HomeCelebs Update NewsInternationalActor တွေအနေနဲ့ Comic Book Movie တွေမှာ သရုပ်ဆောင်ပြီး ဘဝပြောင်းလဲဖို့ မမျှော်မှန်းသင့်ဘူးလို့ ပြောလိုက်တဲ့ Russell Crowe

Actor တွေအနေနဲ့ Comic Book Movie တွေမှာ သရုပ်ဆောင်ပြီး ဘဝပြောင်းလဲဖို့ မမျှော်မှန်းသင့်ဘူးလို့ ပြောလိုက်တဲ့ Russell Crowe

မင်းသားကြီး Russell Crowe ကတော့ comic book movie တွေမှာ သရုပ်ဆောင်ကြတဲ့ လူငယ် actor တွေအနေနဲ့ ဘဝအလှည့်အပြောင်းနဲ့ ကျိန်းသေပေါက် တွေ့ရမယ်လို့ မမျှော်လင့်ထားသင့်ကြောင်း ပြောလိုက်ပါတယ်။

British GQ မဂ္ဂဇင်းဟာ မကြာသေးခင်ကပဲ Russell Crowe နဲ့ တွေ့ဆုံပြီး စူပါဟီးရိုးရုပ်ရှင်တွေမှာ သရုပ်ဆောင်ရတဲ့ အတွေ့အကြုံအကြောင်း မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကတော့ မင်းသမီး Dakota Johnson နဲ့ ဆက်စပ်မှု ရှိပါတယ်။

Madame Web ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Dakota Johnson ဟာ မကြာသေးခင်ကပဲ “အခုခေတ်မှာ အနုပညာကို ကော်မတီအဖွဲ့တွေကပဲ ဆုံးဖြတ်နေကြတယ် …” လို့ ပြောခဲ့ပြီး ဒီအပေါ် မင်းသားကြီးရဲ့ ထင်မြင်ချက်ကို မေးမြန်းတာ ဖြစ်ပါတယ်။

မင်းသားကြီးကတော့ ဒီလိုရုပ်ရှင်တွေကို deep ဖြစ်အောင် ဖန်တီးရမယ်ဆိုတဲ့ အိုင်ဒီယာအပေါ် ရယ်သွမ်းသွေးလိုက်ပါတယ်။ မင်းသားကြီးကိုယ်တိုင်က ကောမစ်ကာရိုက်တာတွေနဲ့ မစိမ်းတဲ့သူတစ်ယောက် ဖြစ်ပေမယ့် သရုပ်ဆောင်တွေအနေနဲ့ စူပါဟီးရိုးရုပ်ရှင်မှာ ပါရမယ်ဆိုတိုင်း ဘဝအလှည့်အပြောင်း ဖြစ်မယ်လို့ တထစ်ချ မျှော်လင့်ထားတာဟာ မှားယွင်းကြောင်း ပြောလိုက်ပါတယ်။

“ဘယ်သူပြောတာကိုမှတော့ ကျုပ်မှတ်ချက်မပေးလိုဘူး။ သူတို့ဘာတွေ တွေ့ကြုံခဲ့တယ်ဆိုတာလည်း မသိဘူးပေါ့။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်ရဲ့ညစ်ပတ်တဲ့ ဟာသဉာဏ်တွေ ထွက်လာအောင် လုပ်နေတာပဲ (ရယ်လျက်) …”

“ကိုယ်က Marvel ရုပ်ရှင်ထဲမှာပါဖို့ လုပ်ထားပြီးတော့၊ ကာတွန်းဇာတ်ကောင်တွေရဲ့ သောက် universe ကြီးထဲမှာ ဝင်သရုပ်ဆောင်ဖို့ လုပ်ထားပြီးတော့၊ ပြီးကျမှ ခင်ဗျားရုပ်ရှင်က ခံစားချက်တွေ လှိုက်ခနဲ လှိုက်ခနဲနဲ့ ကရုဏာရသတွေ တဖွားဖွားပေါ်လာတာမျိုး မရဘူးလို့ ပြောချင်နေတာလား …”

“ဘယ်လိုကြည့်ကောင်းအောင် ပြောရမလည်းတော့ မသိဘူး။ ပြောရရင် ဒါဟာ ဧရာမစက်ကြီးတစ်လုံးလိုပဲ။ သူတို့က ရုပ်ရှင်တွေကို ဆိုဒ်အရွယ်အစားတွေနဲ့ ထုတ်တယ်။ အဲ့တော့ အဲ့မှာအလုပ်တွေ ပေါ်လာတယ်။ ပြောချင်တာက ဒီမှာ မင်းရဲ့ role ဆိုရင် အဲဒါကို သရုပ်ဆောင်လိုက်ရုံပဲလေ …”

“အဲဒါကို မင်းဘဝအတွက် အလှည့်အပြောင်း ဖြစ်စေမယ့် ကိစ္စကြီးတစ်ခုလို မျှော်မှန်းထားရင်တော့ မင်း ဒီရုပ်ရှင်ကို သရုပ်ဆောင်ဖို့ ရွေးချယ်ရတဲ့ အကြောင်းပြချက်က မှားနေပြီလို့ ပြောချင်တယ် …” လို့ Crowe က ပြောပါတယ်။

သို့သော်လည်း စူပါဟီးရိုးရုပ်ရှင်တွေကို ရိုက်ကူးရတာဟာ စိန်ခေါ်မှုရှိပြီး green screen တွေနဲ့ သရုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ကာရိုက်တာအပေါ် သက်ဝင်မှုမှာလည်း ပုံမှန်ထက်ပိုပြီးတော့ အားစိုက်ရတာတွေရှိတယ်လို့ ပြောပါတယ်။

“ဒါပေမယ့် အခုကျုပ်ပြောတာကို သူ့(Dakota Johnson)ရဲ့ စကားအပေါ် တိုက်ရိုက်ကြီး သွားပြီးတော့တော့ သတ်မှတ်လို့ မရဘူး။ ဘာလို့လည်းဆိုတော့ သူ့ကိုလည်း ကျုပ်မသိဘူး။ သူ ဘာတွေကြုံတွေ့ခဲ့ရတယ် ဆိုတာလည်း ကျုပ်မသိဘူး။ ရုပ်ရှင်တစ်ကားရိုက်တယ်ဆိုတာ တကယ်ဆိုးဝါးတာတွေနဲ့လည်း ကြုံရနိုင်တာပဲလေ …”

“ဒါပေမယ့် Marvel ရဲ့ အလုပ်လုပ်ပုံကို ပြောတယ်ဆိုရင်တော့ အဲ့လိုပြောလို့မရဘူးလို့ ထင်တယ်။ ကျုပ်အတွက်ကတော့ ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတာမျိုး မရှိဘူး။ Thor မှာဆိုရင်လည်း အိုကေ … ဟုတ်တယ်။ အဲဒါ Marvel ရုပ်ရှင်။ ဒါပေမယ့် အဲဒါက Taika Waititi ရဲ့ကမ္ဘာလေ။ နေ့တိုင်း ရူးကြောင်ကြောင်တွေ လုပ်နေရတာ …”

“ပြီးတော့ Kraven မှာဆိုရင် JC Chandor နဲ့ အလုပ်လုပ်ရတယ်။ အဲ့ကားမှာဆိုရင် ကျုပ်က အိမ်ဖြည့်သဘောပါပဲ။ လူငယ်သရုပ်ဆောင်တွေ ပြောစရာ တိုင်ပင်စရာ သရုပ်ဆောင်တစ်ယောက် ပါတဲ့အနေနဲ့ပဲ။ JC နဲ့ အလုပ်လုပ်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။ ပြောရရင် အဲဒီဒါရိုက်တာ တော်တော်များများက စကေးလ်တွေ တော်တော်ဂျွတ်တဲ့လူတွေပါ။ တကယ့်ကို ပါရမီရှင်တွေပါပဲ …” လို့ မင်းသားကြီးက ပြောထားပါတယ်။

မင်းသမီး Dakota Johnson ကတော့ Bustle မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ယခုနှစ်အစောပိုင်းက ထွက်ရှိခဲ့တဲ့ Madame Web ရုပ်ရှင်ဟာ ငွေကြေးအရရော၊ ရုပ်ရှင်ဝေဖန်ရေးမှာပါ အလုပ်မဖြစ်ခဲ့တာကို မအံ့ဩတဲ့အကြောင်း ပြောခဲ့တာပါ။

“ရုပ်ရှင်တွေ ရိုက်ဖြစ်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ပြီးတော့ ကျွန်မ ကြောက်မိတာပေါ့နော်။ ရိုက်ဖြစ်တဲ့ ရုပ်ရှင်အကြီးစားတွေဆိုရင်လည်း၊ ပြောရရင် အခုဆို ရုပ်ရှင်အသေးလေးတွေတောင် စပြီးဖြစ်နေပါပြီ။ ဘာလည်းဆိုတော့ ဆုံးဖြတ်ချက်တွေကို ကော်မတီတွေကပဲ ချနေကြတာလေ …”

“ပြီးတော့ ကော်မတီတွေက ဆုံးဖြတ်ပြီဆိုရင် အနုပညာက ရလဒ်မကောင်းတော့ဘူး။ ရုပ်ရှင်ဆိုတာ ဒါရိုက်တာတွေရယ်၊ ရုပ်ရှင်အဖွဲ့သားတွေရယ် ပူးပေါင်းပြီး ဖန်တီးရတာလေ။ အနုပညာကို ကိန်းဂဏန်းတွေ၊ အယ်လ်ဂိုရစ်သမ်တွေနဲ့ ဖန်တီးလို့မရဘူး …”

“ကျွန်မ ခံစားမိတာကတော့ ကြည့်တဲ့ပရိသတ်တွေက အရမ်းကိုမှ smart ဖြစ်ကြပြီးတော့ executive တွေကတော့ ပရိသတ်တွေကို လျှော့တွက်နေကြတာပေါ့။ ဒါပေမယ့် မကောင်းဘူးဆိုရင် ပရိသတ်တွေက အမြဲတမ်း နှာခေါင်းရှုံ့ကြမှာပဲလေ။ တကယ်လို့ AI နဲ့ ရုပ်ရှင်တွေ ရိုက်မယ်ဆိုရင်တောင် လူတွေကတော့ အဲ့ဟာတွေကို သွားကြည့်ကြမှာ မဟုတ်ပါဘူး …” လို့ Dakota Johnson က ပြောထားတာ ဖြစ်ပါတယ်။

Vancouver

Source: variety

 

RELATED ARTICLES

Most Popular