HomeCelebs Update NewsInternationalဝမ်းနည်းအားငယ်ပြီး စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ နားထောင်သင့်တဲ့သီချင်းကောင်းများ 

ဝမ်းနည်းအားငယ်ပြီး စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ နားထောင်သင့်တဲ့သီချင်းကောင်းများ 

လူတိုင်းမှာ အဆင်မပြေတဲ့အချိန်တွေ၊ ဝမ်းနည်းအားငယ်ရတဲ့အချိန်တွေ၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ ချစ်သူနဲ့လမ်းခွဲရလို့ဖြစ်စေ၊ အလုပ်တွေက အဆင်မပြေလို့ဖြစ်စေ၊ ဖိအားပေါင်းစုံနဲ့ ရင်ဆိုင်နေရလို့ဖြစ်စေ အကောင်းဆုံး ဖြေလျှော့နည်းတစ်ခုကတော့ ညင်သာတဲ့သံစဉ်နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းအေးအေးလေးတွေကို နားထောင်လိုက်တာပါပဲ။ ဒါဟာ ဘယ်သူ့ကိုမှ ရင်ဖွင့်စရာ မလိုဘဲနဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို တစ်စုံတစ်ယောက်က နားလည်ကြောင်း ဘေးနားက လာပြောပြလိုက်သလို၊ လာအားပေးခံလိုက်ရသလို စိတ်ထဲမှာ နှစ်သိမ့်မှု ရစေမှာ ဖြစ်ပါတယ်။ အဲ့လိုအချိန်တွေမှာ နားထောင်သင့်တဲ့ သီချင်းကောင်းလေးတွေကို ညွှန်းပေးရမယ်ဆိုရင်တော့ …

I Can’t Make You Love Me – Bonnie Raitt

ဒီသီချင်းကတော့ ကိုယ့်ကို ဘယ်လိုမှ မချစ်နိုင်တဲ့ လူတစ်ယောက်ကို အတင်းအကြပ် ဆွဲမထားတော့ဘဲ နားလည်ပေးပြီးဖြေလွှတ်ပေးလိုက်တဲ့ အဓိပ္ပာယ်မျိုး ဖြစ်ပါတယ်။ ကိုယ့်ကိုမချစ်နိုင်တာ သိနေလျက်နဲ့ တွယ်ကပ်မနေတော့ဘဲ ကိုယ့်စိတ်ကိုပဲ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကာ ရင်ထဲကပဲ ဒီအတိုင်းလေး ချစ်သွားမယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ တစ်ဖက်က ကိုယ်ချစ်သလို ကိုယ့်ကို မချစ်တာကို သိလိုက်ရတဲ့အခါ အကြီးအကျယ် ပေါက်ကွဲ၊ ရန်တွေ့တာမျိုးထက် သူ့စိတ်ကို နားလည်ပြီး လက်ခံပေးလိုက်တဲ့အခါ ကိုယ်ကိုယ်တိုင်လည်း မပူလောင်ရတော့ပါဘူး။

မူရင်းအဆိုရှင်ကတော့ Bonnie Raitt ဖြစ်ပြီး ၁၉၉၁ခုနှစ်က ထွက်ရှိခဲ့တဲ့သီချင်း ဖြစ်ပါတယ်။ သူ့နောက်မှာလည်း နာမည်ကျော်အဆိုတော်တွေ ဖြစ်ကြတဲ့ George Michael ၊ Adele ၊ Bon Iver စသဖြင့် ပြန်ဆိုထားကြတာတွေ ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ ဗားရှင်းကို နားဆင်နိုင်ပါတယ်။

Fix You – Coldplay

ဘဝမှာ ကြိုးစားတိုင်း ဖြစ်မလာတဲ့အခါ၊ လိုချင်တာတွေ အကုန်လုံး ရနိုင်ပေမယ့် တကယ် လိုအပ်နေတာကို မရနိုင်တဲ့အခါ လူ့စိတ်ဟာ ပြိုလဲသွားတတ်ပါတယ်။ ဒီသီချင်းလေးကတော့ ရင်တွေ အစိတ်စိတ် အမွှာမွှာ ကြေကွဲပြီး ကမ္ဘာကြီးမှာ ရှင်သန်နေရတာ အလိုမကျမှုတွေနဲ့ မောပန်းရလွန်းတယ်လို့ ခံစားလာရတိုင်း ကိုယ့်ကိုယ်ကို ပြန်လည်ဖေးမဖို့ နားထောင်သင့်တဲ့ သီချင်းလေး ဖြစ်ပါတယ်။

ဒီသီချင်းဟာ Coldplay အဖွဲ့က ရှေ့တန်းလူ၊ အဆိုသမား Christ Martin က အဲ့ဒီ့တုန်းက သူ့ရဲ့ဇနီးသည်ဖြစ်တဲ့ မင်းသမီး Gwyneth Paltrow အတွက် ရည်ရွယ်ပြီးရေးဖွဲ့ထားတဲ့သီချင်း ဖြစ်ပါတယ်။ Gwyneth ဟာ ဖခင်ဖြစ်သူ ကွယ်လွန်သွားချိန်မှာ ဆောက်တည်ရာမရ ဝမ်းနည်းစိတ်နဲ့ နေထိုင်နေရတာကြောင့် သူမအတွက် စိတ်သက်သာရာရဖို့ ကုစားပေးမယ်ဆိုတဲ့ စိတ်နဲ့ ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီသီချင်းဟာ စိတ်မှာ အနာတရဖြစ်နေတဲ့ ဘယ်သူ့အတွက်ကိုမဆို စာနာနားလည်ပြီး ဖေးမပေးတဲ့ ခံစားချက်မျိုးကို ရစေမှာ ဖြစ်ပါတယ်။

Everybody Hurts – R.E.M

ပင်ပန်းရတဲ့နေ့တွေ၊ အထီးကျန်ရတဲ့ညတွေမှာ တစ်ယောက်တည်း သိမ်ငယ်အားနည်းစွာနဲ့ ဖြတ်သန်းနေရပါသလား။ ဒါဟာ သင့်အတွက် ကြီးမားလေးလံတဲ့ ခံစားချက်ကြီးဖြစ်ပေမယ့် ဒီလိုခံစားနေရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းဟာ မဖော်ပြရင်သာ ရှိပေမယ့် အခက်အခဲ၊ ပြဿနာတွေနဲ့ နပန်းလုံးနေကြရတာပါပဲ။ ခဏလေး တောင့်ထားလိုက်မယ်ဆိုရင် သင့်အတွက် ရောင်ခြည်သန်းတဲ့ နေ့ရက်တွေ၊ ပျော်ရွှင်စရာ အချိန်‌တွေ ရောက်လာဦးမှာ ဖြစ်ပါတယ်။

ဒီသီချင်းဟာ R.E.M အဖွဲ့က မူရင်းသီဆိုထားတဲ့ သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းဟာ နားထောင်လိုက်တာနဲ့ ငိုချင်လျက် လက်တို့ဆိုတာလိုမျိုး မျက်ရည်တွေ စီးကျလာနိုင်ပေမယ့် တကယ်လည်း ရင်ထဲက ခံစားချက်တွေ ပွင့်ထွက်လာပြီး နှစ်သိမ့်မှုရအောင် တမင်ကို ဖန်တီးထားတာ ဖြစ်ပါတယ်လို့ R.E.M အဖွဲ့က ဆိုထားဖူးပါတယ်။ ဒီသီချင်းကိုလည်း အိုင်ယာလန် တေးဂီဝိုင်းတစ်ခုဖြစ်တဲ့ The Corrs ၊ P!nk နဲ့ Kelly Clarkson တို့အပြင် အခြားနာမည်ကျော်အဆိုတော်တွေနဲ့ တီးဝိုင်းတွေက ပြန်လည်သီဆိုထားကြပါသေးတယ်။

Save Myself – Ed Sheeran

တခြားသူတွေကို ကူညီကယ်တင်ချင်စိတ်ရှိသူတွေ အများဆုံး ခံစားရလေ့ရှိတဲ့ ခံစားချက်ကို Ed Sheeran က ရေးဖွဲ့ထားတာဖြစ်ပြီး သူများကို မကူညီ၊ မကယ်ဆယ်ခင် ကိုယ့်ကိုယ်ကို အရင်ဆုံး ကယ်တင်သင့်တဲ့အကြောင်း သတိပေးထားတာ ဖြစ်ပါတယ်။ သူများဒုက္ခရောက်နေရင် ကူညီပေးလိုက်ရမှ၊ ကိုယ့်အိတ်ထဲရှိတာကို စိုက်ထုတ်ပြီး လုပ်ပေးလိုက်ရမှ ဆိုတဲ့ လူတွေဟာ တကယ်တမ်း ကိုယ်တိုင် ဒုက္ခရောက်လာတော့ ကူမယ့်၊ကယ်မယ့်သူမရှိတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သူများတွေကို ချစ်သလို ကိုယ့်ကိုယ်ကိုလည်း ချစ်ပြီး အလေးထားဖို့၊ ဦးစားပေးဖို့ကို ရည်ညွှန်းထားတဲ့သီချင်းလေး ဖြစ်ပါတယ်။ ဒီသီချင်းကတော့ Ed Sheeran ရဲ့ Deluxe version နဲ့ Divide အယ်လ်ဘမ်ထဲက နောက်ဆုံးသီချင်း ဖြစ်ပါတယ်။

Skyscraper – Demi Lovato

ဒီသီချင်းလေးကတော့ ဘဝမှာ ပြိုလဲရတဲ့အချိန်တွေ၊ နာကျင်ရတဲ့အချိန်တွေမှာ ကိုယ့်ကိုဆွဲချမယ့်လူတွေ၊ လှောင်ပြောင်ကဲ့ရဲ့မယ့်လူတွေ လက်ကနေ လွတ်မြောက်အောင် ရှင်သန်ပြီး အမြင့်ဆုံး ပျံသန်းမယ်လို့ အဓိပ္ပာယ်ရတဲ့ သီချင်းလေး ဖြစ်ပါတယ်။ ဒီသီချင်းဟာ Demi Lovato ရဲ့ Unbroken အယ်လ်ဘမ်ထဲက ပထမဆုံး ဆင်ဂယ်လ်သီချင်းဖြစ်ပြီး သူမရဲ့ အကောင်းဆုံးသော သီချင်းတစ်ပုဒ်လို့လည်း ပြောလို့ရပါတယ်။ သီချင်းရဲ့သံစဉ်နဲ့ စာသားအပြင် သူမရဲ့ကြေကွဲစွာ လွင့်ထွက်လာတဲ့ vocals ကလည်း တကယ့် ကြက်သီးထစရာ ဖြစ်ပါတယ်။

When You Believe – Mariah Carey, Whitney Houston

ဒီသီချင်းလေးကတော့ Prince of Egypt ကာတွန်းရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းလေး ဖြစ်ပါတယ်။ Mariah နဲ့ Whitney တို့ စုံတွဲသီဆိုထားတာဖြစ်ပြီး ဘဝမှာ ယုံကြည်ချက်သာထားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ သီဆိုထားတာ ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာအတွက် သီဆိုထားတာဖြစ်ပေမယ့် စာသားဟာ ခရစ်ယာန်ဘာသာဝင် မဟုတ်သူတွေအတွက်လည်း ယုံကြည်မှုသာရှိရင် အောင်မြင်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားကို ပေးစွမ်းတဲ့သီချင်း ဖြစ်ပါတယ်။ ဘဝမှာ ဘယ်အချိန်မှာ အံ့ဩစရာ ကံကြမ္မာအလှည့်အပြောင်းတွေ ကြုံလာရမယ်ဆိုတာ မသိနိုင်လို့ ကိုယ်လျှောက်မယ့်လမ်းကို ယုံကြည်ချက်သာထားပြီး ဆက်လျှောက်ပါလို့ ခွန်အားပေးထားတဲ့သီချင်းလည်း ဖြစ်ပါတယ်။

Hey Jude – The Beatles

တစ်ခါတစ်ရံမှာ လူတွေဟာ အရိုးရှင်းဆုံးအရာလေးတွေကိုတောင် တွေးပြီးကြောက်ရွံ့နေတတ်ကြပါတယ်။ တစ်ခါတစ်ရံကျပြန်တော့လည်း ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ့်ပုခုံးပေါ်တင်ပြီး ထမ်းထားရသလို လေးပင်စွာ ရှင်သန်နေမိကြပြန်ပါတယ်။ ဒီသီချင်းဟာ ဘဝကို အရိုးရှင်းဆုံး ဖြတ်သန်းပြီး လေးလံမှုတွေကို မလိုအပ်ဘဲ မယူဖို့နဲ့ မင်းတစ်ယောက်တည်း နာကျင်ရတာ မဟုတ်ဘဲ ငါတို့အားလုံးလည်း နာကျင်ကြရတာပါပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဖေးမထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။

ဒီသီချင်းဟာ The Beatles အဖွဲ့ဝင် Paul McCartney က အဖွဲ့ဝင်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ John Lennon ရဲ့ သားလေး Julian အတွက် ရည်ရွယ်ပြီး ရေးဖွဲ့ထားတာပါ။ John Lennon နဲ့ Cynthia တို့ ကွာရှင်းတဲ့အချိန်မှာ Julian လေး စိတ်ဒဏ်ရာရမှာစိုးလို့ အားပေးတဲ့အနေနဲ့ ရေးဖွဲ့ထားတာဖြစ်ပါတယ်။

ဒါကတော့ စာဖတ်သူတို့ ဝမ်းနည်းရတဲ့အချိန်၊ အဆင်မပြေတဲ့အချိန်တွေမှာ စိတ်ပေါ့ပါးသွားအောင် နားထောင်သင့်တဲ့ သီချင်းလေးတွေကို ညွှန်းပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသီချင်းကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular