HomeCharacterကောမစ်ထဲက Superman ရဲ့ လူကြိုက်အများဆုံး နာမည်ကြီးဗီလိန်များ

ကောမစ်ထဲက Superman ရဲ့ လူကြိုက်အများဆုံး နာမည်ကြီးဗီလိန်များ

Superman ဟာ သူ့ကို စတင်ပုံနှိပ်ခဲ့တဲ့ အချိန်ကနေ နှစ်ပေါင်း(၈၀)ကျော်အတွင်းမှာ မရေတွက်နိုင်တဲ့ ရန်သူတွေနဲ့ ဗီလိန်တွေကို ကောမစ်ထဲမှာ ရင်ဆိုင်ခဲ့ရပါတယ်။ သူရင်ဆိုင်ခဲ့ဖူးတဲ့ တချို့ဗီလိန်တွေဆိုရင် ပရိသတ်တွေကတောင် မေ့လျော့သွားကြပြီ ဖြစ်ပါတယ်။ နှစ်ကာလတွေတလျှောက် ကောမစ်အတွဲပေါင်းများစွာမှာ အထပ်ထပ် အခါခါ ပြန်လည်ထည့်သွင်း ဖော်ပြခံခဲ့ရတဲ့ လူကြိုက်အများဆုံး Superman ဗီလိန်တွေကတော့ …

Cyborg Superman

Photo via screenrant

Superman ရဲ့ ရန်သူတော်တွေထဲမှာ ပရိသတ်တွေရင်ထဲက နေရာတစ်ရာစာ ရရှိထားသူကတော့ Cyborg Superman ပဲ ဖြစ်ပါတယ်။ ထူးဆန်းပြီး ရှုပ်ထွေးတဲ့ origin နဲ့ စူပါဗီလိန်တစ်ယောက် ဖြစ်ပြီး အမည်ရင်းကတော့ Henry Hank Henshaw ဖြစ်ပါတယ်။ သူဟာ New Earth က ဖြစ်ပြီး အရပ် (၆)ပေ(၃)လက်မနဲ့ ပေါင်ချိန်(၅၀၀) ရှိပါတယ်။

Bizarro

Photo via screenrant

Bizarro ကတော့ Superman နဲ့ တထပ်တည်း တူညီအောင် ဖန်တီးထားတဲ့ ကိုယ်ပွားတစ်ယောက် ဖြစ်ပြီး မျိုးဗီဇပိုင်းမှာ ချို့ယွင်းချက်တွေ ရှိသွားတဲ့အတွက် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာဟာ Superman ရဲ့ Frankenstein ဗားရှင်းလို့ တင်စားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ဟာ ဖြူဖျော့ပြီး မကောင်းဆိုးဝါး Superman လို့ ပြောရမှာပါ။

Bizarro ကိုတော့ စာရေးဆရာ Otto Binder နဲ့ ကောမစ်ရေးဆွဲသူ George Papp တို့က Superman ရဲ့ ဆန့်ကျင်ဘက်အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ သူဟာ စူပါဟီးရိုးတစ်ယောက်ရဲ့ ဆန့်ကျင်ဘက် ဗားရှင်းဖြစ်ပြီး ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Darkseid

Photo via screenrant

ပရိသတ်တွေကြားထဲမှာ ရေပန်းအစားဆုံး စူပါဗီလိန်တစ်ယောက်ကတော့ Darseid ပဲ ဖြစ်ပါတယ်။ သူဟာ Apokolips ဂြိုဟ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်သူဖြစ်ပြီး စကြဝဠာကြီးတစ်ခုလုံးက ရှိသမျှ သက်ရှိတွေအားလုံးကို ကျွန်ပြုကာ စိုးမိုးချုပ်ကိုင်ချင်သူလည်း ဖြစ်ပါတယ်။ ဒါတင်မက သူဟာ New God တစ်ပါးလည်း ဖြစ်ပြီး DC Universe ထဲက စွမ်းအားအကြီးမားဆုံး ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Darseid ကိုတော့ စာရေးသူလည်းဖြစ်၊ ကောမစ်ရေးဆွဲသူလည်း ဖြစ်တဲ့ Jack Kirby က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းအားတွေထဲက နာမည်အကြီးဆုံးနဲ့ အသုံးအများဆုံးကတော့ မျက်စိထဲကနေ အိုမီဂါရောင်ခြည်တွေ ပစ်လွှတ်နိုင်တာပဲ ဖြစ်ပါတယ်။

Tony Gallo/ Bridgewater

Photo via screenrant

စာရေးသူ Darwyn Cooke ရေးသားပြီး သရုပ်ဖော်ရေးဆွဲသူ Tim Sale ပုံဖော်ရေးဆွဲထားတဲ့ Superman: Kryptonite ဆိုတဲ့ graphic novel ထဲမှာတော့ Tony Gallo ဆိုတဲ့ အတိတ်ဆိုးနဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်ကို မိတ်ဆက်ပေးထားပါတယ်။

သူဟာ Superman ရဲ့ ဗီလိန်တစ်ယောက် ဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတော့ ဂြိုဟ်သား သမိုင်းပညာရှင်တစ်ယောက်ရဲ့ အသိစိတ်က Gallo ကို ဝင်ရောက်ပူးကပ်နေတာ ဖြစ်ကြောင်း သိခဲ့ရပါတယ်။ Gallo ရဲ့ အသိစိတ်ကို ထိန်းချုပ်ပြီး ကပ်ပါးကောင်အဖြစ် တွယ်ကပ်နေတဲ့ ဂြိုဟ်သား Bridgewater ဟာ ကြမ်းတမ်းပြီး တကိုယ်ကောင်းဆန်တဲ့ လူသားသဘာဝကို လှစ်ဟပြခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Braniac

Photo via screenrant

Superman ရဲ့ ကာလရှည်ကြာ ရန်သူတော်ဖြစ်တဲ့ Braniac ကတော့ ၁၉၅၈ ခုနှစ်က စတင်ပြီး ကောမစ်ထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပြီး Man of Steel ရဲ့ classic အတိုက်အခံ ဇာတ်ကောင်တွေထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ အဓိကလက်နက်ကတော့ 12-level ရှိတဲ့ ဉာဏ်ရည်ပဲ ဖြစ်ပါတယ်။ (၂၀)ရာစု ကမ္ဘာ့လူသားတွေရဲ့ ဉာဏ်ရည် level ဟာ 6-level သာ ရှိသေးပြီး (၃၁)ရာစုနှစ်ကို ရောက်ရှိတဲ့အခါမှသာ 9-level ဉာဏ်ရည်ကို ရရှိမှာ ဖြစ်ပါတယ်။

Braniac ဟာ ဗဟုသုတကို ဆာလောင်မွတ်သိပ်သူ ဖြစ်ပြီး ကမ္ဘာတွေ၊ ဂြိုဟ်တွေ တစ်ခုပြီးတစ်ခုကို သွားရောက်ကာ ပညာ၊ ဗဟုသုတတွေကို ရှာဖွေစုဆောင်းနေသူ ဖြစ်ပါတယ်။ သူ့ရဲ့မြင့်မားလွန်းတဲ့ ဉာဏ်ရည်စွမ်းအားကြောင့် အဆင့်မြင့် နည်းပညာတွေ၊ ဂြိုဟ်သားနည်းပညာတွေ၊ ရူပဗေဒ၊ အဆင့်မြင့် စက်မှုအင်ဂျင်နီယာ နည်းပညာစတဲ့ နည်းပညာများစွာကို လျှပ်တပြက်အတွင်း ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေပါတယ်။ ဒါတင်မက သူဟာ မြို့တွေ၊ ဂြိုဟ်တွေကို သေးသေးလေးဖြစ်အောင် ချုံ့နိုင်ပြီး ပုလင်းထဲထည့်သိမ်းကာ သူ့ရဲ့ယာဉ်ပျံပေါ်မှာ ယူဆောင်သွားလေ့ ရှိပါတယ်။

General Zod

Photo via screenrant

ခရစ်ပတိုနီးယန်း စစ်ခေါင်းဆောင် General Zod ကတော့ Bizarro  လိုပဲ Superman ရဲ့ မကောင်းဆိုးဝါး ဗားရှင်းအဖြစ် ကာရိုက်တာ တည်ဆောက်ထားသူ ဖြစ်ပါတယ်။ သူ့ကိုတော့ Robert Bernstein က ဖန်တီးထားတာ ဖြစ်ပြီး ဇာတ်ကောင်ပုံစံကိုတော့ George Papp က ပုံသွင်းပေးထားတာ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Adventure Comics ရဲ့ အတွဲ(၂၈၃)မှာ စတင်ပါဝင်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ Superman နဲ့ ဂြိုဟ်တစ်ခုတည်းက လာသူဖြစ်တာကြောင့် စွမ်းအားမှာတော့ Superman နဲ့ အတူတူပဲ ဖြစ်ပါတယ်။

Doomsday

Photo via screenrant

နာမည်အကြီးဆုံး ကောမစ်ဇာတ်လမ်းတစ်ခု ဖြစ်တဲ့ The Death of Superman နဲ့ ကောမစ်ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့တဲ့ Doomsday ကတော့ Superman ရဲ့ အကြီးမားဆုံး ရန်သူတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ Doomsday ဟာ Superman ကို လက်ချင်းယှဉ်ချပြီး သေအောင်သတ်နိုင်တဲ့ ကာရိုက်တာတွေထဲမှာလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

Doomsday ကိုတော့ ခရစ်ပတွန်တွေရဲ့ မျိုးဗီဇနဲ့ အင်ဂျင်နီယာနည်းပညာအရ ဖန်တီးထားတာ ဖြစ်ပြီး prehistoric kryptonian တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းအားတွေကတော့ ultra superhuman strength ၊ လျင်မြန်မှု၊ သက်လုံအားကောင်းမှုတို့ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ energy attacks ပုံစံမျိုးစုံကိုလည်း ခံနိုင်ရည်ရှိပြီး Darseid ရဲ့ အိုမီဂါရောင်ခြည်ကိုတောင် ခုခံနိုင်သူ ဖြစ်ပါတယ်။

Lex Luthor

Photo via screenrant

Lex Luthor ကတော့ လူကြိုက်အများဆုံး Superman ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ Lex Luthor ဟာ ဉာဏ်ကြီးရှင်တွေ မကောင်းဆိုးဝါးဖြစ်လာရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေတယ်ဆိုတာ အကောင်းဆုံး ပုံဖော်ထားတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာနဲ့ စွမ်းအားကို ရူးသွပ်စွဲလမ်းပြီး စိတ်ထင်စိတ်မြင် ဖြစ်နေတဲ့ criminal master mind တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါကတော့ Superman ရဲ့ ဗီလိန်တွေထဲက လူကြိုက်အများဆုံး ကောမစ်ဗီလိန်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဗီလိန်တွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular