HomeEntertainmentFilm၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Sci-Fi ၊ Fantasy ဇာတ်လမ်းတွဲအသစ်များ

၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Sci-Fi ၊ Fantasy ဇာတ်လမ်းတွဲအသစ်များ

ယခုအချိန်မှာတော့ ၂၀၂၂ ခုနှစ်ကို တစ်ဝက်နီးပါး ကုန်ဆုံးခဲ့ပြီ ဖြစ်ပေမယ့်လည်း ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေဟာ ကိုဗစ်ကြောင့် ရှေ့နှစ်တွေမှာ Delay ထားတာကြောင့် ယခုနှစ်အတွင်းမှာ အသစ်တွေများစွာ ထွက်လာဖို့ ရှိပါသေးတယ်။ ဒါ့အပြင် ယခုနှစ်အတွင်းမှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲ အများစုကိုလည်း မြင်တွေ့ရမှာ ဖြစ်တာကြောင့် အသစ်ထွက်ရှိလာမယ့် Sci-Fi ၊ Fantasy ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Obi-Wan Kenobi

photo via screenrant

Star Wars Franchise ထဲက အထင်ကရ Jedi Master ဖြစ်တဲ့ Obi-Wan Kenobi ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး Ewan McGregor ကပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ Star Wars: Episode III – Revenge of the Sith အပြီး ဆယ်နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒါ့အပြင် Hayden Christensen ကလည်း Anakin အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ပထမအပိုင်း နှစ်ပိုင်းကိုတော့ မေလ (၂၇)ရက်နေ့မှာ Disney+ မှာ ပြသသွားမှာ ဖြစ်ပြီး အပိုင်း(၆)ပိုင်းပဲ ပါဝင်မယ့် Limited Series လည်း ဖြစ်ပါတယ်။

(2) Ms. Marvel

photo via screenrant

ဒီဇာတ်လမ်းတွဲကလည်း အပိုင်း(၆)ပိုင်းပဲ ပါဝင်မယ့် Limited Series ပဲ ဖြစ်ပြီး MCU ရဲ့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Khamala Khan ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ သူမကတော့ Captain Marvel ကို အလွန်လေးစားအားကျတဲ့ (၁၆)နှစ်အရွယ် ဆယ်ကျော်သက် ကောင်မလေးတစ်ယောက် ဖြစ်ပြီး သူမကိုယ်တိုင်က စွမ်းအားတွေ ရရှိသွားတဲ့ အချိန်မှာတော့ သူမ အားကျရတဲ့ စူပါဟီးရိုးတွေလို ဖြစ်လာဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ဇွန်လ (၈)ရက်နေ့မှာ Disney+ ကပဲ ပြသသွားမှာ ဖြစ်ပါတယ်။

(3) She-Hulk

photo via screenrant

ဒီဇာတ်လမ်းတွဲကလည်း MCU ရဲ့ နောက်ထပ် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး ဇာတ်ကောင်အသစ် ဖြစ်တဲ့ Jennifer Walters တဖြစ်လည်း She-Hulk ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမကတော့ Bruce Banner ရဲ့ ဝမ်းကွဲတော်စပ်သူ ဖြစ်ပြီး Superhuman တွေနဲ့ ပတ်သက်တဲ့ အမှုတွေကို ကိုင်တွယ်ရတဲ့ ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။ MCU ထဲမှာတော့ သူမဟာ She-Hulk အဖြစ် ဘယ်လို ပြောင်းလဲသွားမလည်းဆိုတာ မသိရသေးပေမယ့်လည်း ကောမစ်ထဲမှာတော့ Bruce ဟာ Jennifer ကို ကယ်တင်ဖို့အတွက် သွေးသွင်းပေးလိုက်တာကြောင့် She-Hulk အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ အပိုင်း(၁၀)ပိုင်း ပါဝင်မှာဖြစ်ပြီး ဩဂုတ်လ (၁၇)ရက်နေ့မှာ Disney+ က ပြသသွားမှာ ဖြစ်ပါတယ်။

(4) House of the Dragon

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Game of Thrones ဇာတ်လမ်းတွဲရဲ့ Prequel ပဲ ဖြစ်ပြီး GoT ထဲက အဖြစ်အပျက်တွေ မတိုင်ခင် နှစ်ပေါင်း(၂၀၀) မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းကတော့ အမည်အတိုင်းပဲ Targaryen အိမ်တော်ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး Dance of the Dragons လို့ခေါ်တဲ့ နန်းလုဖို့ ကြိုးစားရင်း ဖြစ်ကြတဲ့ ပြည်တွင်းစစ်ကြီးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ Season 1 မှာတော့ အပိုင်း(၁၀)ပိုင်း ပါဝင်လာမှာ ဖြစ်ပြီး ဩဂုတ်လ (၂၁)ရက်နေ့က စတင်ပြီး HBO Max ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

(5) The Lord of the Rings: The Rings of Power

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ The Lord of the Rings Franchise ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်ပြီး The Hobbit Franchise ထဲက အဖြစ်အပျက်တွေ မတိုင်ခင် နှစ်ပေါင်းထောင်နဲ့ချီတဲ့ အချိန်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Middle-Earth ရဲ့ Second Age ကို မြင်တွေ့ရမှာ ဖြစ်ပြီး Rings of Power တွေကို သွန်းလုပ်တာနဲ့ Dark Lord Sauron ဖြစ်ပေါ်လာတာကိုလည်း မြင်တွေ့ရမှာပါ။ Season 1 ထဲမှာတော့ အပိုင်း(၈)ပိုင်း ပါဝင်လာမယ်လို့ သိရပြီး စက်တင်ဘာလ (၂)ရက်နေ့မှာ Prime Video ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

(6) The Witcher: Blood Origin

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ The Witcher ဇာတ်လမ်းတွဲမတိုင်ခင် နှစ်ပေါင်း(၁၂၀၀)ခန့်မှာ ဇာတ်အိမ်တည်ထားတဲ့ Prequel ဇာတ်လမ်းတွဲ ဖြစ်ပြီး အပိုင်း(၆)ပိုင်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ရှေးဟောင်း Elf တွေရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်သလို ပထမဆုံး Witcher ရဲ့ Origin ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Netflix ကပဲ ဖန်တီးသွားမှာ ဖြစ်ပြီး ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

(7) The Sandman

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ DC ကောမစ်ရဲ့ The Sandman ကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားကာ Netflix ကပဲ ပြသသွားမှာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ ဇာတ်လမ်းကတော့ အချိန်တွေအားလုံးရဲ့ အစမှာကတည်းက တည်ရှိခဲ့တဲ့ Endless ဆိုတဲ့ မောင်နှမ(၇)ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့ Destiny ၊ Death ၊ Dream ၊ Desire ၊ Delirium နဲ့ Destruction တို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့အမည်တွေဟာ သူတို့ရဲ့လုပ်ဆောင်မှုတွေနဲ့ တာဝန်ရှိတဲ့အရာတွေကို ကိုယ်စားပြုပြီး အပိုင်း(၁၁)ပိုင်း ပါဝင်လာမယ်လို့ သိရပါတယ်။

(8) Andor

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Rogue One: A Star Wars Story ရုပ်ရှင်ရဲ့ Prequel ဇာတ်လမ်းတွဲပဲ ဖြစ်ပြီး Cassian Andor ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Rogue One: A Star Wars Story ရုပ်ရှင်မတိုင်ခင် (၅)နှစ်အချိန်မှာ ဇာတ်အိမ်တည်ထားပြီး Season 1 မှာတော့ အပိုင်း(၁၂)ပိုင်း ပါဝင်တယ်လို့ သိရပါတယ်။ ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ မသိရသေးဘဲ Disney+ ကနေပဲ ပြသသွားမှာ ဖြစ်ပါတယ်။

(9) Secret Invasion

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် MCU ရဲ့ နောက်ဆုံးပရောဂျက်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပေမယ့် ကောမစ်ထဲက Secret Invasion ကတော့ အသွင်အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ Skrull တွေဟာ ကမ္ဘာပေါ်က စူပါဟီးရိုးတွေနေရာမှာ အစားထိုး ဝင်ရောက်နေကြတာကို မြင်တွေ့ခဲ့ရပါတယ်။ အပိုင်း(၆)ပိုင်း ပါဝင်လာမယ်လို့ သိရပြီး ထွက်ရှိလာမယ့် ရက်အတိအကျကိုလည်း မသိရသေးပါဘူး။

ဒါကတော့ ယခုနှစ်အတွင်းမှာ ထွက်ရှိလာဖို့ ရှိနေတဲ့ Sci-Fi နဲ့ Fantasy ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ အများစုကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်တာကြောင့် ထွက်ရှိလာမယ့် အချိန်ကို အတူတူ ရင်ခုန်စွာ စောင့်မျှော်လိုက်ကြရအောင်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular