HomeCelebs Update NewsInternationalAccountant အလုပ်က ပြုတ်သွားတုန်းက မိဘတွေနဲ့အဆင်မပြေဖြစ်ခဲ့ရတယ်ဆိုတဲ့ Simu Liu

Accountant အလုပ်က ပြုတ်သွားတုန်းက မိဘတွေနဲ့အဆင်မပြေဖြစ်ခဲ့ရတယ်ဆိုတဲ့ Simu Liu

Simu Liu ဟာ ယခုအချိန်မှာတော့ Marvel ရဲ့ကျေးဇူးနဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်နေပါပြီ။ သို့သော်လည်း သူဟာ တချိန်တုန်းကတော့ Accountant ရာထူးနဲ့ အလုပ်လုပ်ကိုင်နေခဲ့တဲ့ သာမန်ရုံးဝန်ထမ်းတစ်ယောက်သာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူ့အလုပ်က ပြုတ်သွားပြီးနောက် သရုပ်ဆောင်အလုပ်ကို ဇောက်ချလုပ်မယ်လို့ စဉ်းစားလိုက်တဲ့အခါမှာတော့ မိဘတွေကို အတော်လေး နားဝင်အောင် ပြောခဲ့ရတယ်လို့ ဆိုပါတယ်။

Simu Liu ဟာ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်လွှင့်ခဲ့တဲ့ Stephen Colbert ရဲ့ The Late Show မှာ ပြောပြသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ပြောပြချက်အရ သူ့အသက်နှစ်ဆယ်ကျော်စမှာပဲ Deloitte ဆိုတဲ့ consulting ကုမ္ပဏီက Accountant ရာထူးကို ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းကတော့ သူ့ရဲ့မိဘနှစ်ပါးဟာ အတိုင်းထက်အလွန် ပျော်ရွှင်ဝမ်းသာနေခဲ့တာလို့ ဆိုပါတယ်။

Photo: simuliu/ Instagram

“ကျွန်တော့်မိဘတွေကတော့ဗျာ သိတယ်မှတ်လား။ သိပ်ကောင်းတယ်။ ငါတို့အလုပ်ကတော့ ပြီးသွားပြီ။ ငါတို့ ဒီကလေးအပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ အချိန်တွေနဲ့ ငွေတွေကတော့ နောက်ဆုံးမှာ တန်သွားပြီဆိုတာမျိုးပေါ့ဗျာ …” လို့ဆိုကာ သူ့ရဲ့ဖခင် Zhenning နဲ့ မိခင် Zheng တို့ရဲ့သဘောထားကို ပြောပြထားပါတယ်။

အဲဒီနောက် show host ဖြစ်သူ Stephen Colbert က မိဘတွေ အဲဒီလောက် တန်ဖိုးထားတဲ့အလုပ်ကနေ ထုတ်ခံလိုက်ရတဲ့အကြောင်း ဘယ်လို ပြန်ပြောပြခဲ့လည်းလို့ မေးမြန်းရာမှာတော့ ချက်ချင်းမပြောရဲခဲ့ဘဲ အခြေအနေကြည့်ပြီးတော့မှ မိဘတွေကို ပြောပြခဲ့တယ်လို့ Simu Liu က ဆိုပါတယ်။

Photo: simuliu/ Instagram

“အလုပ်ပြုတ်တော့ သူတို့ကို ချက်ချင်း မပြောပြခဲ့ဘူးဗျ။ ကျွန်တော် အချိန်တစ်ခုလောက်ထိ ယူလိုက်တယ်။ ပြီးတော့မှ ကျွန်တော် တကယ်လုပ်ချင်တဲ့အရာကို အခုတော့ ကြိုးစားကြည့်မယ်လို့ သူတို့ကို ပြောလိုက်တာ။ အဲဒီမှာ တော်တော်လေးကို ခက်ခက်ခဲခဲ ပြောယူခဲ့ရတယ်။ လွယ်လွယ်နဲ့ မပြီးသွားဘူးဗျ …” လို့ Simu Liu က ပြောပြထားပါတယ်။

Simu Liu ဟာ အလုပ်ကပြုတ်ပြီးနောက်မှာတော့ ရုပ်ရှင်ရိုက်ကွင်းတွေဆီကို ပြန်သွားချင်တာကြောင့် Craigslist မှာ ရှာဖွေရင်းနဲ့ ရုပ်ရှင်ရိုက်ဖို့ကို တကယ်ကြီး ပိုးဝင်သွားခဲ့တာလို့ ဆိုပါတယ်။ အလုပ်ပြုတ်သွားတာကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချပြီး ဝါသနာပါရာကို ကြိုးစားဖို့ လုပ်ခဲ့ပေမယ့် မိဘတွေ နားလည် လက်ခံလာအောင်တော့ တော်တော်လေး ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း သူ့ဘက်က ချပြစရာအဖြစ် တီဗွီကြော်ငြာတစ်ခုမှာ ပါလာခဲ့ရာက မိဘတွေကို လက်ခံအောင်ပြောဖို့ အားရှိလာခဲ့တယ်လို့ ဆိုပါတယ်။

Photo: simuliu/ Instagram

တကယ်တော့ Simu Liu ဟာ တရုတ်နိုင်ငံ၊ Harbin မြို့မှာ မွေးဖွားပြီး လူလားမြောက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ မွေးစအရွယ်တည်းက လေးနှစ်သားအထိ အဘိုးအဘွားတွေရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ နေထိုင်ခဲ့ရတာ ဖြစ်ပြီး အဲဒီနောက်မှသာ နိုင်ငံခြားမှာ ပညာသွားသင်နေတဲ့ မိဘနှစ်ပါးက သူတို့နဲ့အတူ ကနေဒါနိုင်ငံကို ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

“အဘိုးနဲ့အဘွားနဲ့ နေရတာ အရမ်းလုံခြုံနွေးထွေးတယ်လို့ ခံစားရတယ်။ ကျွန်တော့်အတွက်တော့ အဘိုးနဲ့အဘွားအိမ်က ကျွန်တော့်အိမ်ပဲ …” လို့ ရင်ဖွင့်ထားပါတယ်။ Simu Liu ဟာ အသက်(၄)နှစ်သား အရွယ်ကနေစပြီး ကနေဒါနိုင်ငံမှာ ရွှေ့ပြောင်းနိုင်ငံသားအဖြစ် နေထိုင် ကြီးပြင်းခဲ့ရတာ ဖြစ်ပါတယ်။ မိဘအရင်းတွေနဲ့အတူ နေထိုင်ရတာကတော့ စိန်ခေါ်မှုတွေလည်း ရှိသလို ခက်ခဲပင်ပန်းမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ သို့သော်လည်း သူ့ရဲ့သရုပ်ဆောင်အလုပ်ဟာ တစနဲ့တစ အောင်မြင်လာတာနဲ့အမျှ ယခုဆိုရင်တော့ သူ့ရဲ့မိဘနှစ်ပါးဟာ သူ့ကိုအားပေးနေပြီလို့ သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular