HomeCharacterSpider-Man ဗီလိန် El Muerto ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

Spider-Man ဗီလိန် El Muerto ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

မကြာသေးခင်ကပဲ Sony ဟာ လူသိနည်းတဲ့ Spider-Man ရဲ့ ဗီလိန်တစ်ယောက်ကိုလည်း ဆိုလိုပရောဂျက် ထုတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီဇာတ်ကောင်ကတော့ El Muerto ပဲ ဖြစ်ပြီး လက်တင်အဆိုတော် Bad Bunny က ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်တာကြောင့် လောလောဆယ်မှာတော့ ပရိသတ်တွေအတွက် ဒီဇာတ်ကောင်နဲ့ အနည်းငယ် ရင်းနှီးသွားစေဖို့ ကောမစ် Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

photo via screenrant

နာမည်အရင်းကတော့ Juan Carlos Estrada Sanchez ဖြစ်ပြီး သူဟာ El Muerto ဆိုတဲ့ Codename ကို အသုံးပြုကြတဲ့ နပမ်းသမား မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ သူတို့ဟာ ရှေးဟောင်းမျက်နှာဖုံးတွေကို ဝတ်ဆင်ထားပြီး အဲဒီမျက်နှာဖုံးတွေကပဲ သူတို့ကို စွမ်းအားတွေ ရရှိစေခဲ့တာ ဖြစ်ပါတယ်။ Juan ကိုတော့ သူ့ရဲ့ဖခင်က လေ့ကျင့်ပေးခဲ့ပေမယ့်လည်း သူကတော့ နပမ်းသမား ဖြစ်လာဖို့အတွက် စိတ်ပါဝင်စားမှု မရှိပါဘူး။

El Muerto ဆိုတဲ့ Codename ကို လက်ဆင့်ကမ်းပေးဖို့အတွက် အစီအရင်တွေထဲက တစ်ခုကတော့ El Dorado ဆိုသူနဲ့ တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကို El Muerto ဖြစ်လာဖို့ ထိုက်တန်ကြောင်း သက်သေပြရတာပဲ ဖြစ်ပါတယ်။ Juan ကတော့ ဘယ်တုန်းကမှ El Muerto မဖြစ်လာချင်တာကြောင့် ကြောက်လန့်ပြီး El Dorado ကို မတိုက်ခိုက်ခဲ့ပါဘူး။ ဒါကြောင့်ပဲ El Dorado ဟာ Juan ရဲ့ဖခင်ကို သတ်ပစ်ခဲ့ပြီး သူနဲ့ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ချိန်ဆယ်နှစ် ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Juan ဟာ နယူးယော့ခ်မြို့ကို သွားခဲ့ပြီး Spider-Man ကို အနိုင်ယူချင်စိတ် ဖြစ်လာပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Juan ဟာ ပရဟိတ ရန်ပုံငွေပွဲအနေနဲ့ နပမ်းပွဲတစ်ခု စီစဉ်ခိုင်းဖို့အတွက် J. Jonah Jameson ကို ချဉ်းကပ်ခဲ့ပါတယ်။ J. Jonah Jameson ကလည်း Juan ဟာ Spider-Man ရဲ့ မျက်နှာဖုံးကို ချွတ်နိုင်လိမ့်မယ်လို့ ယူဆတာကြောင့် အဲ့ဒီပွဲကို စီစဉ်ပေးခဲ့ပါတယ်။ Juan ကိုယ်တိုင်ကလည်း Spider-Man ရဲ့ မျက်နှာဖုံးကို ချွတ်နိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း အဲဒီအချိန်မှာပဲ Spider-Man ဟာ မရည်ရွယ်ဘဲ သူ့ရဲ့လက်ကောက်ဝတ်ကနေ အချွန်တစ်ခု ထွက်လာပြီး Juan ကို အဆိပ်သင့်သွားစေပါတယ်။

ဒါကြောင့်ပဲ Juan ဟာ အကြောသေသွားပြီး ဆေးရုံရောက်သွားပါတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဆယ်နှစ်သက်တမ်းက ပြည့်သွားတာကြောင့် El Dorado ဟာ သူ့ကို သတ်ပစ်ဖို့ ရောက်လာပါတယ်။ ဒီမှာတင် Spider-Man ဟာ သူ့ကို လာရောက် ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Juan ဟာ နေပြန်ကောင်းလာတဲ့အချိန်မှာ သူ့ကိုယ်သူ သူတို့မိသားစုရဲ့ မျက်နှာဖုံးနဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

စွမ်းအားများ

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ El Muerto ဟာ မျက်နှာဖုံးကြောင့် စွမ်းအားတွေ ရရှိထားပြီး ဒီမျက်နှာဖုံးရဲ့ Origin ကိုတော့ မဖော်ပြထားပါဘူး။ ရရှိထားတဲ့ စွမ်းအားတွေကတော့ သာမန်လူထက်ပိုတဲ့ ခွန်အား၊ ခံနိုင်ရည်နဲ့ လျင်မြန်မှုတို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက လုပ်ဆောင်နိုင်စွမ်းကတော့ နပမ်းပညာမှာ ကျွမ်းကျင်တာပဲ ဖြစ်ပြီး မတူညီတဲ့ နပမ်းပညာတွေကို တတ်မြောက်ထားပါတယ်။ သူကတော့ ကောမစ်ထဲမှာတောင် နှစ်ကြိမ်သာ ပါဝင်ခဲ့ဖူးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် လူသိပ်မသိကြပါဘူး။ Sony ကတော့ ဒီလိုဇာတ်ကောင်ကို ပရိသတ်တွေအကြိုက် ဖြစ်အောင် ဘယ်လို ဖန်တီးသွားမလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular