HomeEntertainmentFilmလပိုင်းအတွင်း ပူပူနွေးနွေး ထွက်ရှိထားတဲ့ ရုပ်ရှင်ကားကောင်းများ

လပိုင်းအတွင်း ပူပူနွေးနွေး ထွက်ရှိထားတဲ့ ရုပ်ရှင်ကားကောင်းများ

လက်ရှိအခြေအနေမှာ ကျွန်တော်တို့ နိုင်ငံဟာ အဘက်ဘက်က ပြဿနာတွေ ရှိနေပြီး လူတိုင်းလည်း စိတ်ညစ်ညူးနေကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ကိုယ်တိုင်လည်း တတ်နိုင်တဲ့ဘက်က ကူညီကြရမှာ ဖြစ်ပေမယ့် အချိန်တိုင်း စိတ်ညစ်နေလို့တော့ မဖြစ်သေးပါဘူး။ တခါတရံမှာတော့ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ခဏလောက် မေ့ထားပြီး ရုပ်ရှင်လေးတွေ ကြည့်ပြီး စိတ်ဖြေလျှော့ပေးသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လပိုင်းအတွင်း ပူပူနွေးနွေး ထွက်ရှိထားတဲ့ ရုပ်ရှင်ကားကောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(7) Boss Baby: Family Business
photo via screenrant

ဒီ animation ကတော့ IMDb (6.0) ရရှိထားတဲ့ ဟာသဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားတဲ့ Boss Baby ရဲ့ အဆက်ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ Tim တို့ ညီအစ်ကိုနှစ်ယောက်ဟာ အသက်ကြီးသွားကြပြီ ဖြစ်ပါတယ်။ Tim ဆိုရင် မိသားစုနဲ့ ကလေးတွေတောင် ရှိနေပြီး Ted ကတော့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း Tim ရဲ့ အငယ်ဆုံးသမီးလေးကလည်း Boss Baby ဖြစ်နေပြီး အကြောင်းတစ်ခုကြောင့် Tim တို့နှစ်ယောက်ဟာလည်း Boss Baby ရဲ့ မစ်ရှင်ကို လုပ်ပေးရပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Alec Baldwin ၊ Lisa Kudrow နဲ့ James Marsden တို့ အဓိက ပါဝင်ထားပါတယ်။

(6) Fear Street: 1994
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.2) ရရှိထားကာ Netflix က ရိုက်ကူးထားတဲ့ Horror ရုပ်ရှင် ဖြစ်ပါတယ်။ Shadyside ဆိုတဲ့ စိတ်ကူးယဉ် မြို့ကလေးမှာ အဓိက ဇာတ်အိမ်တည်ထားပြီး အဲ့ဒီမြို့ဟာ နှစ်ပေါင်းသုံးရာလောက်ကြာအောင် ကျိန်စာသင့်နေခဲ့ပါတယ်။ အဲ့ဒီကျိန်စာကတော့ Shadyside မြို့မှာနေသူတွေဟာ သူ့အလိုလို ရူးသွပ်သွားပြီး လူတွေကို သတ်ပစ်တာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ၁၉၉၄ ခုနှစ်မှာ လူငယ်တစ်စုက အဲ့ဒီကျိန်စာနဲ့ ရင်ဆိုင်ကြတဲ့ အကြောင်းကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Kiana Madeira ၊ Julia Rehwald နဲ့ Benjamin Flores Jr တို့က အဓိက ပါဝင်ထားပါတယ်။

(5) Hitman’s Wife’s Bodyguard
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.3) ရရှိထားတဲ့ ဟာသအက်ရှင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hitman’s Bodyguard ရဲ့ အဆက် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကြေးစားလူသတ်သမား Kincaid ဟာ အဖမ်းခံထားရတာကြောင့် သူ့ကို ပြန်လည်ကယ်တင်ဖို့အတွက် သူ့မိန်းမဟာ သက်တော်စောင့်ဖြစ်တဲ့ Bryce ကို သွားရောက်ခေါ်ယူပြီး အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Ryan Reynolds ၊ Salma Hayek နဲ့ Samuel L. Jackson တို့က အဓိက ပါဝင်ထားပါတယ်။

(4) Tomorrow War
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.6) ရရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလတစ်ခု ဖြစ်တဲ့ ၂၀၅၁ ခုနှစ်မှာတော့ ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေ ကျူးကျော်လာတာကြောင့် လူသားတွေဟာ ပြန်လည်တိုက်ခိုက်ရပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာတော့ လူသားတွေဟာ အနည်းငယ်ပဲ ကျန်ရှိတော့တာကြောင့် သူတို့ဟာ အတိတ်ကာလကို အချိန်ခရီးသွားပြီး ဂြိုဟ်သားတွေကို တိုက်ခိုက်ပေးဖို့အတွက် အတိတ်ကလူတွေကို လာခေါ်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Chris Pratt ၊ Yvonne Strahovski နဲ့ J. K. Simmons တို့က အဓိက ပါဝင်ထားပါတယ်။

(3) Fear Street Part Two: 1978
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.8) ရရှိထားပြီး Fear Street: 1994 ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Trilogy အနေနဲ့ Fear Street Part Three: 1666 ဆိုပြီး နောက်ထပ်တစ်ကား ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ Shadyside ရဲ့ ကျိန်စာအကြောင်းကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Sadie Sink ၊ Emily Rudd နဲ့ McCabe Slye တို့က အဓိက ပါဝင်ထားပါတယ်။

(2) Black Widow
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.0) ရရှိထားတဲ့ MCU ရဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Civil War နဲ့ Infinity War ကြားထဲက အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ Natasha နဲ့ Red Room တို့ကြားက ဖြစ်ရပ်တွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Yelena Belova နဲ့ Red Guardian တို့လို ဇာတ်ကောင်အသစ်တွေလည်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Scarlett Johansson ၊ Florence Pugh ၊ Rachel Weisz နဲ့ David Harbour တို့က အဓိက ပါဝင်ထားပါတယ်။

(1) Luca
photo via screenrant

ဒီ animation ကတော့ IMDb (7.5) ရရှိထားတဲ့ စွန့်စားခန်း ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လျှို့ဝှက်ရေအောက်ကမ္ဘာထဲက ရေနေသတ္တဝါလေး နှစ်ကောင်အကြောင်းကို စိတ်ကူးယဉ် ပုံဖော်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီရေနေသတ္တဝါလေး နှစ်ကောင်ကတော့ ရေထဲကနေ ထွက်လာရင် လူအဖြစ်ပုံစံ ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ လူတွေနေထိုင်တဲ့ မြို့ပေါ်ကို ရောက်ရှိသွားပြီး ဘာတွေဆက်ဖြစ်သွားမလည်း ဆိုတာကို မြင်တွေ့ရမှာပါ။ Jacob Tremblay ၊ Jack Dylan Grazer နဲ့ Emma Berman တို့က အဓိကပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။

ဒါကတော့ လပိုင်းအတွင်းမှာ ထွက်ရှိထားတဲ့ ဇာတ်ကားသစ်တွေထဲက ကောင်းနိုးရာရာလေးတွေကို စုစည်းပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားသစ်လေးတွေ ရှိရင်လည်း ပြန်လည်ဝေမျှပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular