HomeEntertainmentFilmStranger Things Season 4 ထဲမှာ Nancy မြင်ခဲ့ရတဲ့ Vision တွေရဲ့ ဖြစ်နိုင်ချေများ

Stranger Things Season 4 ထဲမှာ Nancy မြင်ခဲ့ရတဲ့ Vision တွေရဲ့ ဖြစ်နိုင်ချေများ

Stranger Things Season 4 ကတော့ မကြာသေးခင်ကပဲ ထုတ်လွှင့်သွားပြီး ယခုအချိန်မှာတော့ ပရိသတ်တွေဟာ Season 5 ထွက်လာဖို့အတွက် အနည်းဆုံး (၂)နှစ်လောက် စောင့်ရဦးမှာ ဖြစ်ပါတယ်။ အခုလို စောင့်ဆိုင်းနေတဲ့ အချိန်မှာပဲ Season 4 ထဲက အချက်တချို့ကို အခြေခံပြီးတော့ ပရိသတ်တွေဟာ Season 5 အတွက် Fan Theory တွေကို စဉ်းစားနေကြပါတယ်။ ဒါကြောင့်ပဲ Season 4 ထဲမှာ Nancy မြင်ခဲ့ရတဲ့ Vision တွေက ဘာတွေလည်းဆိုတာနဲ့ Season 5 မှာ ဘာတွေ ဖြစ်လာနိုင်မလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီသီအိုရီကို ဖြစ်လာစေတဲ့ အဓိကအချက်ကတော့ Season 4 အပိုင်း(၈)ထဲမှာ Vecna ဟာ Nancy Wheeler ကို အသက်ရှင်ခွင့်ပေးလိုက်ပြီး Eleven အတွက် သူလာနေပြီဆိုတဲ့ အမှာစကား ပါးလိုက်ပါတယ်။ ဒါ့အပြင် Vecna ဟာ Nancy ကို နိမိတ်ပုံအချို့ ပြသခဲ့ပြီး အဲဒီနိမိတ်ပုံတွေထဲမှာတော့ Hawkins မြို့ကြီး ပျက်စီးနေတာနဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဖြစ်ရပ်တွေကို ပြသခဲ့ပါတယ်။ Nancy ကတော့ Vecna ရဲ့လက်က လွတ်လာပြီးတဲ့အချိန်မှာ သူမြင်ခဲ့ရတဲ့ နိမိတ်ပုံတွေကို Hawkins မှာ ရှိနေတဲ့ ကလေးတွေအဖွဲ့ကို ပြောပြခဲ့ပါတယ်။

ပထမဆုံး အချက်ကတော့ Hawkins မြို့ကို အမည်းရောင်တိမ်တိုက်တွေက ဖုံးအုပ်ထားတာပဲ ဖြစ်ပြီး ဒီဖြစ်ရပ်ဟာ Season 4 ရဲ့ အဆုံးသတ်မှာတော့ တကယ်ပဲ ဖြစ်လာပါတယ်။ ဒါ့အပြင် Hawkins မြို့ကြီး မီးလောင်ကျွမ်းနေတာကိုလည်း ပြသခဲ့ပါသေးတယ်။

ဖြစ်မလာသေးတဲ့ အချက်တစ်ခုကတော့ Hawkins မြို့ထဲမှာ သေဆုံးနေတဲ့ စစ်သားတွေကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ Season 4 ထဲမှာတော့ အမေရိကန်စစ်တပ်နဲ့ Upside-Down ထဲက မွန်းစတားတွေ တိုက်ခိုက်ကြမယ့် အရိပ်အယောင်မျိူး မမြင်ခဲ့ရပါဘူး။ နောက်ထပ်တစ်ခုကတော့ ကြီးမားတဲ့ သတ္တဝါကြီးတစ်ကောင်က ပါးစပ်ကြီး ဟနေတာကို မြင်တွေ့ခဲ့ရတယ်လို့ Nancy က ပြောပါတယ်။ ဒါ့အပြင် ဒီသတ္တဝါကြီးဟာ တစ်ကောင်တည်း မဟုတ်ဘဲ မွန်းစတားစစ်တပ်ကြီးနဲ့အတူ Hawkins မြို့ထဲကို ဝင်ရောက် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

photo via screenrant

ဒီ Vision တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံးတစ်ခုကတော့ Vecna ဟာ Nancy ကို သူမမိသားစုရဲ့ ကံကြမ္မာကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ Nancy ကတော့ အဲဒီအကြောင်းကို Hawkins ကအဖွဲ့ကို ပြန်ပြောပြတဲ့အချိန်မှာ စကားတောင် ဆုံးအောင် မပြောနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ Season 5 ထဲမှာတော့ Wheeler မိသားစုဟာ ကြီးမားတဲ့ အသက်အန္တရာယ်ကို ကြုံတွေ့ရမယ်ဆိုတာ အသေအချာပဲ ဖြစ်ပြီး Mike အပါအဝင် သူမရဲ့မိသားစုဝင် တစ်ယောက်ယောက်လည်း သေဆုံးသွားနိုင်ပါတယ်။ ထူးခြားတဲ့ အချက်ကတော့ Nancy ရဲ့ ပြောစကားအရဆိုရင် အဲဒီ Vision ထဲမှာ Karen ၊ Holly နဲ့ Mike တို့ ပါဝင်နေပေမယ့် သူမရဲ့အဖေဖြစ်တဲ့ Ted ကတော့ မပါဝင်ခဲ့ပါဘူး။

အဲဒီဇာတ်ဝင်ခန်းမှာတော့ Nancy ဟာ “သူတို့အားလုံးက” ဆိုပြီး စကားကို ဆက်မပြောနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ Season 5 ထဲမှာတော့ Wheeler မိသားစုရဲ့ ကံကြမ္မာဟာ အတော်လေးကို စိုးရိမ်စရာ ကောင်းနေပါပြီ။ ဒါ့အပြင် Nancy ဟာ Hawkins မြို့ထဲကို Upside-Down ထဲက မွန်းစတားတွေ တိုက်ခိုက်လာတာကိုလည်း မြင်ခဲ့ရတာကြောင့် Wheeler မိသားစုဟာ Vecna ဒါမှမဟုတ် အဲဒီမွန်းစတားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရနိုင်ပါတယ်။ မဟုတ်ရင်တောင်မှ အနည်းဆုံးတော့ Wheeler မိသားစုထဲက တစ်ယောက်ကတော့ သေဆုံးသွားနိုင်ပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Stranger Things ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Mike ဟာလည်း သေဆုံးသွားနိုင်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ Season 5 ကတော့ နောက်ဆုံး Season ဖြစ်တာကြောင့် Duffer Brothers ဟာ အနည်းဆုံးတော့ အဓိကဇာတ်ကောင်တွေထဲက တစ်ယောက်ယောက်ကို သတ်ပစ်မယ်လို့ ယူဆရပါတယ်။ အကယ်၍ Nancy ရဲ့ Vision သာ အမှန်တကယ် ဖြစ်လာမယ် ဆိုရင်တော့ Mike ဟာ သေဆုံးဖို့ ရာခိုင်နှုန်းများနေပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ဒီအချက်ဟာ တကယ်ဖြစ်လာမယ်လို့ သေချာပေါက် မပြောနိုင်သေးပါဘူး။

သီအိုရီတစ်ခုအရ ဆိုရင်တော့ Season 5 ထဲမှာ အချိန်ခရီးသွားတာတွေ ပါဝင်လာမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် Nancy မြင်ထားတဲ့ အရာတိုင်းဟာ အမှန်တကယ် ဖြစ်လာပြီး ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကောင်တွေများစွာလည်း သေဆုံးသွားနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှသာ Eleven ဟာ အတိတ်ကို အချိန်ခရီးသွားပြီး သူတို့ရဲ့ အမှားတွေကို ပြန်လည်ပြုပြင်မယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ ဘယ်ခန့်မှန်းချက်တွေက မှန်ကန်လာမလည်းဆိုတာကိုတော့ Season 5 မှာ ရင်ခုန်စွာနဲ့ စောင့်မျှော်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular