HomeEntertainmentFilmStranger Things Season 5 မှာ ဇာတ်လမ်းရဲ့အဓိက ဖြစ်လာမယ့် Will Byers

Stranger Things Season 5 မှာ ဇာတ်လမ်းရဲ့အဓိက ဖြစ်လာမယ့် Will Byers

Stranger Things ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူတွေဖြစ်တဲ့ Duffer Brothers ရဲ့ ရှင်းလင်းပြောပြချက်အရ Noah Schnapp သရုပ်ဆောင်ထားတဲ့ Will Byers ဇာတ်ရုပ်ဟာ လာမယ့် season 5 ရဲ့ ဇာတ်လမ်းမှာ အဓိက ဖြစ်လာမယ်လို့ သိရပါတယ်။

လက်ရှိပြသနေတဲ့ Season 4 ထဲမှာတော့ ကျယ်ပြန့်တဲ့ ဇာတ်လမ်းပိုင်းကို မြင်တွေ့ရပေမယ့် ပရိသတ်အများစုဟာ Will နဲ့ Jonathan Byers တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပါဝင်မှုဟာ သိပ်ပြီးအရေးမပါသလို ဖြစ်နေတဲ့အပေါ် ကွန်ပလိန်းတက်ခဲ့ကြပါတယ်။ ဒီ season ထဲမှာတော့ Eleven ဟာ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုစီ ရောက်ရှိနေခဲ့ပြီး Will ၊ Jonathan ၊ Mike နဲ့ Argyle တို့ကတော့ ပီဇာဗန်ကားထဲမှာ အချိန်အများစု ကုန်ဆုံးပြီး နိုင်ငံအနှံ့ကို ခရီးသွားနေခဲ့ရပါတယ်။

Photo Credit: Netflix

သို့သော်လည်း Will ရဲ့ ကာရိုက်တာနဲ့ ပတ်သက်တဲ့ တချို့သော အရေးကြီးတဲ့ အချက်တွေကတော့ ဒီ season ထဲမှာ မြင်တွေ့လိုက်ရပြီ ဖြစ်ပါတယ်။ အဲဒါကတော့ သူ့ရဲ့လိင်တိမ်းညွတ်မှုနဲ့အတူ Mike အပေါ်ရှိနေတဲ့ သူ့ရဲ့ခံစားချက်ပဲ ဖြစ်ပါတယ်။

Collider သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Will Byers ဟာ လာမယ့် season 5 မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာမယ်လို့ Duffer Brothers က ပြောပြထားပါတယ်။ Matt Duffer ကတော့ season 4 ဟာ Will ရဲ့ အရွယ်ရောက်လာတဲ့အကြောင်းကိုသာ အစပြု ဖော်ပြသွားတာ ဖြစ်ပြီး ရှိုးရဲ့ final season မှာ‌တော့ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝက နောက်ထပ်အဆင့်တွေကို မြင်တွေ့ရဦးမယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင် season 5 ဟာ season 1 က စတင်ခဲ့တဲ့ မပြီးပြတ်သေးတဲ့ ဇာတ်ကြောင်းတွေကို အပြီးသတ်သွားမယ်လို့ ပြောထားပါသေးတယ်။

Photo Credit: Netflix

“season 5 နဲ့ ပတ်သက်ပြီး ကျုပ်ပြောလို့ရတာကတော့ Will ဟာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်လာမှာဖြစ်ပြီး ဒီ season ရဲ့ focus လည်း ဖြစ်လာမှာပါ။ အခုက ကျုပ်တို့က သူအရွယ်ရောက်လာတာကိုပဲ မြင်တွေ့နေရတာပါ။ သူ့ရဲ့ဖြတ်သန်းမှုမှာတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး တချို့ကတော့ သဘာဝလွန် ဖြစ်ရပ်တွေပေါ့ဗျာ။ ဒါပေမယ့် နောက်ပိုင်းမှာ Will ဟာ သူ့ကိုယ်ပိုင်ပုံစံ ဖြစ်လာမှာကို ခင်ဗျားတို့ မြင်တွေ့ရပါလိမ့်မယ် …” လို့ Matt Duffer က ပြောထားပါတယ်။

Photo Credit: Netflix

အလားတူပဲ Ross Duffer ကတော့ “ကျုပ်တို့ တည်ဆောက်ထားသမျှတွေက season 1 ကို တစ်ပတ်ပြန်လည်သွားမှာဗျ။ Will တစ်ယောက်တည်း မဟုတ်ဘူး။ ကာရိုက်တာတွေရဲ့ အပြောင်းအလဲများစွာကိုလည်း ခင်ဗျားတို့ မြင်တွေ့ရဦးမှာပါ။ ပြီးတော့ Steve နဲ့ Nancy ရယ်၊ Nancy နဲ့ Jonathan တို့ကြားက မဖြေရှင်းရသေးတဲ့ relationship ကိုလည်း မြင်တွေ့ရမှာပါ။ Will လိုပဲ ကာရိုက်တာတွေဟာ တဆင့်ပြီးတဆင့် တက်လာမှာပါ။ ပြီးတော့ ဒါက သူတို့ရဲ့ခရီးလမ်းကြီးကလည်း မပြီးဆုံးသေးပါဘူး။ လာမယ့် season မှာ အားလုံးကို လက်စသိမ်းမှာ ဖြစ်တဲ့အတွက် အကုန်လုံးကတော့ အရေးပါကြမှာပါပဲ …” လို့ ပြောထားပါတယ်။

Stranger Things Season 5 ကတော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းမယ့် season ဖြစ်ပြီး ဖန်တီးသူတွေရဲ့ စကားအရ Will Byers ဟာ season 4 ကထက်ပိုပြီး အရေးပါတဲ့နေရာမှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Vancouver

Source: screenrant/collider

RELATED ARTICLES

Most Popular