို့ ထိခိုက်နာကျင်ခဲ့ရတဲ့သူလည်း မရှိဘူးလို့ ထင်တာပဲ။ ဘာလို့လည်းဆိုတော့ ကျွန်မနဲ့ ဒိတ်တယ်ဆိုတာကိုလည်း ကျွန်မနဲ့ ကျွန်မရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေကလွဲပြီး ဘယ်သူမှလည်း သိတာမဟုတ်ဘူးလေ …” လို့ ဆိုပါတယ်။

Photo: rebelwilson/ Instagram

ဒါ့အပြင် သူမ တွေ့ခဲ့တဲ့ လူတွေထဲမှာ ဘီလျံနာသူဌေးတွေကနေ ဘာတစ်ခုမှမရှိတဲ့သူတွေအထိ အရောင်အသွေး၊ အဆင့်အတန်းမျိုးစုံ ပါဝင်ခဲ့တယ်လို့ ပြောပြထားပါတယ်။ ဒီလိုလူပေါင်းစုံကို တွေ့ကြည့်၊ ဒိတ်ကြည့်ပြီး နောက်ဆုံးမှာတော့ ယခုလက်ရှိတွဲနေတဲ့ သူမရဲ့ချစ်သူ Ramona ကို ဘယ်လိုတွေ့ရှိခဲ့တယ် ဆိုတာကိုလည်း ပြောပြထားပါတယ်။

“အဲဒါကျတော့ သူငယ်ချင်းက ချိတ်ပေးတာပါ။ သူက ကျွန်မတို့နှစ်ယောက်စလုံးကို သိလာတာ ငါးနှစ်လောက် ရှိနေပြီလေ။ အဲဒီမှာ ကျွန်မတို့နှစ်ယောက်က အဆင်ပြေလောက်တယ်လို့ သူထင်လို့ တွေ့ပေးကြည့်လိုက်တာပေါ့။ တကယ်လည်း ကျွန်မတို့ အဆင်ပြေသွားခဲ့တာပါပဲ။ ထင်တာတော့ ယုံကြည်ရတဲ့သူက မိတ်ဆက်ပေးတာဖြစ်လို့ နှစ်ယောက်ကြားက အဆင့်တွေက မြန်မြန်ဆန်ဆန်ပဲ ရှေ့ကိုတိုးသွားခဲ့တယ် ထင်တာပါပဲ။ ဘာလို့လည်းဆိုတော့ ကိုယ့်မိတ်ဆွေကျတော့ ပြောတဲ့အတိုင်း တကယ်ယုံကြည်ရတယ်လေ။ app တွေမှာကျတော့ ကိုယ်မသိတဲ့လူတွေနဲ့ချည်းပဲ တွေ့ရတာမို့လား …”လို့ Rebel က ပြောပြထားပါတယ်။

Photo: rebelwilson/ Instagram

Rebel Wilson ဟာ ချစ်သူ Ramona Agruma နဲ့ ချစ်ကြိုက်နေကြောင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လ(၉)ရက်နေ့က အသိပေးထားတာ ဖြစ်ပါတယ်။ Ramona ကတော့ ဖက်ရှင်နဲ့ လက်ဝတ်ရတနာ ဒီဇိုင်နာတစ်ယောက် ဖြစ်ပြီး Rebel နဲ့ သိပ်ကိုအဆင်ပြေကာ နှစ်ယောက်သား မခွဲဘဲ တတွဲတွဲ ရှိနေကြတယ်လို့လည်း သိရပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular