HomeEntertainmentFilmShang-Chi and the Legend of Ten Rings ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Shang-Chi and the Legend of Ten Rings ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

***Spoiler Alert***

Shang-Chi and the Legend of Ten Rings ရုပ်ရှင်ကတော့ နိုင်ငံတကာမှာ စက်တင်ဘာလတည်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဆီမှာတော့ ရုပ်ရှင်ရုံတွေ ပြန်မဖွင့်နိုင်သေးတာကြောင့် (၄၅)ရက်အကြာမှ Disney+ က ပြသမှာကို စောင့်နေရပါတယ်။ သို့သော်လည်း မနေ့တုန်းကတော့ Leak ဖြစ်လာတာကြောင့် ကျွန်တော်တို့တွေ ရက်အနည်းငယ်စောပြီး ကြည့်ရှုလိုက်ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Shang-Chi and the Legend of Ten Rings ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Mandarin အတုဇာတ်ကောင်ကို ဇာတ်ညွှန်းရေးဆရာက ကြိုက်နှစ်သက်လွန်းလို့ ထည့်သွင်းခဲ့တာပါ။
photo via screenrant

Mandarin အတုဖြစ်တဲ့ Trevor Slattery ဟာ Iron Man 3 ထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ အဆုံးသတ်နားမှာတော့ သူဟာ တကယ့်အကြမ်းဖက်သမား Mandarin မဟုတ်ဘဲ အသုံးချခံလိုက်ရတဲ့ သာမန်သရုပ်ဆောင်တစ်ယောက် ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။

ဒီလိုနဲ့ Trevor ဟာ Shang-Chi ရုပ်ရှင်ထဲမှာ ပြန်လည်ပါဝင်လာပြီး Screen Time သိပ်မရပေမယ့်လည်း ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာပါတယ်။ Shang-Chi ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးဆရာ Dave Callaham ဟာ Iron Man 3 မှာကတည်းက Trevor ဇာတ်ကောင်ကို အလွန်နှစ်သက်တာကြောင့် Shang-Chi ထဲမှာ ပြန်လည်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

(2) ဖန်တီးဖို့ ခက်ခဲလွန်းခဲ့တဲ့ Wenwu
photo via screenrant

Thanos နဲ့ Loki တို့ကလွဲရင် Marvel ဟာ များသောအားဖြင့် ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် ဗီလိန်တွေကို ဖန်တီးတဲ့နေရာမှာ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Wenwu ကတော့ ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကို ရရှိခဲ့တဲ့ ဗီလိန်တစ်ယောက် ဖြစ်လာပြီး သူ့ရဲ့ ဝမ်းနည်းစရာအတိတ်နဲ့ သူ့ဇနီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဇာတ်ညွှန်းရေးဆရာ Dave Callaham ရဲ့ ပြောစကားအရ Wenwu ကို ဖန်တီးရတာဟာ အတော်လေး ခက်ခဲခဲ့တယ်လို့ သိရပါတယ်။

အကြောင်းကတော့ Wenwu ကို သနားစရာကောင်းတဲ့ ဇာတ်ကောင်အဖြစ်ရော၊ ဗီလိန်အဖြစ်နဲ့ပါ ဖန်တီးရတာဟာ အတော်လေးကို လက်ဝင်ပြီး ဒီနှစ်ခုမှာ တစ်ဘက်ဘက်ကို အနည်းငယ် အလေးသာသွားရင်တောင် ဒီဇာတ်ကောင်ဟာ လုံးဝပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပရိသတ်တွေဟာ Wenwu ရဲ့အကြောင်း Spin-Off ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲကို မြင်တွေ့နေချင်ကြပါတယ်။

(3) Shang-Chi ဟာ ညီတစ်ယောက် ရလုနီးပါး ဖြစ်ခဲ့ပါတယ်။
photo via screenrant

ဒီရုပ်ရှင်ထဲမှာ Shang-Chi ရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတွေကို ပြသတဲ့အချိန်မှာတော့ သူရဲ့ ညီမဖြစ်သူ Xu Xialing နဲ့ ပြန်လည်တွေ့ဆုံတဲ့ ဇာတ်ဝင်ခန်းဟာ အတော်လေး စိတ်ဝင်စားဖို့‌ ကောင်းပါတယ်။ ဒါပေမယ့်လည်း အစောပိုင်း ဇာတ်ညွှန်းအကြမ်းအရ ဆိုရင်တော့ Shang-Chi ဟာ ညီမအစား ညီတစ်ယောက် ရှိနေမှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ညွှန်းအကြမ်းထဲမှာတော့ Shang-Chi ရဲ့ ညီဟာ ဗီလိန်အဖြစ် ပြောင်းလဲသွားမယ့် ဇာတ်ကောင်လို့လည်း သိရပါတယ်။

(4) သရုပ်ဆောင်တွေ ကိုယ်တိုင်တောင် Post-Credit Scene အကြောင်း မသိခဲ့ပါဘူး။
photo via screenrant

Marvel ဟာ သူတို့ရဲ့ ဇာတ်လမ်းတွေကို Leak ဖြစ်သွားမှာ မလိုလားဘဲ အရာရာကို လျှို့ဝှက်ထားတဲ့ နေရာမှာ နာမည်ကြီးတဲ့ စတူဒီယိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း Post-Credit Scene အကြောင်းကို ပါဝင်ရမယ့် Simu Liu နဲ့ Awkwafina တို့ကိုတောင် အသိမပေးခဲ့ဘူးလို့ ဆိုပါတယ်။

Simu Liu နဲ့ Awkwafina တို့ နှစ်ယောက်လုံးဟာ ရိုက်ကူးရေး နောက်ဆုံးနေ့ Post-Credit Scene ကို ရိုက်ကူးတော့မှ သိရတာလို့ ဆိုပါတယ်။ Post-Credit Scene ထဲမှာတော့ Captain Marvel နဲ့ Bruce Banner တို့ ပါဝင်ခဲ့ပြီး စိတ်ဝင်စားစရာ ကောင်းတာကတော့ Bruce ဟာ Smart Hulk ပုံစံ မဟုတ်တော့ဘဲ သာမန်လူအဖြစ် ပြောင်းလဲနေတာကို တွေ့ခဲ့ရပါတယ်။ Bruce က ဘာကြောင့် ဒီလိုမျိူး ပြောင်းလဲနေတာလည်း ဆိုတာကိုတော့ နောက်နေ့မှာ နောက်ထပ်စာတစ်ပုဒ်နဲ့ တင်ပေးသွားပါမယ်။

(5) Shang-Chi ဟာ တခြား MCU ရုပ်ရှင်အများစုထက် ဘတ်ဂျက်နည်းပါတယ်။
photo via screenrant

Shang-Chi and the Legend of Ten Rings ရုပ်ရှင်ရဲ့ ဘတ်ဂျက်ဟာ ဒေါ်လာသန်း (၁၅၀)လောက်ပဲ အသုံးပြုထားပြီး တခြား MCU ရုပ်ရှင်တွေနဲ့ ယှဉ်လိုက်ရင်တော့ ဘတ်ဂျက်နည်းတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒီထက်နည်းတဲ့ MCU ရုပ်ရှင်တွေဆိုရင်တော့ Phase 1 တုန်းက ထွက်ရှိခဲ့တဲ့ Origin ရုပ်ရှင်အနည်းငယ်လောက်ပဲ ရှိပြီး အခုနောက်ပိုင်း အသစ်ထွက်ရှိလာတဲ့ MCU ရုပ်ရှင်တွေဟာ အနည်းဆုံး ဘတ်ဂျက် ဒေါ်လာ သန်း (၂၀၀)လောက်တော့ အသုံးပြုကြပါတယ်။

(6) Ben Kingsley ဟာ Method Actor တစ်ယောက် ဖြစ်ပါတယ်။
photo via screenrant

မင်းသားကြီး Ben Kingsley ဟာ အော်စကာ လေးဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂန္ထဝင်ရုပ်ရှင် Gandhi နဲ့ အော်စကာဆု ဆွတ်ခူးထားသူ ဖြစ်ပါတယ်။ မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေဟာ ပြောင်မြောက်လွန်းပြီး သူဟာ Method Actor တစ်ယောက် ဖြစ်ပါတယ်။ Method Actor ဆိုတာကတော့ တကယ့်လက်တွေ့ဘဝမှာပါ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတိုင်း နေထိုင် ပြောဆို ပြုမူတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Shang-Chi ရဲ့ ဒါရိုက်တာဟာ မင်းသားကြီး Ben Kingsley ကို ဒီရုပ်ရှင်ထဲမှာ Trevor အနေနဲ့ ပြန်လည်ပါဝင်နိုင်မလားလို့ ဖုန်းဆက်မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Ben ဟာ ဖုန်းခဏ ကိုင်ထားခိုင်းပြီး သူ့ကိုယ်သူ Ben Kingsley အနေနဲ့ရော၊ Trevor အနေနဲ့ပါ တစ်ယောက်တည်း စကားတွေ ပြောနေခဲ့တယ်လို့ ဆိုပါတယ်။

ပထမဆုံး သူဟာ Ben Kingsley အနေနဲ့ “သူတို့တွေ Marvel ကားအသစ် ရိုက်တော့မယ်။ အဲ့ဒီရုပ်ရှင်ထဲမှာ မင်းကို ပါစေချင်တယ်တဲ့ … ” လို့ ပြောပြီး တစ်ခါ Trevor အနေနဲ့ ” ဟုတ်လား။ ဘယ်အချိန် ရိုက်မှာတဲ့လဲ ….  ” ဆိုပြီး တစ်ယောက်တည်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ Ben ဟာ ဒါရိုက်တာကို ဖုန်းကိုင်ခိုင်းထားပြီး အခုလိုမျိူး တစ်ယောက်တည်း စကားပြောနေတာ နှစ်မိနစ်လောက် ကြာတယ်လို့ သိရပါတယ်။

(7) ကတ်ကြေးစာမိသွားတဲ့ Fight Scene တစ်ခု
photo via screenrant

ရုပ်ရှင်တွေဟာ ရိုက်ကွင်းမှာ ရိုက်ကူးထားသမျှ ဇာတ်ဝင်ခန်းတွေအားလုံးကို ထည့်သွင်းထားတာ မဟုတ်ဘဲ ပြုပြင်ဖန်တီးမှုတွေ ထပ်မံပြုလုပ်ပြီး တချို့ဇာတ်ဝင်ခန်းတွေကတော့ ကတ်ကြေးစာ မိသွားတာမျိူးတွေ ရှိပါတယ်။ Shang-Chi ထဲမှာလည်း ဒီလိုမျိူး ကတ်ကြေးစာ မိသွားတဲ့ ဇာတ်ဝင်ခန်းတွေ ရှိပြီး အဲ့ဒီထဲက တစ်ခုကတော့ ဒါရိုက်တာတောင် နှမြောမိတဲ့ Fight Scene တစ်ခုလို့ သိရပါတယ်။ ဒါရိုက်တာဟာ အဲ့ဒီဇာတ်ဝင်ခန်းအကြောင်းကိုတော့ မပြောပြသွားပေမယ့်လည်း အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်တွေမှာတော့ ပြန်လည် ပါဝင်လာနိုင်တယ်လို့ ပြောထားပါတယ်။

(8) တကယ်မြားပစ်သင်ခဲ့တဲ့ Awkwafina
photo via screenrant

မင်းသမီး Awkwafina ဟာ ဒီရုပ်ရှင်ထဲမှာတော့ Katy နေရာက ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး Katy ဟာ ဘာအစွမ်းမှလည်း မရှိသလို ဘာသိုင်းမှမတတ်တဲ့ သာမန်မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲက ဇာတ်ရှိန်အမြင့်ဆုံး ဇာတ်ဝင်ခန်းတွေထဲမှာတော့ Katy ဟာ လေးနဲ့မြားကို ကိုင်ဆောင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ Awkwafina ရဲ့ ပြောပြချက်အရ သူမဟာ အဲ့ဒီဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်နိုင်ဖို့အတွက် အပြင်မှာ တကယ် မြားပစ်သင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကတော့ Shang-Chi and the Legend of Ten Rings ဇာတ်ကားရဲ့ ကင်မရာနောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေရှိရင်လည်း ပြန်လည်ဆွေးနွေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular