HomeEntertainmentFilmဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ Survival ရုပ်ရှင်ကားကောင်းများ

ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ Survival ရုပ်ရှင်ကားကောင်းများ

Survival ရုပ်ရှင်တွေကတော့ ကြည့်ရှုရတဲ့ ပရိသတ်တွေအနေနဲ့ ရင်တမမ ဖြစ်စေပြီး အဆုံးသတ်မှာ ဒီဇာတ်ကောင်ဟာ ကြုံတွေ့နေရတဲ့ အသက်အန္တရာယ်ကနေ လွတ်မြောက်သွားနိုင်မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်အမျိူးအစားတွေဟာ ကျွန်တော်တို့တွေအနေနဲ့ အချိန်မရွေး အသက်အန္တရာယ်နဲ့ ကြုံတွေ့နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း မြင်သာစေတာကြောင့် ဒီတစ်ခါမှာတော့ ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ Survival ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Rescue Dawn

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဗီယက်နမ်စစ်ပွဲအတွင်းမှာ ပိုင်းလော့တစ်ယောက်ဟာ လေယာဉ်ပျက်ကျသွားပြီး ပြည်သူတွေက သူ့ကို ဖမ်းထားကြပါတယ်။ ဖမ်းခံထားရတဲ့ အချိန်မှာတော့ သူဟာ တခြားဖမ်းခံထားရသူတွေနဲ့ ပူးပေါင်းပြီး ထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Christian Bale ၊ Steve Zahn နဲ့ Jeremy Davies တို့ အဓိက ပါဝင်ထားကြပါတယ်။

(6) The Impossible

photo via screenrant

ဒီကားကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.5) ရထားပါတယ်။ Maria နဲ့ Henry တို့ဇနီးမောင်နှံဟာ အားလပ်ချိန်ဖြစ်တဲ့ ခရစ်စမတ်ကာလမှာ သူတို့ရဲ့ကလေးတွေနဲ့အတူ ထိုင်းနိုင်ငံကို ခရီးထွက်လာကြပါတယ်။ သို့ပေမယ့်လည်း သူတို့ခရီးထွက်လာတဲ့ နေရာကို ဆူနာမီ ဝင်လာတဲ့အခါမှာတော့ သူတို့ရဲ့ ပျော်စရာခရီးစဉ်လေးဟာ ဝမ်းနည်းစရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Ewan McGregor ၊ Naomi Watts နဲ့ Tom Holland တို့ အဓိက ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်ဝင်ထားပါတယ်။

(5) Lone Survivor

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Navy SEAL အေးဂျင့်တွေဟာ တာလီဘန်ခေါင်းဆောင် Ahmad Shah ကို ခြေရာခံရှာဖွေဖို့ တာဝန်ကျလာပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ အာဖဂန်နစ္စတန်ကို ရောက်သွားကြပြီး မထင်မှတ်တဲ့ အချိန်မှာပဲ တိုက်ခိုက်ခံရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Mark Wahlberg ၊ Taylor Kitsch နဲ့ Emile Hirsh တို့ အဓိက ပါဝင်ထားပြီး အော်စကာနှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(4) 127 Hours

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.6) ရထားပါတယ်။ တောင်တက်ပြီး စွန့်စားခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ဟာ အ‌မေရိကန်နိုင်ငံရဲ့ Utah ပြည်နယ်မှာရှိတဲ့ နေရာတစ်ခုဆီကို တောင်တက်စွန့်စားခန်း ခရီးထွက်လာပါတယ်။ ဒီလိုနဲ့ လမ်းခရီးမှာတော့ မထင်မှတ်ဘဲ ကျောက်ဆောင်နှစ်ခုကြားက နေရာမှာ သူ့ရဲ့လက်က မတော်တဆ ညပ်သွားပြီး ပြန်ထုတ်လို့မရတော့တဲ့ အခါမှာတော့ …။ သူဟာ အစာရေစာနည်းနည်းလေးနဲ့ လူသူမနီးတဲ့ နေရာတစ်ခုမှာ ဘယ်လောက်ကြာကြာ အသက်ရှင်သန်နိုင်မလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ James Franco ၊ Aron Ralston နဲ့ Kate Mara တို့ အဓိက ပါဝင်ထားပြီး အော်စကာခြောက်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(3) Apollo 13

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အာကာသယာဉ်မှူး သုံးယောက်ဟာ Apollo 13 ဆိုတဲ့ မစ်ရှင်တစ်ခုကို ပြုလုပ်ဖို့အတွက် အာကာသထဲကို ထွက်လာကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ သူတို့ရဲ့ အာကာသယာဉ်ဟာ ထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်ပဲ NASA ဟာ အချိန်မလွန်ခင်မှာ သူတို့သုံးယောက်ကို ကယ်ဆယ်နိုင်မလား ဆိုတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Kevin Bacon နဲ့ Bill Paxton တို့ အဓိက ပါဝင်ထားပြီး အော်စကာနှစ်ဆု ရရှိထားပါတယ်။

(2) Touching the Void

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၈၅ ခုနှစ်မှာ တောင်တက်သမား နှစ်ယောက်ဟာ ပီရူးနိုင်ငံမှာ ရှိတဲ့ Siula Grande တောင်ကို တက်ခဲ့တဲ့အကြောင်း ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အဲဒီခရီးစဉ်မှာ ဘယ်လို အသက်အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပြီး လွတ်ရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Brendan Mackey နဲ့ Nicholas Aaron တို့ အဓိက ပါဝင်ထားပြီး BAFTA ဆုလည်း ရရှိထားပါတယ်။

(1) The Revenant

photo via screenrant

ဒီကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိထားပြီး IMDb (8.0) ရထားပါတယ်။ နှင်းတောတွေထဲမှာ အမဲလိုက်ပြီး နေထိုင်တဲ့ လူတွေထဲက Hugh Glass ဟာ တစ်ရက်မှာတော့ အမဲလိုက်နေရင်း ဝက်ဝံနဲ့ တိုက်ခိုက်ရပြီးတော့ ဒဏ်ရာတွေ ဆိုးဆိုးရွားရွား ရသွားပါတယ်။ အဲဒီနောက်မှာတော့ သူ့အဖွဲ့ထဲက လူတစ်ယောက်က သူ့ကို သစ္စာဖောက်ပြီးတော့ နှင်းတောထဲမှာပဲ သေအောင်ပစ်ထားခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီးတော့ အသက်ရှင်သန်ဖို့ ကြိုးစား ရုန်းကန်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Leonardo DiCaprio ၊ Tom Hardy နဲ့ Will Poulter တို့ အဓိက ပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

ဒါကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ survival ရုပ်ရှင်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသော အလားတူပဲ ဇာတ်ကားတွေရှိရင်လည်း ကောမန့်မှာ ပြန်လည် ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular