HomeEntertainmentFilmDisney ရဲ့ Soul Animation နောက်ကွယ်က လူအများစု မသိလောက်သေးတဲ့ အချက်များ

Disney ရဲ့ Soul Animation နောက်ကွယ်က လူအများစု မသိလောက်သေးတဲ့ အချက်များ

Disney နဲ့ Pixar တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Soul Animated ရုပ်ရှင်ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ထွက်ရှိခဲ့ပြီး အော်စကာဆု နှစ်ခုတောင် ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Joe Gardner ဆိုတဲ့ နယူးယော့ခ်မြို့က ဂီတဆရာတစ်ယောက်ဟာ နာမည်ကြီး ဂီတပညာရှင် ဖြစ်ချင်နေပါတယ်။ အဲဒီနောက်မှာတော့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့ဝိဉာဉ်ဟာ တခြားလောကတစ်ခုကို ရောက်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်ဆီကို ဘယ်လိုပြန်သွားဖို့ ကြိုးစားမလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ အချက်တွေကတော့ …

(1) စာတန်းထိုးတဲ့အချိန်မှာ ကိုဗစ်သတိပေးချက်တွေလည်း ထည့်သွင်းခဲ့ပါတယ်။

photo via screenrant

ဒီ Animation ကတော့ ကိုဗစ်ကြောင့်ပဲ နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရုံတင်မဟုတ်ဘဲ ရုပ်ရှင်ရုံမှာတောင် ပြသခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် ဒီ Animation ထွက်ရှိလာတဲ့ အချိန်ကတော့ ကိုဗစ်ရောဂါက အလွန်စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်နေတာကြောင့် ဇာတ်လမ်းအပြီး စာတန်းထိုးတဲ့ အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် (၆)ပေအကွာမှာ နေထိုင်ဖို့နဲ့ အစရှိတဲ့ ကိုဗစ်သတိပေးချက်တွေ ထည့်သွင်းခဲ့ပါတယ်။

(2) Inside Out Reference

photo via screenrant

Pixar က ထုတ်လုပ်ခဲ့တဲ့ Animation တိုင်းလိုလိုဟာ အရင်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွေကို Reference လုပ်ထားတာမျိူးတွေ၊ Easter Egg ထည့်ထားတာမျိူးတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ ဒီ Animation ထဲမှာလည်း အလားတူပဲ Inside Out ဇာတ်ကားကို Reference လုပ်ထားတာလည်း ပါဝင်နေပါတယ်။ အဲဒါကတော့ ရထားပေါ်က ဇာတ်ဝင်ခန်းတစ်ခုမှာ Brang ဆိုတဲ့အမည်ကို မြင်တွေ့ခဲ့ရတာပါပဲ။ Brang ကတော့ Inside Out ထဲမှာ Riley ရဲ့အဖေဖြစ်သူ အလုပ်လုပ်တဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ Inside Out ထဲမှာဆိုရင် Riley ရဲ့ ဖခင်ဟာ Brang ဆိုတဲ့ စာတန်းပါဝင်တဲ့ အင်္ကျီကိုတောင် ဝတ်ဆင်ထားတာ မြင်တွေ့ခဲ့ရပါတယ်။

(3) တိကျသေသပ်လွန်းတဲ့ နယူးယော့ခ်မြို့

photo via screenrant

ဒီ Animation ကတော့ နယူးယော့ခ်မြို့မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက နယူးယော့ခ်မြို့ရဲ့ အနေအထားကို ဖန်တီးထားတာဟာ အလွန်အသေးစိတ်ကျပြီး သေသပ် လှပလွန်းတာတာကြောင့် အပြင်က တကယ့်နယူးယော့ခ်မြို့နဲ့တောင် တပုံစံတည်းနီးပါး ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ Dorothea Williams နေရာမှာ အသံသရုပ်ဆောင်ခဲ့တဲ့ Angela Bassett ကလည်း ဒီ Animation ထဲမှာ အသံသရုပ်ဆောင်နေရင်း သူမရဲ့ငယ်ဘဝကို ဖြတ်သန်းခဲ့တဲ့ နယူးယော့ခ်မြို့ကြီးကို ရောက်သွားသလိုပဲလို့ ဆိုပါတယ်။

(4) Alice in Wonderland Reference

photo via screenrant

Joe ဟာ Great Beyond ကို ရောက်ရှိသွားပြီး အဲဒီနေရာကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အချိန်မှာတော့ ဝိဉာဉ်လေး သုံးကောင်ကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ “ဒါက ကျွန်တော့်ရဲ့ Walrus ဖြစ်လာဖို့ အိပ်မက်ကို ရိုက်ချိူးလိုက်တာပဲ” လို့ ပြောခဲ့ပါတယ်။ ဒီဒိုင်ယာလော့ခ်ကတော့ Allice in Wonderland ထဲက The Walrus and the Carpenter ဆိုတဲ့ သီချင်းကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။

(5) Joe ကို သရုပ်ဆောင် သို့မဟုတ် သိပ္ပံပညာရှင် ဖြစ်စေချင်ခဲ့တဲ့ ဒါရိုက်တာနဲ့ Jamie Foxx

photo via screenrant

Joe ကို ဂီတပညာရှင် တစ်ယောက်အနေနဲ့ ပုံဖော်ခဲ့တာဟာ ဒီဇာတ်လမ်းနဲ့ အလွန်လိုက်ဖက်နေပေမယ့်လည်း အစကတော့ ဒီဇာတ်ကောင်နေရာမှာ အသံသရုပ်ဆောင်ခဲ့တဲ့ Jamie Foxx နဲ့ ဒါရိုက်တာတို့ဟာ ဒီဇာတ်ကောင်ကို သရုပ်ဆောင်၊ ဒါမှမဟုတ် သိပ္ပံပညာရှင် ဖြစ်စေချင်ခဲ့တာပါ။ Jazz ဂီတကတော့ Joe ရဲ့ ဝါသနာတစ်ခုအနေနဲ့ပဲ ဖန်တီးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဂီတပညာရှင်အနေနဲ့ဆို ပိုမိုလိုက်ဖက်မယ်လို့ ခံစားမိတာကြောင့် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

(6) Luca Easter Egg

photo via screenrant

Pixar ရဲ့ Animation တွေထဲမှာတော့ အသစ်ထွက်ရှိလာမယ့် Animation တွေကို Easter Egg အနေနဲ့ ထည့်သွင်းထားလေ့ ရှိပါတယ်။ Soul ထဲမှာတော့ အသစ်ထွက်လာမယ့် Luca ကို Easter Egg အဖြစ် ထည့်သွင်းထားပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Joe ဟာ ပလက်ဖောင်းပေါ်မှာ ပြေးလွှားသွားတဲ့အချိန်မှာ နံရံပေါ်က ပိုစတာတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ “Visit Portorosso” ဆိုတဲ့ စာတန်းပဲ ဖြစ်ပါတယ်။ Portorosso ကတော့ Luca ရဲ့ မျိူးရိုးနာမည်ပဲ ဖြစ်ပြီး အဲဒီစာတန်းအောက်မှာလည်း “Fly Luca Airlines” လို့ ပါဝင်နေပါသေးတယ်။

(7) Joe Ranft , Joe Grand နဲ့ Jack Kirby

photo via screenrant

22 ကတော့ လူသားဘဝကို သွားဖို့အတွက် ရည်ရွယ်ချက် ပျောက်နေပြီး အဲဒီရည်ရွယ်ချက်ကို ရှာဖွေပေးဖို့အတွက် ဆရာပေါင်းများစွာက လမ်းပြပေးခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ 22 ကို လမ်းပြပေးခဲ့တဲ့ ဆရာတွေရဲ့ အမည်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီထဲက သုံးယောက်ကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ အဲဒီသုံးယောက်ကတော့ Joe Ranft ၊ Joe Grand နဲ့ Jack Kirby တို့ပဲ ဖြစ်ပါတယ်။ Joe Ranft နဲ့ Joe Grand တို့ကတော့ Disney ရဲ့ Animation Legend တွေပဲ ဖြစ်ပြီး Jack Kirby ကတော့ Marvel ကောမစ်ရဲ့ အထင်ကရ ဖန်တီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါကတော့ Soul animated ရုပ်ရှင်ထဲက စိတ်ဝင်စားစရာ အချက်တချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular