HomeEntertainmentFilmShang-Chi ရုပ်ရှင်ထဲက Morris နဲ့ တခြားဒဏ္ဍာရီလာ သတ္တဝါများအကြောင်း

Shang-Chi ရုပ်ရှင်ထဲက Morris နဲ့ တခြားဒဏ္ဍာရီလာ သတ္တဝါများအကြောင်း

Shang-Chi and the Legend of Ten Rings ရုပ်ရှင်ထဲမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို သိမ်းကြုံးယူသွားတဲ့ သတ္တဝါလေးကတော့ Morris ပဲ ဖြစ်ပါတယ်။ တကယ်တော့ Morris ဟာ တရုတ်ဒဏ္ဍာရီထဲက သတ္တဝါတစ်ကောင် ဖြစ်ပြီး Hundun လို့ ခေါ်ပါတယ်။ သူဟာ တရုတ်ဒဏ္ဍာရီထဲမှာဆိုရင်တော့ အချိန်ရဲ့အစမှာကတည်းက တည်ရှိနေတဲ့ သတ္တဝါလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Morris အပါအဝင် Shang-Chi ရုပ်ရှင်ထဲက တခြားဒဏ္ဍာရီလာ သတ္တဝါတွေရဲ့အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Hundun
photo via screenrant

ဒီသတ္တဝါကိုတော့ Hundun သို့မဟုတ် Dijiang လို့ ခေါ်ဆိုပြီး တရုတ်ဒဏ္ဍာရီထဲက မျက်နှာမရှိတဲ့ သတ္တဝါတစ်ကောင် ဖြစ်ပါတယ်။ ဒီသတ္တဝါကတော့ ကမ္ဘာပေါ်မှာ လူသားတွေ မဖြစ်ပေါ်လာခင် အချိန်ပေါင်းများစွာကတည်းက ရှိနေတာ ဖြစ်ပါတယ်။ သူ့ဆီမှာ မျက်နှာမရှိတဲ့ အချက်ကတော့ ဦးတည်ချက်မရှိဘဲ လျှောက်သွားနေတာကို ကိုယ်စားပြုပါတယ်။

တရုတ်ဒဏ္ဍာရီလာ သတ္တဝါတွေအကြောင်းကို ရေးသားထားတဲ့ Shanghaijing ထဲမှာတော့ Hundun ဟာ ဂုန်နီအိတ်ပုံသဏ္ဍာန် ရှိပြီး ခြေထောက်(၆)ချောင်း၊ အတောင်ပံ(၄)ခု ပါဝင်ကာ မျက်နှာရော၊ မျက်လုံးရော မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။ သူတို့ဟာ သီချင်းတွေနဲ့ ကခုန်ရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်။

တချို့စာပေတွေမှာတော့ Hundun ကို လူနဲ့ပိုပြီး ဆင်တူတယ်၊ သို့မဟုတ် ခွေးနဲ့ပိုပြီး ဆင်တူတယ်လို့ ဖော်ပြတာမျိူးလည်း ရှိပါတယ်။ ဒါပေမယ့်လည်း စာပေတိုင်းမှာ ဖော်ပြထားတဲ့ တူညီတဲ့အရာတစ်ခုကတော့ Hundun တွေဟာ မျက်နှာမရှိဘဲ တခြားသူတွေကို ကူညီရာရောက်မယ်လို့ထင်တဲ့ အရာတွေအားလုံးကို လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တခါတလေမှာ‌တော့ သူတို့ရဲ့ လုပ်ရပ်တွေဟာ ကူညီချင်လို့ လုပ်တာဖြစ်ပေမယ့်လည်း ကူညီရာမရောက်တာမျိူးတွေ ရှိပါတယ်။ သူတို့ ကူညီတာကလည်း လူကောင်းတွေကိုပဲ ကူညီတာဖြစ်ပြီး မကောင်းတဲ့လူတွေကိုတော့ မကူညီပါဘူး။ Hundun ဆိုတဲ့ စကားလုံးကို ဘာသာပြန်လိုက်ရင်တော့ “တုံးအခြင်း” သို့မဟုတ် “ကလေးငယ် တစ်ယောက်လို ဖြူစင်ခြင်း” လို့ အဓိပ္ပာယ် ရပါတယ်။

Hundun ရဲ့ တရုတ်ဒဏ္ဍာရီထဲက Origin
photo via screenrant

Hundun တွေရဲ့ အကြောင်းကိုတော့ အစောပိုင်း တရုတ်ဒဏ္ဍာရီတွေ ဖြစ်တဲ့ Confucian ၊ Taoist နဲ့ တခြားဒဏ္ဍာရီတွေမှာ ဖော်ပြခဲ့ပါတယ်။ Confucian ထဲမှာဆိုရင်တော့ Hundun ဟာ Yellow Emperor ရဲ့ မျိူးဆက်ဖြစ်ပြီး သူဟာ အရာရာကို ဖရိုဖရဲဖြစ်အောင် ပြုလုပ်ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ နယ်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ Taoist ထဲမှာတော့ Hundun ဟာ နတ်ပြည်၊ ကမ္ဘာနဲ့ လူသားတွေ တစ်ခုမှ ရှိမလာခင်ကတည်းက တည်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစာထဲမှာတော့ Hundun ဟာ South Sea ရဲ့ အင်ပါယာဖြစ်တဲ့ Shu ၊ North Sea ရဲ့ အင်ပါယာဖြစ်တဲ့ Hu တို့နဲ့အတူ Middle Sea ရဲ့ အင်ပါယာအဖြစ်နဲ့ အုပ်စိုးခဲ့ပါတယ်။ Shu နဲ့ Hu ဟာ Hundun ကို သူတို့လို နေထိုင်စေချင်တာကြောင့် Hundun မှာ မရှိတဲ့ မျက်နှာကို ဖန်တီးပေးခဲ့ပါတယ်။

သူတို့ဟာ Hundun ကို မျက်လုံးနှစ်လုံး၊ နားနှစ်ဘက်၊ နှာခေါင်းနှစ်ပေါက်နဲ့ ပါးစပ်တွေအဖြစ် အပေါက်(၇)ခုကို ဖောက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးအပေါက်ကို ဖောက်နေတဲ့အချိန်မှာပဲ Hundun ဟာ သေဆုံးသွားပါတယ်။ ဒီဒဏ္ဍာရီကိုတော့ ဖရိုဖရဲဖြစ်မှုတွေကို အစီအစဉ်ကျအောင် လုပ်လို့မရဘဲ အစီအစဉ်တကျ ဖြစ်သွားရင်လည်း ဖရိုဖရဲဖြစ်မှုတွေ မဟုတ်တော့ဘူးဆိုတာကို သင်ခန်းစာပေးတဲ့အနေနဲ့ လက်ဆင့်ကမ်း ပြောပြလာကြတာ ဖြစ်ပါတယ်။

Shang-Chi ထဲက တခြားဒဏ္ဍာရီလာ သတ္တဝါများ
photo via screenrant

Ta Lo ရွာလေးဟာ ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ ပြည့်နှက်နေပါတယ်။ Shang-Chi တို့အဖွဲ့ Ta Lo ရွာထဲကို စတင်ဝင်ရောက်လာတဲ့ အချိန်မှာတော့ မီးတောက်နေတဲ့ ငှက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီငှက်တွေကတော့ Fenghuang ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီငှက်ဟာ တိရစ္ဆာန်တွေအမျိူးမျိူးရဲ့ အစိတ်အပိုင်းတွေ ပေါင်းစပ်ထားတဲ့ မသေမျိူးငှက်လည်း ဖြစ်ပါတယ်။ မသေမျိူး ဖြစ်နေတာကြောင့်ရော၊ မီးတောက်နေတာကြောင့်ပါ လူအများစုက ဒီငှက်ကို ဖီးနစ်ငှက်နဲ့ နှိုင်းယှဉ်လေ့ရှိကြပေမယ့်လည်း တူတော့မတူပါဘူး။

နောက်ထပ် သတ္တဝါတစ်ကောင်ကတော့ Pokemon ပရိသတ်တွေ၊ Naruto ပရိသတ်တွေနဲ့ Kdrama ပရိသတ်တွေ ရင်းနှီးကြတဲ့ အမြီးကိုးချောင်းနဲ့ မြေခွေးပဲ ဖြစ်ပါတယ်။ တရုတ်ဒဏ္ဍာရီထဲမှာတော့ အမြီးကိုးချောင်းမြေခွေးဟာ အမျိူးသမီးအဖြစ် ပုံစံပြောင်းလဲနိုင်စွမ်းရှိပြီး Huli Jing လို့ ခေါ်ပါတယ်။

Photo via IMDb

နောက်ထပ်သတ္တဝါကတော့ Ta Lo ရွာရဲ့ အစောင့်အရှောက်တွေ ဖြစ်တဲ့ ခြင်္သေ့အကြီးစားတွေပဲ ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ ဆိုရင်တော့ သူတို့တွေဟာ သူတို့ ကာကွယ်ရမယ့်နေရာကို အန္တရာယ်ပြုလာမယ့် Evil Spirit တွေကို မောင်းထုတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီခြင်္သေ့အကြီးစားတွေကိုတော့ ယခုချိန်ထိ တရုတ်နိုင်ငံရဲ့ အဆောက်အအုံတွေမှာ ရုပ်တုတွေအနေနဲ့ ထားရှိနေကြဆဲ ဖြစ်ပါတယ်။

အဲ့ဒီနောက် Shang-Chi တို့ စီးလာတဲ့ ကားအရှေ့ကနေ လမ်းဖြတ်လျှောက်သွားတဲ့ သတ္တဝါတစ်ကောင် ရှိပါသေးတယ်။ Trevor ကတော့ အဲ့ဒီသတ္တဝါကို “ထူးဆန်းတဲ့ မြင်းပဲ” လို့ ပြောလိုက်ပါတယ်။ တရုတ်ဒဏ္ဍာရီထဲမှာတော့ ဒီသတ္တဝါကို Qilin လို့ ခေါ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကတော့ သတ္တဝါတွေ ပေါင်းစပ်ထားသလို ဖြစ်နေပြီး မြင်းနဲ့နဂါးတို့ ပေါင်းစပ်ထားတဲ့ပုံ ဖြစ်နေပါတယ်။ Qilin ကတော့ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။

Photo via IMDb

Shang-Chi and the Legend of Ten Rings ထဲမှာ အဓိကကျတဲ့နေရာမှာ ပါဝင်ထားတဲ့ သတ္တဝါကတော့ “Great Protector” ဆိုတဲ့ နဂါးကြီးပဲ ဖြစ်ပါတယ်။ နဂါးတွေကတော့ တရုတ်ဒဏ္ဍာရီမှာတင် မဟုတ်ဘဲ နိုင်ငံအမျိူးမျိူးက ဒဏ္ဍာရီတွေမှာ ပါဝင်လေ့ရှိပါတယ်။ တရုတ်ဒဏ္ဍာရီထဲမှာတော့ သူတို့တွေဟာ သဘာဝတရားကြီးနဲ့ ကမ္ဘာကြီးအပြင် ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ သတ္တဝါအားလုံးကို ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဗီလိန်လို့တောင် ပြောလို့ရတဲ့ “Dweller-in-Darkness” ကတော့ Marvel ကောမစ်က ဖန်တီးထားတဲ့ဇာတ်ကောင် ဖြစ်ပြီး သူ့ရဲ့အကြောင်းကိုတော့ နောက်နေ့မှာ နောက်ထပ်စာတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular