HomeEntertainmentFilmStranger Things ထဲက Will Byers ဟာ LGBT တစ်ယောက်လား?

Stranger Things ထဲက Will Byers ဟာ LGBT တစ်ယောက်လား?

Stranger Things Season 4 ရဲ့ Vol. 1 ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ဒီဇာတ်လမ်းဟာ ဆက်သွားနေတာနဲ့အမျှ Will Byers က LGBT တစ်ယောက်လားဆိုတဲ့ မေးခွန်းဟာ ပရိသတ်တွေကြားမှာ ပိုမိုများပြားလာပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ အဓိကဇာတ်ကောင်တွေရဲ့ Character Development တွေကို တွေ့လာရပြီး ဇာတ်ကောင်တွေ အများစုဟာလည်း တစ်ယောက်နဲ့ တစ်ယောက် တွဲခဲ့ကြတာတွေ ရှိပါတယ်။ သို့ပေမယ့်လည်း Will ကတော့ ဘယ်သူနဲ့မှ မတွဲခဲ့တဲ့အပြင် LGBT တစ်ယောက် ဖြစ်နေနိုင်တဲ့အကြောင်း အရိပ်အမြွက်တွေ ပြသခဲ့ပါတယ်။

photo via screenrant

Season 3 ထဲမှာတော့ Mike ဟာ Eleven နဲ့ စတင်တွဲခဲ့ပြီး အဲဒီအချိန်က စတင်ကာ ကလေးတွေ ကြားထဲက ဆက်ဆံရေးပုံစံတွေဟာ ပြောင်းလဲလာပါတယ်။ အဲဒီအချိန်မှာတော့ အားလုံးဟာ ကိုယ်ပိုင်လုပ်စရာတွေ ရှိနေကြပေမယ့်လည်း Will ကတော့ Season 1 နဲ့ 2 မှာလိုပဲ D&D ဂိမ်းကိုပဲ ဆော့နေချင်တာကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ Will ဟာ Upside-Down ထဲမှာ ပိတ်မိခဲ့တာကြောင့် စိတ်ဒဏ်ရာရနေတာလို့ ယူဆနိုင်ပေမယ့်လည်း နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုက ဒိုင်ယာလော့ခ်ကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

photo via screenrant

အဲဒါကတော့ Will ဟာ Mike ရဲ့ အိမ်ရေှ့မှာ “မင်းက အရာအားလုံးကို ဖျက်ဆီးနေတာပဲ။ ပြီးတော့ ဘာအတွက်လဲ။ ကြောင်တောင်တောင် ကောင်မလေးတစ်ယောက်နဲ့ နမ်းဖို့အတွက်သက်သက်လား …” လို့ အော်ပြောခဲ့ပါတယ်။ Mike ကတော့ “El က ကြောင်တောင်တောင် ကောင်မလေး မဟုတ်ဘူးကွ။ မင်းဘာသာ မိန်းကလေးတွေကို မကြိုက်တာ ငါ့အမှား မဟုတ်ဘူး …” လို့ ပြန်ပြောခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းမှာတော့ Will ဟာ ခဏတာ မှင်သပ်သွားသလို ပရိသတ်တွေအတွက်လည်း စဉ်းစားစရာ ဖြစ်သွားခဲ့ပါတယ်။ Mike ကတော့ Will ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်နေပြီး ပရိသတ်တွေ မသိသေးတဲ့ Will ရဲ့အကြောင်းကို သိနေနိုင်တာကြောင့် ဒီအချက်ဟာ စဉ်းစားစရာ ဖြစ်နေတာပါ။

photo via screenrant

နောက်ထပ်တစ်ချက်ကတော့ Season 2 ရဲ့ အဆုံးသတ်မှာ ကလေးတွေဟာ ကျောင်းကပွဲမှာ ကနေကြပြီး ဇာတ်ညွှန်းထဲမှာတော့ အဲဒီအခန်းကို ဘယ်သူက ဘယ်သူနဲ့ ကနေတယ် ဆိုတာနဲ့ ဘယ်လိုခံစားနေရတယ် ဆိုတာတွေကို ရေးသားထားပါတယ်။ ဒီဇာတ်ညွှန်းထဲမှာတော့ “Will က ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ကို့ယို့ကားယား ကနေတယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေက အဲဒီကောင်မလေးကို ကြည့်မနေဘဲ Mike ကို ကြည့်နေတယ် …” လို့ ရေးထားကြောင်း သိရပါတယ်။

Season 4 ထဲမှာတော့ Eleven ဟာ ကယ်လီဖိုးနီးယားကို ပြောင်းသွားကြတဲ့ Byers မိသားစုအကြောင်း Mike ကို ပြောပြနေတဲ့ ဇာတ်ဝင်ခန်းထဲမှာလည်း စိတ်ဝင်စားစရာတွေ ပါဝင်နေပါတယ်။ အဲဒါကတော့ “Will ကတော့ ပန်းချီတွေပဲ ဆွဲနေတယ်။ ဒါပေမယ့် ဘာတွေဆွဲနေတယ်ဆိုတာ ငါတို့ကို မပြဘူးလေ။ ကောင်မလေး တစ်ယောက်ယောက်အတွက် ဖြစ်မှာပေါ့။ သူက ထူးထူးဆန်းဆန်းတွေ လုပ်နေလို့ တစ်ယောက်ယောက်ကို ကြိုက်နေတယ် ထင်တယ် …” လို့ Eleven က စာထဲမှာ ပြောပြခဲ့ပါတယ်။

photo via screenrant

Will ကတော့ Hawkins မြို့က ပြောင်းလာပြီးကတည်းက Mike ကို ပထမဆုံး ပြန်တွေ့ရမှာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေပြီး လေဆိပ်ကို လာကြိုတဲ့အချိန်မှာလည်း သူဆွဲထားတဲ့ ပန်းချီကားကို ယူလာတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Will ဟာ အဲဒီပန်းချီကားကို Mike ကို ပေးဖို့အတွက် ယူလာတာ ဖြစ်နိုင်ချေများပြီး Eleven ပြောသလို တစ်ယောက်ယောက်ကို ကြိုက်နေတာ အမှန်ပဲဆိုရင်တော့ အဲဒီတစ်ယောက်ယောက်က Mike ဖြစ်နေနိုင်ပါတယ်။

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာလည်း ကယ်လီဖိုးနီးယားကို ပြောင်းလာပြီးနောက်ပိုင်း အဆက်အသွယ် သိပ်မလုပ်တဲ့ကိစ္စနဲ့ Will ဟာ Mike နဲ့ စကားများနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Mike ဟာ Eleven နဲ့ အမြဲတမ်း စာပေးစာယူတွေ ပြုလုပ်နေပေမယ့် သူ့ဆီကိုတော့ စာတစ်စောင်တောင် မပို့ခဲ့ဘူး ဆိုပြီးလည်း ပြောခဲ့ပါသေးတယ်။

photo via screenrant

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Eleven ဟာ ကျောင်းက ပရော့ဂျက်အတွက် အတန်းရှေ့မှာ သူမရဲ့ဖခင်အကြောင်း ပြောပြနေတဲ့ အချိန်မှာတော့ Will ရဲ့ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ သူ့ရဲ့ခြေထောက်ကို ခြေဖဝါးနဲ့ လာပွတ်တာ တွေ့ရပါတယ်။ သို့သော်လည်း Will ကတော့ ချက်ချင်းပဲ ခြေထောက်ကို နောက်ဆုတ်လိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်သလို မျက်နှာထားကို မြင်တွေ့ခဲ့ရပါတယ်။

ဒီအချက်တွေ အားလုံးကြောင့်ပဲ ပရိသတ်တွေ အများစုဟာ Will Byers ကို LGBT ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး သူဟာ Mike ကို ကြိုက်နေတယ်လို့လည်း ဆိုနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီယူဆချက်ဟာ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပေမယ့်လည်း ယခုအချိန်ထိ အတည်ပြုထားတာမျိူး မရှိသေးတာကြောင့် သေချာပေါက်တော့ မပြောနိုင်သေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular