HomeCharacterGemma Chan သရုပ်ဆောင်ထားတဲ့ Eternal ထဲက Sersi ရဲ့ ကောမစ် origin နဲ့ စိတ်ဝင်စားစရာများ 

Gemma Chan သရုပ်ဆောင်ထားတဲ့ Eternal ထဲက Sersi ရဲ့ ကောမစ် origin နဲ့ စိတ်ဝင်စားစရာများ 

Gemma Chan ဟာ မကြာသေးခင်က Marvel ရဲ့ အသစ်ထွက်ရှိထားတဲ့ Eternals ရုပ်ရှင်ထဲမှာတော့ Sersi ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Captain Marvel ရုပ်ရှင်ထဲမှာလည်း Gemma Chan ဟာ ဇာတ်ပို့နေရာက ပါဝင်ခဲ့ဖူးပါသေးတယ်။

Gemma သရုပ်ဆောင်ထားတဲ့ Sersi ဇာတ်ကောင်ဟာ ကောမစ်ထဲမှာတော့ အဓိကနေရာက သိပ်မပါဝင်ခဲ့ရပေမယ့် Eternals ရုပ်ရှင်ထဲမှာတော့ သူမဟာ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကောမစ်ထဲက Sersi ရဲ့ စိတ်ဝင်စားစရာအကြောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Sersi ရဲ့ ကောမစ်ထဲက Origin
Image Credit: Marvel Comics

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက Celestial လို့ခေါ်တဲ့ cosmic being တွေဟာ ကမ္ဘာပေါ်ကို ရောက်ရှိလာပြီး လူသား DNA ကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်ချက်တွေကြောင့် ရလဒ်အနေနဲ့ လူသားတွေနဲ့ ဆင်တူတဲ့ မျိူးစိတ်နှစ်ခု ထပ်မံဖြစ်လာပါတယ်။

အဲ့ဒီမျိူးစိတ်နှစ်ခုကတော့ Eternal တွေနဲ့ Deviant တွေ ဖြစ်ပြီး Eternal တွေကတော့ စွမ်းအားရှိတဲ့ မသေမျိူးတွေ ဖြစ်လာကြပါတယ်။ Eternal တွေကို Zuras က ဦးဆောင်ပြီး လူသားတွေနဲ့ အဆက်အသွယ်မလုပ်ဘဲ သူတို့ရဲ့အချိန်အများစုကို Greece မှာရှိတဲ့ Olympia တောင်ပေါ်မှာ နေထိုင်ခဲ့ကြပါတယ်။

Eternal အများစုကတော့ လူသားတွေနဲ့ အဆက်အဆံ သိပ်မလုပ်ကြပေမယ့်လည်း Sersi ကတော့ လူသားတွေနဲ့ ရောနှော နေထိုင်ရတာကို သဘောကျပါတယ်။ ဒါကြောင့်ပဲ Sersi ဟာ ရှေးဟောင်းသမိုင်းတွေ၊ ဒဏ္ဍာရီတွေနဲ့ ပတ်သက်နေလေ့ ရှိပါတယ်။

ဒါ့အပြင် Sersi ဟာ Homer ၊ Merlin ၊ Odysseus ၊ ငယ်ရွယ်သေးတဲ့ Thor နဲ့ အချိန်ခရီးသွားခဲ့တဲ့ Captain America တို့နဲ့တောင် တွေ့ဆုံဖူးပါတယ်။ အခုခေတ်ကို ရောက်လာတဲ့ အချိန်မှာတော့ Sersi ဟာ လူသားတွေနဲ့ ရောနှောနေထိုင်ပြီး ပါတီတွေပေးကာ New York လိုမျိူး မြို့ကြီးတွေမှာ နေထိုင်လေ့ရှိပါတယ်။

Sersi ရဲ့ ကောမစ်ထဲက စွမ်းအားများ
Image Credit: Marvel Comics

Eternal တွေဟာ Marvel ကောမစ်ထဲက တခြားမျိူးနွယ်တွေနဲ့ မတူညီဘဲ ထူးခြားကြပါတယ်။ ဒီမသေမျိူးတွေဟာ cosmic energy တွေကို အသုံးပြုနိုင်ပြီး အလွန်စွမ်းအားကြီးမားကြပါတယ်။ Eternal တွေဟာ Mutant နဲ့ Inhuman တို့လို မျိူးနွယ်တွေနဲ့ မတူညီတဲ့အချက်ကတော့ သူတို့အားလုံးမှာ တူညီတဲ့ စွမ်းအားတွေ ရှိနေကြတာပါပဲ။

ဒါကြောင့်ပဲ Sersi အပါအဝင် Eternal တွေဟာ စိတ်ချင်းဆက်သွယ်နိုင်ခြင်း၊ တယ်လီပို့လုပ်နိုင်ခြင်း၊ ဒြပ်ပစ္စည်းတွေကို လိုသလို ပြောင်းလဲနိုင်ခြင်း၊ cosmic energy တွေကို သူတို့ရဲ့ မျက်လုံးနဲ့ လက်ကနေ ပစ်လွှတ်နိုင်ခြင်း၊ လေပေါ် ပျံသန်းနိုင်ခြင်းနဲ့ အလွန်ကြီးမားတဲ့ ခွန်အားတွေကို ပိုင်ဆိုင်ကြပါတယ်။

Eternal တွေဟာ တူညီတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားပေမယ့်လည်း သူတို့တွေဟာ cosmic energy ကို အသုံးပြုပြီး အားသန်ရာ စွမ်းရည်တွေကို တိုးတက်လာအောင် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်ပဲ Sersi ကတော့ ဒြပ်ပစ္စည်းတွေကို လိုသလို ပြောင်းလဲနိုင်တဲ့ စွမ်းရည်ဟာ အလွန်တိုးတက်လာပြီး တခြား Eternal တွေအားလုံးထက် အဆပေါင်းများစွာ သာလွန်သွားပါတယ်။

ဒီအချက်ကြောင့်ပဲ သူမဟာ သက်ရှိ၊သက်မဲ့ အရာအားလုံးကို စိတ်ထဲရှိသလို ပြောင်းလဲပစ်နိုင်တဲ့အထိ စွမ်းအားကြီးမားပါတယ်။ ဒါ့အပြင် သူမဟာ transmutation စွမ်းရည်ကို အသုံးပြုကာ Captain America လိုလူကို ဆယ်ကျော်သက်လေးအဖြစ် ပြောင်းလဲပစ်နိုင်သလို တခြား Eternal တွေကိုလည်း တိရစ္ဆာန်အဖြစ် ပြောင်းလဲလိုက်နိုင်ပါတယ်။

Sersi ရဲ့ အရေးကြီးဆုံး ကောမစ်ဇာတ်လမ်းများ
photo via screenrant

Sersi ရဲ့ အရေးကြီးဆုံး ကောမစ်ဇာတ်လမ်းတွေကတော့ သူမနဲ့ Avengers တွေ ပေါင်းစည်းမိသွားတဲ့အချိန်မှာ စတင်ခဲ့ပြီး ၁၉၈၀ နှစ်ကုန်ပိုင်းနဲ့ ၁၉၉၀ နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိခဲ့ပါတယ်။ သူမရဲ့ transmutation စွမ်းရည်ဟာ အလွန်အသုံးဝင်တာကြောင့် Captain America ဟာ Sersi ကို Avengers အဖွဲ့ထဲ ဝင်ရောက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

Sersi ကလည်း စွန့်စားခန်းတွေကို စိတ်ဝင်စားသလို လူတွေနဲ့လည်း နေထိုင်ချင်တာကြောင့် အဲ့ဒီကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ Eternal တွေထဲမှာတော့ Sersi အပါအဝင် Avengers အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသူ သုံးယောက် ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ သူမဟာ Black Knight နဲ့ နီးစပ်လာပါတယ်။

အဲ့ဒီအချိန်တွင်းမှာပဲ Sersi ဟာ Mahd Wy’ry လို့ခေါ်တဲ့ စိတ်အခြေအနေတစ်မျိူးကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Eternal တွေဟာ မသေမျိူးတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အဆုံးမရှိတဲ့ ဗဟုသုတတွေ အလွန်များပြားလာတာကြောင့် စိတ်ကစဉ့်ကလျား ဖြစ်သွားတာ ဖြစ်ပါတယ်။ ဒီအခြေအနေကိုတော့ Eternal တိုင်း ကြုံတွေ့ရလေ့ ရှိပါတယ်။

Sersi ဟာ စွမ်းအား အလွန်ကြီးမားတာကြောင့် ဒီလိုအခြေအနေမှာဆိုရင် Marvel Universe တစ်ခုလုံးအတွက် အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ Eternal တွေဟာ Sersi ရဲ့ စိတ်ကို ပုံမှန်ဖြစ်သွားစေဖို့အတွက် Black Knight နဲ့ သူမရဲ့ စိတ်ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Sersi ဟာ X-Men ရဲ့ Jean Grey နဲ့ အတော်လေး ဆင်တူပြီး သူမဟာ Eternal တွေအတွက် စွမ်းအားအကြီးမားဆုံး မိတ်ဆွေဖြစ်နိုင်သလို စွမ်းအားအကြီးဆုံး ရန်သူလည်း ဖြစ်နေနိုင်ပါတယ်။

ဒါကတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ Marvel ရဲ့ Eternals ရုပ်ရှင်က Sersi ဇာတ်ကောင်နဲ့ ပတ်သက်ပြီး သိထားသင့်တာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular