HomeBiographyဆယ်စုနှစ်အတွင်း အံ့ဩဖို့အကောင်းဆုံး လမ်းခွဲမှုဂယက်များ 

ဆယ်စုနှစ်အတွင်း အံ့ဩဖို့အကောင်းဆုံး လမ်းခွဲမှုဂယက်များ 

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပြန်ကြည့်လိုက်ရင် တစ်ကမ္ဘာလုံးက ပရိသတ်တွေက အားကျပြီး ငေးမောရတဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ စုံတွဲတွေအများအပြား ကွဲကွာသွားခဲ့ကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေက သူတို့ရဲ့လက်တွေ့ဘဝထဲမှာ စံပြနမူနာထားရလောက်တဲ့အထိ အားပေးခံခဲ့ရပေမယ့် ၂၀၁၀ခုနှစ်ကနေ ၂၀၂၀ခုနှစ်အတွင်း လူတွေကို ရှော့ခ်ဖြစ်သွားစေတဲ့ ဟောလိဝုဒ်ရဲ့ လမ်းခွဲမှုတွေကတော့ …

Tiger Woods တို့စုံတွဲ
Photo: blogfashiontotal/ flickr

နာမည်ကျော် ဂေါက်သီးရိုက်ကစားသမား Tiger Woods ဟာ ဇနီးသည်ဖြစ်သူ Elin Nordegren နဲ့ ၂၀၁၀ခုနှစ်မှာ ကွဲခဲ့ရပါတယ်။ အကြောင်းကတော့ Woods ဟာ သူ့ရဲ့ဇနီးသည်အပေါ် သစ္စာမရှိဘဲ မိန်းမပေါင်း တစ်ဒါဇင်ကျော်နဲ့ ပွေရှုပ်၊ ဖောက်ပြန်ခဲ့လို့ ဖြစ်ပါတယ်။ ဒီအကြောင်းတွေ ပေါ်လာခဲ့တုန်းက တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်းနဲ့ အံ့အားသင့်ခဲ့ရပါသေးတယ်။ ဒီကိစ္စကြောင့်ပဲ Woods ဟာ ကြော်ငြာစာချုပ်တွေကိုလည်း ဆုံးရှုံးခဲ့ရပြီး အားကစားလောကထဲက ခဏထွက်ကာ အနားယူခဲ့ရပါတယ်။ အဲ့ဒီ့နောက် ၂၀၁၂ခုနှစ်မှာတော့ ချန်ပီယံပြိုင်ပွဲတွေမှာ ပြန်လည်ပါဝင်ခဲ့ပြီး ဆုတံဆိပ်နှစ်ခု ရရှိခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ ဂေါ့ဖ်ချန်ပီယံ ဆုတံဆိပ်ငါးဆု ရရှိပြီး သူ့ရဲ့အဆင့် နံပါတ်(၁)နေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ Woods တို့လင်မယား ကွာရှင်းချိန်မှာ ကလေးနှစ်ယောက်ရထားပြီး နှစ်ယောက်ပူးတွဲ အုပ်ထိန်းနေပါတယ်။

Sandra Bullock တို့စုံတွဲ
Photo: mark savage/ flickr

မင်းသမီး Sandra Bullock နဲ့ ခင်ပွန်းသည် Jesse James တို့ဟာ သိပ်ကိုချစ်ကြတဲ့ ဇနီးမောင်နှံတွေလို့ ဟောလိဝုဒ်မှာတော့ နာမည်ကြီးပါတယ်။ Bullock ဟာ အိမ်ထောင်သက် ငါးနှစ်အကြာမှာ ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့ပြီး ဆုလက်ခံယူချိန်မှာတောင် သူ့ယောက်ျားကို ကျေးဇူးတင်ကြောင်း ထည့်ပြောခဲ့ပါသေးတယ်။ အဲ့ဒီ့အချိန်ပြီး မရှေးမနှောင်းမှာပဲ ယောက်ျားဖြစ်သူက အိမ်ထောင်သက်တမ်းတစ်လျှောက် မိန်းမများစွာနဲ့ ရှုပ်ပွေထားတဲ့ ဇာတ်လမ်းတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ၂၀၁၀ခုနှစ် ဧပြီလမှာတော့ မင်းသမီးကလည်း James နဲ့ ကွာရှင်းဖို့ လုပ်ခဲ့သလို James ကလည်း ဆေးဖြတ်စခန်းတွေမှာ သွားရောက်ကုသမှု ခံယူခဲ့ရပါတယ်။ ချစ်ရတဲ့ခင်ပွန်းနဲ့ လမ်းခွဲပြီး အသည်းကွဲနေတဲ့ မင်းသမီးဟာ Louis လို့ခေါ်တဲ့ သားလေးတစ်ယောက်ကို မွေးစားပြီး သူမရဲ့အသည်းကို ပြန်လည်ကုစားလိုက်တာကို တွေ့ရပါတယ်။

Jennifer Lopez နဲ့ Marc Anthony တို့စုံတွဲ
Photo: commons wikimedia

J. Lo နဲ့ Marc Anthony တို့ဟာ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ No Me Ames ဆိုတဲ့ လက်တင်သီချင်းကို စုံတွဲသီဆိုပြီး သိပ်ကိုရိုတဲ့ အတွဲတစ်တွဲအဖြစ် ဟောလိဝုဒ်မှာ နာမည်ကျော်ခဲ့ကြပါတယ်။ ရည်းစားဘဝနဲ့ ခြောက်လတည်းတွဲပြီး ၂၀၀၄ခုနှစ်မှာ တိတ်တဆိတ် လက်ထပ်ခဲ့ကြတဲ့ အဆိုတော်စုံတွဲဖြစ်ပါတယ်။ ဒီလိုနဲ့ အမွှာကလေးနှစ်ယောက်ကို မွေးပြီး အိမ်ထောင်သက် ဆယ်နှစ်အကြာ ၂၀၁၁ခုနှစ်မှာတော့ သဘောထားချင်း မတိုက်ဆိုင်ကြတော့လို့ လမ်းခွဲကြတော့မယ်လို့ ကြေငြာခဲ့ကြပါတယ်။ သူတို့နှစ်ဦးကတော့ ညှိနှိုင်းမရတော့လို့ လမ်းခွဲခဲ့ကြပေမယ့် အခုအချိန်အထိ သူငယ်ချင်းမိတ်ဆွေတွေအဖြစ် ဆက်လက်တည်ရှိနေကြပြီး ကလေးတွေကိုလည်း အတူတူအုပ်ထိန်းနေကြပါတယ်။

Kim Kardashian နဲ့ Kris Humphries တို့စုံတွဲ
Photo via dailymail

Kim နဲ့ Kris တို့ဇနီးမောင်နှံနဲ့ ပတ်သက်လို့ အံ့အားသင့်စရာ အကောင်းဆုံးကတော့ လက်ထပ်ပြီး (၇၂)ရက်အကြာမှာတင် ကွာရှင်းခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီစုံတွဲဟာ (၇)လလောက်တွဲပြီး စေ့စပ်ခဲ့ကြတာပါ။ အဲ့ဒီ့နောက် ၂၀၁၁ခုနှစ်မှာတော့ သူတို့ရဲ့လက်ထပ်ပွဲကို တီဗွီကနေတောင် လွှင့်ပြီးတော့ တခမ်းတနားကြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ထပ်ပြီး (၇၂)ရက်အကြာမှာပဲ သဘောထားချင်း မတိုက်ဆိုင်လို့ဆိုပြီး Kim ဘက်က ကွာရှင်းခွင့် လျှောက်ထားခဲ့ပါတယ်။ Kris ကတော့ အမေရိကန်ရဲ့ နာမည်ကြီး NBA ကစားသမားဖြစ်တာကြောင့် Kim ဟာ သူ့ကိုလက်ထပ်တာ လူရှေ့မှာ ရှိုးလုပ်ပြချင်လို့သပ်သပ် လက်ထပ်ခဲ့တာဆိုပြီး လက်ထပ်မှတ်တမ်းကို တရားရုံးက လုံးဝပယ်ဖျက်ပေးဖို့ လျှောက်ထားခဲ့ပါသေးတယ်။ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သူတို့စုံတွဲ လမ်းခွဲခဲ့ကြပြီး ၂၀၁၂ခုနှစ်မှာတော့ Kim ဟာ သူမရဲ့ အခုလက်ရှိခင်ပွန်းသည် Kanye West နဲ့ တွေ့ဆုံခဲ့ပါတော့တယ်။

Brad Pitt နဲ့ Angelina Jolie တို့စုံတွဲ
Photo: wikipedia

နာမည်ကျော်ရုပ်ရှင် Mr and Mrs Smith ဇာတ်ကားကို အတူရိုက်ကူးရင်း ချစ်ကြိုးသွယ်ခဲ့ကြတဲ့ Brad Pitt နဲ့ Angelina Jolie တို့စုံတွဲဟာ ဟောလိဝုဒ်ရဲ့ သိပ်ချစ်ကြတဲ့ စံပြစုံတွဲအဖြစ် တစ်ချိန်က သတ်မှတ်ခံခဲ့ရဖူးပါတယ်။ Jolie-Pitt ဆိုပြီးတော့တောင် စုံတွဲနာမည် သတ်မှတ်ပေးခံခဲ့ရတဲ့အထိပါ။ ဆယ်စုနှစ်တစ်ခုလောက် အတူရှိနေခဲ့ကြပေမယ့် တကယ် တရားဝင်လက်ထပ်ပြီး နှစ်နှစ်အကြာမှာပဲ ကွာရှင်းပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။ ကွာရှင်းဖို့ကို လျှောက်ထားတာကတော့ Jolie ဘက်က ဖြစ်ပြီး အချိန်ကတော့ ၂၀၁၆ခုနှစ်မှာပါ။ အကြောင်းကတော့ ညှိနှိုင်းလို့မရတဲ့ သဘောထား မတိုက်ဆိုင်မှုတွေကြောင့်လို့ ဆိုထားပြီး သူတို့နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကလေးခြောက်ယောက်အပေါ် အုပ်ထိန်းခွင့်ကို ဝေခြမ်းရေးအတွက် ကာလအတော်ကြာ တရားရင်ဆိုင်ခဲ့ကြရပါတယ်။

Demi Moore နဲ့ Ashton Kutcher တို့စုံတွဲ
Photo: wikimedia commons

တစ်ချိန်က မမနဲ့မောင်လေး ဇာတ်လမ်းတွေထဲမှာ အဟော့ဆုံး၊ လူစိတ်အဝင်စားခံရဆုံး စုံတွဲပါ။ အသက်(၁၆)နှစ်ကွာတဲ့ မမနဲ့မောင်လေးတို့ဟာ အိမ်ထောင်သက်ခြောက်နှစ်အကြာ ၂၀၁၁ခုနှစ်မှာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ ကွဲရတဲ့အကြောင်းရင်းကတော့ ဖောက်ပြန်မှုတွေ ပါဝင်နေတယ်လို့ သတင်းတွေ သဲ့သဲ့ထွက်ခဲ့ပေမယ့် သူတို့နှုတ်ကနေ ဝန်ခံခဲ့တာမျိုးတော့ မရှိပါဘူး။ မိန်းမတစ်ယောက်အနေနဲ့ တန်ဖိုးထားတဲ့အရာတွေ ရှိတဲ့အတွက် ဘဝကိုရှေ့ဆက်ဖို့ လမ်းခွဲလိုက်ပါပြီဆိုတဲ့ ကြေငြာချက်ကို မမကြီး Demi Moore ဘက်က ထုတ်ပြန်ခဲ့ပါသေးတယ်။ လမ်းခွဲပြီးနောက်မှာတော့ Ashton Kutcher ဟာ ယခင်ရိုက်ကွင်းမှာ ဆုံဖူးတဲ့ မင်းသမီး Mila Kunis နဲ့ တွဲခဲ့ပြီး ၂၀၁၄ခုနှစ်မှာတော့ ကလေးတစ်ယောက် ရခဲ့ပါတယ်။ အဲ့ဒီ့နှစ် နွေရာသီမှာပဲ လက်ထပ်ခဲ့ကြပြီး ဒုတိယမြောက် ရင်သွေးလေးကိုတော့ ၂၀၁၆ခုနှစ်မှာ ထပ်မံရရှိခဲ့ပါတယ်။

Gwyneth Paltrow နဲ့ Chris Martin တို့စုံတွဲ
Photo: yahoo finance

အဆိုတော်နဲ့မင်းသမီးစုံတွဲဖြစ်ပြီး ကောလာဟလတွေလည်း သိပ်မထွက်ခဲ့တာမို့ ပရိသတ်တွေ ချစ်ရတဲ့ စုံတွဲတွေထဲက တစ်တွဲပါ။ သူတို့နှစ်ဦးဟာ ဆယ်စုနှစ်တစ်ခုလောက် ပေါင်းသင်းနေထိုင်ခဲ့ကြပြီး ၂၀၁၄ခုနှစ်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။ လမ်းခွဲတာကိုလည်း လူသိရှင်ကြား ကြေငြာချက်တွေ မထုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ်ပဲ သပ်သပ်စီ ခွဲနေကြမယ်လို့ သဘောတူခဲ့ကြပါတယ်။ ကလေးနှစ်ယောက် ရထားတဲ့ သူတို့နှစ်ဦးဟာ အခုအချိန်အထိ မိတ်ဆွေတွေအနေနဲ့ ခင်မင်ရင်းနှီးနေကြသေးတာကြောင့် ဒီနည်းလမ်းဟာ အလုပ်ဖြစ်ပုံရပါတယ်။ ရင်းနှီးနေပုံကတော့ အချစ်သစ်ကိုယ်စီရတာတောင် အတွဲကိုယ်စီနဲ့ double ဒိတ်ကြတာကို ကြည့်ရင် သိနိုင်ပါတယ်။

Jennifer Garner နဲ့ Ben Affleck တို့စုံတွဲ
Photo: wikimedia commons

ဟောလိဝုဒ်က ပါဝါစုံတွဲတွေအကြောင်း ပြောပါဆိုရင် Jennifer Garner နဲ့ Ben Affleck တို့စုံတွဲဟာလည်း မပါမဖြစ် ဖြစ်မှာပါ။ Pearl Harbor နဲ့ Daredevil ရုပ်ရှင်တွေမှာ တွေ့ဆုံပြီး ခင်မင်ရင်းနှီးခဲ့ရာက ချစ်ကြိုးသွယ်ခဲ့တာ သူတို့နှစ်ယောက်ဟာ ၂၀၀၄ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ ကလေးသုံးယောက်ရအပြီး အိမ်ထောင်သက် ဆယ်နှစ်အကြာ ၂၀၀၅ခုနှစ်မှာတော့ လမ်းခွဲဖို့ ဖြစ်လာခဲ့ကြပါတယ်။ လမ်းခွဲတဲ့ကြေငြာချက်မှာတော့ Jennifer Garner က တကယ်ချစ်ပြီး တကယ်စိတ်နှစ်ခဲ့ကြတဲ့ အိမ်ထောင်ရေးအစစ်ဖြစ်ကာ ကင်မရာရှေ့မှာ ရှိုးလုပ်ပြရုံ လက်ထပ်ခဲ့ကြတာမျိုး မဟုတ်ဘူးလို့ ပြောခဲ့ပါသေးတယ်။

Channing Tatum နဲ့ Jenna Dewan တို့စုံတွဲ
Photo: wikimedia commons

တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတယ်လို့ နာမည်ကြီးတဲ့ မင်းသား Channing Tatum တို့ စုံတွဲဟာလည်း ဘယ်သူမှ မထင်မှတ်တဲ့အချိန်မှာ လမ်းခွဲခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၆ခုနှစ်ရဲ့ နာမည်ကျော်အကရုပ်ရှင် Step Up ကို ရိုက်ကူးရင်း ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၀၉ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ Everly လို့ ခေါ်တဲ့ သမီးလေးကိုတော့ ၂၀၁၃ခုနှစ်မှာ ရရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ ခွဲခွာရမယ့်အချိန် ၂၀၁၈ခုနှစ်ကို ရောက်လာတဲ့အခါမှာတော့ အချစ်များစွာနဲ့ လမ်းခွဲပြီး ကိုယ့်လမ်းကိုယ် လျှောက်ကြပါမယ်လို့ ပူးတွဲကြေငြာချက် ထုတ်ခဲ့ကြပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အံ့အားသင့်စရာအကောင်းဆုံး လမ်းခွဲပြတ်စဲမှုတွေပါပဲ။ ဘယ်တစ်ခုကြောင့် အံ့အားသင့်ပြီး ကြားထဲက အသည်းတွေကွဲ၊ စိတ်မကောင်းတွေ ဖြစ်ခဲ့ရသေးလည်းဆိုတာ ဝေမျှပေးခဲ့ပါဦး။

LaNina
RELATED ARTICLES

Most Popular