HomeEntertainmentFilmA24 ရဲ့ ရုပ်ရှင်သစ်အတွက် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားတဲ့ Sebastian Stan

A24 ရဲ့ ရုပ်ရှင်သစ်အတွက် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားတဲ့ Sebastian Stan

သရုပ်ဆောင် Sebastian Stan ကတော့ သူ့ရဲ့ရုပ်ရှင်အသစ်ထဲက ဇာတ်ရုပ်အတွက် ပရိသတ်တွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားပါတယ်။ A Different Man လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Sebastian ဟာ အာရုံကြောရောဂါ ခံစားနေရတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး ဇာတ်ရုပ်အတွက် အထူးမိတ်ကပ်တွေကို အသုံးပြုထားရပါတယ်။

အသက်(၃၉)နှစ်ရှိပြီ ဖြစ်တဲ့ Sebastian ကိုတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ နယူးယော့ခ်၊ ဘရွတ်ကလင်းက ရိုက်ကွင်းပေါ်မှာ အထူးမိတ်ကပ်တွေနဲ့ တွေ့လိုက်ရတာ ဖြစ်ပြီး မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းလဲထားတာကို တွေ့ရပါတယ်။ A24 စတူဒီယိုက ထုတ်လုပ်မယ့် ဒီဇာတ်ကားထဲမှာတော့ Sebastian ဟာ Edward ဆိုတဲ့ ကာရိုက်တာအဖြစ် သရုပ်ဆောင်ရမှာပါ။

Photo: imsebastianstan/ Instagram

Edward ကတော့ neurofibromatosis လို့ခေါ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရသူ ဖြစ်ပါတယ်။ အဲဒီရောဂါကတော့ မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့် အာရုံကြောဆိုင်ရာ တစ်သျှူးတွေပေါ်မှာ အကြိတ်တွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ Edward ဟာ သူ့ရဲ့မျက်နှာကို ပုံစံကျအောင် ခွဲစိတ်ပြုပြင်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ဘဝကို အခြေခံပြီး ပြဇာတ်ကပြနေတဲ့ သရုပ်ဆောင်ကို တစစနဲ့ စွဲလန်းလာပါတော့တယ်။

A Different Man ရုပ်ရှင်ကိုတော့ လက်ရှိ နယူးယော့ခ်မြို့မှာ ရိုက်ကူးနေပါတယ်။ Aaron Schimberg က ဇာတ်ညွှန်းရေးသားပေးထားပြီး သူကိုယ်တိုင်ပဲ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ နော်ဝေမင်းသမီး Renate Reinsve နဲ့ neurofibromatosis ရောဂါကို ခံစားနေရတဲ့ သရုပ်ဆောင် Adam Pearson လည်း ပါဝင်ထားပါတယ်။

Photo: imsebastianstan/ Instagram

Sebastian ကတော့ ဒီဇာတ်ကားထဲက သူ့ရဲ့အထူးမိတ်ကပ် ပြင်ဆင်ထားတဲ့ အနီးကပ်ပုံကို အင်စတာဂရမ်မှာလည်း မျှဝေပေးထားပါသေးတယ်။ သူ့ရဲ့အထူးမိတ်ကပ်ကို တာဝန်ယူ ဆောင်ရွက်ပေးထားတဲ့ မိတ်ကပ်ပညာရှင်ကတော့ The Batman ရုပ်ရှင်ထဲမှာ Colin Farrell ကို Penguin အဖြစ် ပြောင်းလဲပေးထားတဲ့ Mike Marino ပဲ ဖြစ်ပါတယ်။

Sebastian ကတော့ Marvel ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် သိသိသာသာ အောင်မြင်ကျော်ကြားလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် Sebastian ဟာ ဇာတ်ရုပ်အသားသေသွားတာမျိုး မဖြစ်ရအောင် စူပါဟီးရိုးရုပ်ရှင်တွေအပြင် အခြားသော ရုပ်ရှင်အမျိုးအစားတွေနဲ့ ဇာတ်ရုပ်ပုံစံ မျိုးစုံတွေမှာ သရုပ်ဆောင်နေပါတယ်။

Photo: imsebastianstan/ Instagram

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ Emmy ဆုပေးပွဲမှာ Pam & Tommy ထဲက သူ့ရဲ့ဇာတ်ရုပ်အတွက် စံကာတင်ဝင်ခဲ့တာ ဖြစ်ပါတယ်။ Sebastian ဟာ Pam & Tommy ဇာတ်လမ်းတွဲထဲမှာတော့ Motley Crue အဖွဲ့က ဒရမ်သမား Tommy Lee အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါတင်မက မကြာသေးခင်ကပဲ ထွက်ရှိထားတဲ့ Hulu ရဲ့ horror ဇာတ်ကား Fresh ထဲမှာလည်း ရူးသွပ်ပြီး အလွန်ဉာဏ်များတဲ့ လူသတ်သမား Steve နေရာက သရုပ်ဆောင်ထားပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular