HomeEntertainmentFilm၂၀၂၀ Oscar အတွက် Parasite ကို တင်သွင်းရန် တောင်ကိုရီးယားရွေးချယ်ထား

၂၀၂၀ Oscar အတွက် Parasite ကို တင်သွင်းရန် တောင်ကိုရီးယားရွေးချယ်ထား

ဒါရိုက်တာ Bong Joon-Ho ရိုက်ကူးထားတဲ့ Parasite ရုပ်ရှင်ဇာတ်ကားကို ၂၀၂၀ခုနှစ် အော်စကာဆုပေးပွဲမှာ တောင်ကိုရီးယားနိုင်ငံကိုယ်စားပြုအနေနဲ့ တင်သွင်းသွားမယ်လို့ ကြေငြာထားပါတယ်။

ဒီသတင်းကိုတော့ ကိုရီးယားရုပ်ရှင်ကောင်စီက တရားဝင်ကြေငြာထားတာဖြစ်ပြီး ဇာတ်ကား(၈)ကားထဲကနေ ဂျူရီအဖွဲ့တွေက ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဇာတ်ကားကတော့ black comedy thriller အမျိုးအစားဖြစ်ပြီး ဆင်းရဲ၊ချမ်းသာကွာဟမှုတွေအကြောင်းကို တုန်လှုပ်ဖွယ်ရာ ရိုက်ကူးပြထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ၂၀၁၉ခုနှစ် မေလက ပြုလုပ်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကြီးမှာ ပြသခဲ့ပြီး ဆုပေါင်းများစွာမှာ စံကာတင်စာရင်းဝင်ခဲ့တဲ့အပြင် Palme d’Or award ဆုကြီးကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါဟာ ကိုရီးယားနိုင်ငံအနေနဲ့ အဆိုပါဆုကို ပထမဆုံးအကြိမ် ရရှိဖူးခြင်းလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့  Song Kang-ho ၊ Lee Sun-kyun ၊ Cho Yeo-jeong ၊ Choi Woo-shik နဲ့ Park So-dam တို့က အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကိုတော့ Bong Joon-ho နဲ့ Han Jin-won တို့က ရေးသားထားကြတာပါ။ ဒီဇာတ်ကားဟာ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ (၁၁)သန်းဝန်းကျင်ခန့် ကုန်ကျခံ ရိုက်ကူးထားပြီး Box-Office ဝင်ငွေအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ(၉၀.၁)သန်းကျော် ရရှိထားပါတယ်။

Rating တွေအနေနဲ့ကတော့ IMDb 8.5 နဲ့ Rotten Tomatoes 100% ကို ရရှိထားတာကြောင့် အမိုက်စားကြီးဆိုတာ အထူးအထွေ ပြောပြစရာ လိုမယ်မထင်ပါဘူး။ ဒီဇာတ်ကားကို ၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် အော်စကာရုပ်ရှင်ဆုပေးပွဲကြီးမှာ Best International Feature Film category ကနေ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ဒါရိုက်တာ Bong Joon-Ho ရဲ့ အော်စကာတင်သွင်းတဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ပထမ တင်သွင်းဖူးတဲ့ ဇာတ်ကားကတော့ ၂၀၀၉ခုနှစ်က ရိုက်ကူးခဲ့တဲ့ Mother ဆိုတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ အော်စကာအတွက် နှစ်စဉ် နိုင်ငံကိုယ်စားပြု ရုပ်ရှင်တွေကို ရွေးချယ်ပြီး တင်သွင်းနေခဲ့ပေမယ့် စံကာတင်စာရင်းအထိ ရောက်ရှိလာခဲ့တဲ့ ဇာတ်ကားမျိုးတော့ မရှိသေးပါဘူး။ အခု တအားနာမည်ကြီးနေတဲ့ Parasite ရုပ်ရှင်ဇာတ်ကားကြီးအလှည့်မှာတော့ ဘယ်လိုရလဒ်တွေ ထွက်လာမလည်းဆိုတာ ရင်ခုန်စရာပါ။

(၉၂)ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲကြီးကိုတော့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

LaNina

Ref: indianexpress

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular