HomeCharacterShang-Chi ရုပ်ရှင်ထဲက Mandarin ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်များ

Shang-Chi ရုပ်ရှင်ထဲက Mandarin ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်များ

Shang Chi and the Legend of Ten Rings ရုပ်ရှင်ထဲက Madarin ဟာ ကောမစ်ထဲမှာတော့ Iron Man ရဲ့ အဓိကဗီလိန်တစ်ယောက် ဖြစ်ပြီး ကောမစ်တွေထဲက အကောင်းဆုံး ဗီလိန်တစ်ယောက်လို့တောင် တင်စားကြပါတယ်။ MCU ရဲ့ ထုံးစံအတိုင်းပဲ ကောမစ်ထဲက ဇာတ်ကောင်တွေကို Live Action အဖြစ် ပြန်လည်ဖန်တီးတဲ့အချိန်မှာတော့ ပြောင်းလဲမှုတွေများစွာ ပြုလုပ်လေ့ရှိပါတယ်။

တကယ်ဆို ကောမစ်ထဲမှာတော့ Mandarin ဟာ Shang-Chi ရဲ့ အဖေ မဟုတ်ပါဘူး။ ဒါ့အပြင် သူ့ရဲ့ နာမည်အရင်းကလည်း Wenwu မဟုတ်သလို သူ့ရဲ့ နာမည်အရင်းကိုလည်း ဘယ်သူမှ မသိကြပါဘူး။ နောက်ထပ် စိတ်ဝင်စားစရာအကြောင်းတွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ပါ။

(1) သူဟာ Genghis Khan ရဲ့ မျိူးဆက် ဖြစ်နေနိုင်ပါတယ်။
photo via screenrant

Mandarin မှာတော့ ဖြစ်နိုင်ချေတဲ့ Origin နှစ်ခု ရှိပါတယ်။ အကြောင်းကတော့ Mandarin ရဲ့ Origin ကို ဖော်ပြထားတဲ့ Version နှစ်မျိူး ရှိနေလို့ပါ။ တစ်ခုကတော့ သူဟာ တရုတ်နိုင်ငံရဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့အဖေကတော့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူတွေထဲမှာ ပါဝင်ပြီး Genghis Khan ရဲ့ မျိူးဆက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့အမေကတော့ အင်္ဂလန်လူမျိုး တော်ဝင်အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမအကြောင်းတွေကိုတော့ အများကြီး မဖော်ပြထားပါဘူး။

Mandarin ဟာ သူ့ရဲ့မိဘတွေ သေဆုံးသွားပြီးတဲ့ နောက်မှာတော့ လူတွေနဲ့ ရင်းရင်းနှီးနှီး၊ နီးနီးကပ်ကပ် မနေတတ်တဲ့ သူ့ရဲ့အဒေါ်နဲ့အတူ နေထိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက် Mandarin ရဲ့အဒေါ်ဟာ သူ့မိဘတွေရဲ့ ချမ်းသာမှုတွေကို အသုံးပြုကာ သူ့ကို တိုက်ခိုက်နည်းတွေနဲ့ သိပ္ပံပညာရပ်တွေကို သင်ကြားပေးခဲ့ပါတယ်။ သူဟာ အရွယ်ရောက်လာတဲ့အချိန်မှာတော့ အစိုးရဟာ သူ့ကို နယ်နှင်ဒဏ်ပေးခဲ့တာကြောင့် သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။

(2) သူဟာ ပြည့်တန်ဆာတစ်ယောက်ရဲ့ သားလည်း ဖြစ်နေနိုင်ပါတယ်။
photo via screenrant

Mandarin: The Story of My Life ကောမစ်ထဲမှာတော့ နောက်ထပ် Origin တစ်ခုကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီ Origin ထဲမှာတော့ Mandarin ဟာ ပြည့်တန်ဆာတစ်ယောက်ရဲ့ သား ဖြစ်နေပြီး သူ့ရဲ့ ငယ်ဘဝမှာလည်း အလုပ်ကြမ်းတွေ ပြုလုပ်ခဲ့ရပါတယ်။

တစ်ရက်မှာတော့ သူ့ရဲ့အမေဟာ ဆေးလွန်ပြီး သေဆုံးသွားတဲ့နောက်မှာတော့ သူဟာ ပြည့်တန်ဆာခေါင်းကို သတ်ပစ်ခဲ့ပြီး ဒုစရိုက်သမားတစ်ယောက် ဖြစ်လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်လာပြီး သူ့ရဲ့ဘဝအကြောင်းကို ရုပ်ရှင်တစ်ကား ရိုက်ကူးစေခဲ့ပါတယ်။

အဲ့ဒီနောက် သူဟာ ဒါရိုက်တာကို သူ့ရဲ့အတိတ်ဘဝအကြောင်းကို လိမ်ပြောခဲ့ပြီး သူ့ကိုယ်သူ Genghis Khan ရဲ့ မျိူးဆက်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာတော့ ဒါရိုက်တာဟာ အဲ့ဒီအလိမ်အညာတွေကို သိသွားပါတယ်။ ဒါ့အပြင် Mandarin ဟာ လက်စွပ်တွေကို အသုံးပြုကာ သူ့အတွက် စိတ်ဒဏ်ရာရစေတဲ့ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ထားတယ်လို့ ဆိုပါတယ်။

(Ten Rings ဟာ Shang-Chi ရုပ်ရှင်ထဲမှာတော့ လက်ကောက်လို ကွင်းတွေ ဖြစ်ပေမယ့်လည်း ကောမစ်ထဲမှာတော့ လက်စွပ်တွေ ဖြစ်ကာ တစ်ခုချင်းစီမှာ မတူညီတဲ့ စွမ်းအားတွေ ရှိပါတယ်။) ကောမစ်ထဲက Ten Rings အကြောင်းကိုတော့ နောက်နေ့မှာ နောက်ထပ်စာတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်။

(3) Ten Rings ကို ရရှိခဲ့ပုံ
photo via screenrant

Mandarin ဟာ Ten rings ကို အာကာသယာဉ်တစ်ခုထဲမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအာကာသယာဉ်ထဲမှာတော့ ယာဉ်ပိုင်ရှင်ဖြစ်သူ Axonn-Karr ဆိုတဲ့ နဂါးနဲ့ဆင်တူတဲ့ ဂြိုဟ်သားတစ်ယောက်ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ Tales of Suspense ကောမစ်စီးရီးထဲမှာတော့ Mandarin ရောက်သွားတဲ့အချိန်မှာ အဲ့ဒီဂြိုဟ်သားက သေဆုံးနေပြီ ဖြစ်ပြီး အရိုးစုတောင် ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း Mandarin: The Story of My Life ထဲမှာတော့ Mandarin ကိုယ်တိုင်က အဲ့ဒီဂြိုဟ်သားကို သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဗားရှင်းနှစ်ခုလုံးမှာ တူညီနေတဲ့အချက်ကတော့ Mandarin ဟာ Ten Rings ကို ယူဆောင်သွားပြီး အဲ့ဒီလက်စွပ်တွေရဲ့ စွမ်းအားနဲ့ သူ့ရဲ့အင်ပါယာကို တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ အနီးအနားမှာရှိတဲ့ ရွာတွေကို သိမ်းပိုက်ခဲ့ပြီး တရုတ်အစိုးရကတောင် မထိန်းနိုင်တဲ့ အန္တရာယ်တစ်ခု ဖြစ်လာပါတယ်။ အဲ့ဒီအချိန်အတွင်းမှာပဲ သူဟာ နယ်မြေတွေကို သိမ်းပိုက်ခဲ့ပြီး Mandarin City လို့တောင် နာမည်ပေးခဲ့ပါသေးတယ်။

(4) Temugin လို့ခေါ်တဲ့ သားတစ်ယောက် ရှိပါတယ်။
photo via screenrant

ကောမစ်သမိုင်းတလျှောက်မှာ Mandarin ဟာ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ဖူးပြီး တစ်ခေါက်ဆိုရင် ဆယ်နှစ်လောက်ကြာအောင် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူ့ရဲ့သားဖြစ်သူ Temugin ဟာ Iron Man ရဲ့ ဗီလိန် ဖြစ်လာပါတယ်။ Temugin ဆိုတဲ့ နာမည်ကလည်း သူ့ရဲ့ဘိုးဘေးဖြစ်သူ Genghis Khan ဆီက ဆင်းသက်လာတာ ဖြစ်ပါတယ်။

Temugin ကတော့ Mandarin လို မဟုတ်ဘဲ သူ့အဖေရဲ့ နာမည်နဲ့ အမွေအနှစ်ကို ကာကွယ်ချင်တာကြောင့် ဆက်လက်တိုက်ခိုက်နေသူ ဖြစ်ပါတယ်။ သူဟာ Mandarin လို ဗီလိန်စစ်စစ်ကြီး မဟုတ်ပေမယ့်လည်း လက်စွပ်တွေကြောင့် သူ့ရဲ့စိတ်ဓာတ်ဟာလည်း တဖြည်းဖြည်း ပျက်ပြားလာခဲ့ပါတယ်။

(5) Ultimo
photo via screenrant

Ultimo ကတော့ ဖျက်အားပြင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး ပေ(၃၀)လောက် မြင့်မားတဲ့ လူသားပုံစံ Android ပဲ ဖြစ်ပါတယ်။ Ultimo ကိုတော့ ဂြိုဟ်သားတွေက ဖန်တီးခဲ့တာ ဖြစ်ပြီး တစ်ရက်မှာတော့ ကမ္ဘာပေါ်ကို ပြုတ်ကျလာကာ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့ပါတယ်။ Mandarin က Ultimo ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ သူ့ရဲ့ လက်အောက်ခံအဖြစ် ပရိုဂရမ် ပြန်လည်ရေးဆွဲခဲ့ပါတယ်။

အဲ့ဒီအချိန်မှာလည်း Mandarin က သူ့ရဲ့ ထုံးစံအတိုင်း Ultimo ကို သူကိုယ်တိုင် ဖန်တီးခဲ့တယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။ သူဟာ Ultimo ကို အသုံးပြုကာ Iron Man နဲ့ Iron Legion တို့ကို မကြာခဏ တိုက်ခိုက်စေခဲ့ပါတယ်။ တစ်ခေါက်တုန်းကတော့ Ultimo ကြောင့် Iron Man ဟာ အချိန်ခဏတာ ကိုမာဝင်သွားခဲ့ဖူးပါသေးတယ်။ ဒါပေမယ့်လည်း Iron Man ပြန်လည် နိုးထလာတဲ့အချိန်မှာတော့ Ultimo ကို အနိုင်ယူခဲ့ပြီး Stark လုပ်ငန်းစုရဲ့ ပိုင်ဆိုင်မှုအဖြစ် သိမ်းယူခဲ့ပါတယ်။

(6) Fing Fang Foom
photo via screenrant

Fing Fang Foom ကတော့ နဂါးနဲ့ ဆင်တူတဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပြီး Kakaranathara ဂြိုဟ်က ရောက်လာတာပါ။ အဲ့ဒီဂြိုဟ်ဟာ အပေါ်မှာဖော်ပြထားတဲ့ Axonn-Karr နဲ့ Ten Rings တို့ရဲ့ ဂြိုဟ်ပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Mandarin ဟာ လူသားအယောင်ဆောင်ထားတဲ့ Chen Hsu နဲ့အတူ Sleeping Dragon ဆိုတဲ့ တောင်ကြားကို ဝင်သွားပြီး Fing Fang Foom ကို နိုးထစေခဲ့ပါတယ်။

အစတုန်းကတော့ Fing Fang Foom ဟာ Mandarin ကို တရုတ်နိုင်ငံရဲ့ သုံးပုံတစ်ပုံကို သိမ်းယူဖို့ ကူညီပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Fing Fang Foom နဲ့ Chen Hsu တို့ဟာ တခြားဂြိုဟ်သားတွေကိုပါ နိုးထလာစေဖို့ စီစဉ်နေတာကြောင့် Mandarin ဟာ Iron Man နဲ့ ပူးပေါင်းပြီး Fing Fang Foom ကို တိုက်ခိုက်ခဲ့ပါတယ်။

(7) The Avatars of Mandarin
photo via screenrant

ကောမစ်ထဲမှာတော့ Mandarin ဟာ Avengers တွေလိုမျိူး စွမ်းအားရှင်တွေ စုစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ဝင်တွေကလည်း Mandarin အပေါ် အလွန်သစ္စာရှိကြပြီး Tony Stark ကို သတ်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေကတော့ ဘိုးဘေးတွေရဲ့ ခွန်အားတွေကို အသုံးပြုနိုင်တဲ့ Ancestor ၊ မျက်လုံးကနေ လေဆာတွေ ပစ်နိုင်ပြီး လက်တွေကိုပါ လက်နက်အဖြစ် ပြောင်းလဲနိုင်တဲ့ Foundry ၊ ဒြပ်စင်တွေကို ထိန်းချုပ်နိုင်တဲ့ တောင်ဝှေးပိုင်ရှင် Old Woman နဲ့ မုန်တိုင်းကို ကိုယ်စားပြုတဲ့ Turmoil တို့ ပါဝင်ပါတယ်။

ဒါကတော့ ကောမစ်ထဲက Mandarin နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ပဲ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular