HomeEntertainmentFilmStranger Things Season 5 အတွက် ရေပန်းစားနေတဲ့ fan theory များ

Stranger Things Season 5 အတွက် ရေပန်းစားနေတဲ့ fan theory များ

*** SPOILER ALERT ***

Netflix ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Stranger Things ကတော့ မကြာသေးခင်ကပဲ season 4 ထုတ်လွှင့်ပြသထားပြီး ဇာတ်လမ်းထဲမှာ အရိုးတွေ ချိုးပြခဲ့သလို ပရိသတ်တွေကြားမှာလည်း အသည်းတွေ ကွဲကုန်ကြပါတယ်။ ကောင်းမွန်သေသပ်တဲ့ visual effect ၊ ဇာတ်ညွှန်းတွေနဲ့အတူ သရုပ်ဆောင်တွေရဲ့ ပူးပေါင်းအစွမ်းပြမှုမှာ ပရိသတ်တွေကတော့ နောက်ဆုံးဇာတ်သိမ်းမယ့် season 5 မှာ ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလည်းဆိုတာ စိတ်လှုပ်ရှားနေကြပါပြီ။ သို့သော်လည်း ၂၀၂၄ ခုနှစ်မှ ကြည့်ရှုရနိုင်မယ့် finale အတွက် အချိန်တွေများစွာ ပိုနေသေးတာကြောင့် လက်ရှိမှာတော့ ပရိသတ်များစွာဟာ Hawkins မြို့လေးမှာ ဖြစ်လာနိုင်မယ့် သီအိုရီတွေကို ကြိုတင်စဉ်းစားခန်း ဖွင့်နေကြပါပြီ။

နောက်ထပ်တွေ့ရနိုင်မယ့် monster အသစ်

Photo via Twitter

season 1 တုန်းက Mike အိမ်က မြေအောက်ခန်းလေးမှာ Dungeons & Dragons ကစားနေကြတဲ့ ကလေးလေးတွေကို မှတ်မိကြဦးမှာပါ။ D&D ဂိမ်းဟာ Mike တို့ သူငယ်ချင်းတသိုက်အတွက်တော့ အလွန်အရေးပါတဲ့ ဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဂိမ်းထဲက ဇာတ်ကောင်တွေဟာ Hawkins က ကလေးတွေရဲ့ တကယ့်ဘဝထဲကို မိစ္ဆာကောင်ကြီးတွေအဖြစ် ဝင်ရောက်လာတာလည်း သတိထားမိကြမှာပါ။

season 1 ထဲမှာတော့ ဒီဂိမ်းကိုဆော့နေရင်း Demogorgon အကြောင်းကို ပြောသွားရာက နောက်ပိုင်းမှာတော့ တကယ့်အပြင်ဘဝမှာပါ Demogorgon တွေနဲ့ တိုက်ခိုက်ခဲ့ကြရပါတယ်။ အလားတူပဲ season 2 မှာလည်း D&D ဂိမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ Mind Flayer ထပ်မံ ပါဝင်ခဲ့ပြီး season 4 မှာတော့ Vecna ပါဝင်လာပါတယ်။ ဒါကြောင့်ပဲ ရှိုးရဲ့ ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းတွေထဲမှာတော့ D&D ထဲက နောက်ထပ် ဇာတ်ကောင်တစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

လာမယ့် final season မှာ မြင်တွေ့ရမယ်လို့ ခန့်မှန်းနေကြတဲ့ D&D ဂိမ်းထဲက ဇာတ်ကောင်ကတော့ Thessalhydra ပဲ ဖြစ်ပါတယ်။ Thessalhydra ကတော့ နဂါးနဲ့ဆင်တူပြီး ခေါင်းတွေအများကြီး ပါဝင်ပါတယ်။ ဒီပုံစံဟာ Nancy ရဲ့အာရုံထဲမှာ မြင်တွေ့လိုက်ရတဲ့ မကောင်းဆိုးဝါးကြီးနဲ့လည်း ဆင်တူနေပြီး Mike အတွက် ဆွဲပေးထားတဲ့ Will ရဲ့ ပန်းချီကားထဲက အကောင်ကြီးနဲ့လည်း ဆင်တူနေပါတယ်။

season 4 က အဖြစ်အပျက်တွေဟာ Nancy ရဲ့အမြင်သပ်သပ်သာ ဖြစ်နေပါမယ်။

Photo Credit: Netflix

သီအိုရီတစ်ခုကတော့ Hawkins မြို့ကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားစေတဲ့ ငလျင်ကြီးနဲ့ ကမ္ဘာပေါ်ကို ရောက်ရှိလာတဲ့ Upside Down ဟာ တကယ်တော့ Nancy ရဲ့အာရုံထဲမှာ မြင်တွေ့နေရတဲ့ အရာတွေသာ ဖြစ်မယ်လို့ ဆိုထားပါတယ်။ Vecna ဟာ သူ့ရဲ့လက်ကို Nancy ရဲ့ခေါင်းပေါ်ကနေ ဖယ်လိုက်တာကို မပြသွားတာကြောင့် ယခုဖြစ်ပျက်ပြီးသမျှတွေဟာ Vecna က Nancy ကို ဆက်လက် ပြသနေတဲ့ အာရုံတွေသာ ဖြစ်တယ်လို့ ဆိုထားတာပါ။

သို့သော်လည်း ပရိသတ်အများစုကတော့ ဒီသီအိုရီကို ဆန့်ကျင်ထားကြပါတယ်။ အကြောင်းကတော့ ဒီသီအိုရီအတိုင်းသာ ပြလိုက်မယ်ဆိုရင် ဇာတ်လမ်းကြီးဟာ ပေါ့ပျက်ပျက် ဖြစ်သွားမှာကြောင့်လို့ ဆိုနေကြပါတယ်။ ဒ့ါအပြင် နာမည်ကြီး franchise တစ်ခုဖြစ်တဲ့ Twilight ရုပ်ရှင်ထဲမှာလည်း မိန်းကာရိုက်တာတွေများစွာ သေဆုံးတာကို ပြသခဲ့ပြီးမှ အားလုံးဟာ အမှန်မဟုတ်ဘဲ နိမိတ်အာရုံသပ်သပ်သာ ဖြစ်တယ်လို့ ပြသသွားတာမျိုး ရှိခဲ့တာကြောင့်ပါပဲ။

ဒါ့အပြင် ပရိသတ်အချို့ကတော့ Vecna ဟာ grandfather clock ကြီးကို သုံးပြီး အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန်ကို မြင်ရနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါသေးတယ်။

Will ရဲ့ခန္ဓာကိုယ်ကို host အဖြစ် သုံးသွားမယ့် Vecna

Photo Credit: Netflix

season 4 တလျှောက်လုံးမှာတော့ Will ရဲ့အခန်းကဏ္ဍဟာ မပါသလောက် နည်းပါးနေပြီး Mike အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်နဲ့ လိင်တိမ်းညွတ်မှုကိုသာ ပြသသွားပါတယ်။ ဒါကြောင့်ပဲ လာမယ့် season 5 မှာတော့ Will ရဲ့ အခန်းကဏ္ဍကို ပိုပြီးမြင်တွေ့ရမယ်လို့ မျှော်လင့်နေကြပြီး ရှိုးဖန်တီးသူတွေကလည်း ဒီအချက်ကို အတည်ပြုပေးထားပါတယ်။

season 4 အဆုံးသတ်နားမှာတော့ Hawkins မြို့ကို ရောက်လာတဲ့ Will ဟာ Vecna အသက်ရှင်သန်နေသေးကြောင်း ခံစားလိုက်ရပါတယ်။ ဒါဟာ Will နဲ့ Upside Down ကြားက ဖြတ်တောက်လို့ မရသေးတဲ့ ဆက်နွယ်မှုကို ပြသသွားတာလည်း ဖြစ်ပါတယ်။ Will ဟာ Mind Flayer နဲ့လည်း ဆက်နွယ်မှု ရှိနေပြီး Henry Creel လိုပဲ အထီးကျန်တဲ့ ခံစားချက်ကို ခံစားနေရတဲ့ ဆယ်ကျော်သက်တစ်ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် Nancy တို့အဖွဲ့က Vecna ရဲ့ ခန္ဓာကိုယ်ကို တိုက်ခိုက်ထားပြီး ဖြစ်တဲ့အတွက် သူဟာ သေချာပေါက် host အသစ်ကို ရှာဖွေလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့်ပဲ Will နဲ့စတဲ့ ဇာတ်လမ်းဟာ Will နဲ့ပဲ ပြန်အဆုံးသတ်မယ်လို့ ပရိသတ်တွေကြားမှာ ပြောဆိုနေကြပါတယ်။

Upside Down ထဲက Vessel ဖြစ်လာနိုင်တဲ့ Eddie Munson

Photo Credit: Netflix

ပရိသတ်များစွာကတော့ Eddie Munson ရဲ့ သေဆုံးမှုကို ဝမ်းနည်းကြေကွဲနေကြပြီး လာမယ့် season 5 မှာတော့ တနည်းနည်းနဲ့ အသက်ရှင်ပြီး ပြန်လည် ပါဝင်လာဦးမယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ဒီလိုမျှော်လင့်ချက်တွေထဲက ပေါက်ဖွားလာတဲ့ သီအိုရီတစ်ခုကတော့ Eddie ဟာ Upside Down ထဲက vessel ဖြစ်လာမယ်ဆိုတဲ့ သီအိုရီပါပဲ။

အဲဒါကတော့ Upside Down ထဲမှာ သေဆုံးသွားတဲ့ Eddie ဟာ Vecna ရဲ့အစွမ်းနဲ့ ပြန်လည် အသက်ဝင်လာနိုင်ပြီး Kas လို့ခေါ်တဲ့ နောက်ထပ် D&D ကာရိုက်တာတစ်ခု ဖြစ်လာမယ်လို့ ဆိုထားပါတယ်။ Eleven ဟာ သူမရဲ့အစွမ်းနဲ့ Max ကို နှလုံးပြန်ခုန်အောင် လုပ်ပေးနိုင်တယ်ဆိုရင် Vecna ဟာလည်း Eddie ကို အလားတူပဲ ပြန်အသက်သွင်းပြီး သူ့စစ်တပ်အတွက် အသုံးချနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

D&D ကာရိုက်တာဖြစ်တဲ့ Kas ကတော့ Vecna ရဲ့ အယုံကြည်ရဆုံး လက်ထောက်တစ်ယောက် ဖြစ်ပြီး ဗန်ပိုင်းယားတွေနဲ့ ဆင်တူတဲ့ အစွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ demobat တွေ ကိုက်ခံရပြီး သေဆုံးသွားတဲ့ Eddie အတွက်လည်း ပြန်လည် ရှင်သန်လာဖို့ နီးစပ်တဲ့ သီအိုရီတစ်ခု ဖြစ်ပါတယ်။ ဒါတင်မက season 4 ထဲမှာတော့ Hawkins က ကလေးတသိုက်ဟာ Kas ဆိုတဲ့ ကာရိုက်တာအကြောင်းကို ပြောသွားပါသေးတယ်။ အဲဒါကတော့ ဂိမ်းထဲမှာဆိုရင် Vecna ဟာ Kas ရဲ့လက်ချက်နဲ့ သေဆုံးသွားရတယ်ဆိုတာကို ပြောသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီသီအိုရီကတော့ စောင့်ကြည့်ရမယ့်အရာတစ်ခု ဖြစ်ပါတယ်။

Vecna ကိုသတ်နိုင်မှသာ Max ကို ကယ်တင်နိုင်မယ်။

Photo Credit: Netflix

season 4 ရဲ့အဆုံးမှာတော့ Max ဟာ နှလုံးရပ်ပြီး ခဏတာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း Eleven ရဲ့ပါဝါနဲ့ နှလုံးပြန်ခုန်လာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ခဏတာ သေဆုံးမှုကြောင့်ပဲ လူ(၄)ဦးရဲ့အသက်နဲ့ နာရီသံ(၄)ချက် ထိုးသွားပြီး ဂိတ်တွေလည်း ပွင့်သွားတာ ဖြစ်ပါတယ်။

Vecna ဟာ သူ့ရဲ့သားကောင်တွေကို ဘယ်တော့မှ အပြီးအပြတ် သတ်ပစ်လိုက်တာ မဟုတ်ဘဲ သူတို့ရဲ့မှတ်ဉာဏ်တွေနဲ့ စွမ်းရည်တွေကို စုပ်ယူ စားသုံးလိုက်တယ်လို့ Dr. Brenner က Eleven ကို ပြောပြထားပါတယ်။ ဒါကြောင့်ပဲ Max ဟာလည်း Vecna ရဲ့ စုပ်ယူမှုကို ခံထားရတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးရုံမှာ Eleven က Max ရဲ့စိတ်ထဲကို ဝင်ကြည့်တဲ့အခါ ဗလာဟင်းလင်း ဖြစ်နေတာကို မြင်ရပုံထောက်ရင် Max ရဲ့ စိတ်ဝိဉာဉ်အားလုံးဟာ Vecna ဆီမှာ ရောက်နေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ သူမရဲ့စိတ်ဝိဉာဉ်ကို သူမရဲ့ခန္ဓာကိုယ်နဲ့ ပြန်လည် ဆက်သွယ်ပေးဖို့ဆိုရင် Vecna သေဆုံးမှ ဖြစ်နိုင်ပါလိမ့်မယ်။

Darth Vader လို ကာရိုက်တာဖြစ်လာနိုင်တဲ့ Vecna

Photo Credit: Netflix

နောက်ဆုံးသီအိုရီတစ်ခုကတော့ တလျှောက်လုံး ဗီလိန်ဖြစ်လာခဲ့တဲ့ Vecna ဟာ နောက်ဆုံးမှာတော့ Upside Down ကို ကူညီပြီး ဖျက်ဆီးပေးမယ်ဆိုတာပါပဲ။ D&D ဂိမ်းရဲ့ အကောင်းဆုံး အံစာတုံးနံပါတ်ဟာ (၂၀)ဖြစ်ပါတယ်။ Eleven က (011) ဖြစ်ပြီး Vecna က (001) ဖြစ်တာကြောင့် ပေါင်းလိုက်ရင် နံပါတ်(၁၂)ရပြီး နံပါတ်(၈) ကျန်နေပါမယ်။ Hawkins lab ရဲ့ (008)ကတော့ Kali ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့သုံးယောက် ပူးပေါင်းပြီး Upside Down ကြီးကို ဖျက်ဆီးမယ်လို့ ဒီသီအိုရီက ဆိုထားပါတယ်။

နောက်တစ်မျိုးကတော့ Duffer Brothers ဟာ သူတို့ရဲ့ထုံးစံအတိုင်း ၈၀ ခုနှစ်ကာလတွေရဲ့ ပေါ့ပ်ယဉ်ကျေးမှုကို reference လုပ်သွားမယ်ဆိုရင် သေချာပေါက် Star Wars ဟာလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ season 4 ထဲမှာဆိုရင် Vecna ဟာ Eleven ကို သူ့ရဲ့ဘက်ကို ပါလာအောင် စည်းရုံးခဲ့ပါသေးတယ်။ အဲဒါကတော့ The Empire Strikes Back ထဲမှာ Darth Vader က Luke Skywalker ကို လုပ်ခဲ့တာနဲ့ အလားသဏ္ဍာန်တူပါတယ်။

ဒီသီအိုရီအတိုင်းသာ ဖြစ်မယ်ဆိုရင် Mind Flayer ဟာ Empire Palpatine ဖြစ်နေမှာပါ။ ဒါဆိုရင် Vecna ဟာလည်း Darth Vader လိုပဲ Mind Flayer ကို အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ Darth Vader ကတော့ The Return of the Jedi ထဲမှာ သူ့ကိုယ်သူ အနစ်နာခံသွားတာ ဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ၁၉၈၃ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ကာ အဲဒီနှစ်ဟာ Will ပျောက်ဆုံးသွားတဲ့ နှစ်လည်း ဖြစ်ပါတယ်။

ဒါကတော့ Stranger Things season (5) မှာ ဖြစ်လာနိုင်တဲ့ ဇာတ်လမ်းအကြောင်းအရာတွေကို ပရိသတ်တွေက စဉ်းစားတွေးခေါ်ထားတဲ့ သီအိုရီအချို့ ဖြစ်ပါတယ်။ စာဖတ်သူတို့ တွေးမိတဲ့ အလားတူ သီအိုရီတွေ ရှိရင်လည်း ကောမန့်မှာ ပြောပြခဲ့ပါဦး။

Vancouver

Source: Elle

RELATED ARTICLES

Most Popular