HomeEntertainmentFilmTangled ရုပ်ရှင်နောက်ကွယ်က ပိုဝမ်းနည်းစရာကောင်းတဲ့ မူလပုံပြင်ဇာတ်လမ်း

Tangled ရုပ်ရှင်နောက်ကွယ်က ပိုဝမ်းနည်းစရာကောင်းတဲ့ မူလပုံပြင်ဇာတ်လမ်း

Tangled ဇာတ်လမ်းကတော့ Disney အတွက် အောင်မြင်မှုတွေ ရရှိခဲ့တဲ့ Animation တစ်ခုပဲဖြစ်ပြီး box-office မှာလည်း ဝင်ငွေ ဒေါ်လာသန်း(၅၀၀)ကျော် ရရှိခဲ့ပါတယ်။ Disney ရဲ့ Princess တွေကတော့ အရင်တုန်းက ရှိခဲ့တဲ့ ပုံပြင်ဇာတ်လမ်းတွေကို အခြေခံပြီး ဖန်တီးထားတာဖြစ်သလို Tangled ဇာတ်လမ်းဟာလည်း Brothers Grimm ရဲ့ Rapunzel ဆိုတဲ့ပုံပြင်ကို အခြေခံပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Disney ကတော့ ဒီပုံပြင်ကို အခြေခံပြီး ဖန်တီးထားတယ်ဆိုပေမယ့် ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားတာကြောင့် ဒီတစ်ခါမှာတော့ Tangled ဇာတ်လမ်းနောက်ကွယ်က တကယ့်ပုံပြင်ဇာတ်လမ်းအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Rapunzel ပုံပြင်ကတော့ အပြင်မှာ တကယ်ရှိတဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်ကတော့ အီတလီနိုင်ငံမှာ နေထိုင်တဲ့ Barbara ဆိုတဲ့ ကောင်မလေးဟာ အလွန်ချောမောလှပလွန်းတာကြောင့် ဖခင်ဖြစ်သူဟာ သူမကို တခြားယောက်ျားလေးတွေလက်ထဲ ပါမသွားအောင် မျှော်စင်ထဲမှာ ပိတ်လှောင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ Disney ရဲ့ Princess ဇာတ်လမ်းအများစုဟာ Dark ဖြစ်တဲ့ ပုံပြင်တွေကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး Rapunzel ဟာလည်း အဲဒီပုံပြင်တွေထဲကတစ်ခု ဖြစ်ပါတယ်။

Brothers Grimm ရဲ့ ပုံပြင်ထဲမှာတော့ လူတစ်ယောက်ရဲ့ဇနီးဟာ ကိုယ်ဝန်ရှိနေပြီး Rapunzel လို့ခေါ်တဲ့ အပင်ကို အလွန်စားချင်စိတ် ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့်ပဲ သူဟာ အဲဒီအပင်ကို လိုက်လံရှာဖွေနေရင်း စုန်းမကြီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီစုန်းမကြီးရဲ့ စိုက်ခင်းထဲမှာတော့ Rapunzel အပင် ရှိနေတာကြောင့် သူဟာ ဒီအပင်ကို ရယူဖို့အတွက် အပေးအယူ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအပေးအယူကတော့ သူ့ဇနီး ကလေးမွေးလာတာနဲ့ အဲဒီကလေးကို စုန်းမကြီးဆီ ပေးအပ်လိုက်ရမှာပဲ ဖြစ်ပါတယ်။

photo via screenrant

အဲဒီနောက်မှာတော့ စုန်းမကြီးဟာ မွေးလာတဲ့ ကလေးမလေးကို ခေါ်ဆောင်သွားပြီး Rapunzel လို့ နာမည်ပေးကာ မျှော်စင်ကြီးတစ်ခုထဲမှာ ပိတ်လှောင်ထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ မင်းသားတစ်ယောက်ဟာ Rapunzel ကို ရှာတွေ့သွားပြီး အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ညတိုင်းတွေ့ခဲ့ကြရင်းက Rapunzel ဟာ ကိုယ်ဝန်ရသွားပါတယ်။ Rapunzel လေးကတော့ သူမဘဝမှာ ယောက်ျားဆိုလို့ မင်းသားတစ်ယောက်ကိုပဲ မြင်ဖူးတာ ဖြစ်ပြီး ကိုယ်ဝန်ရှိနေလို့ ဗိုက်ပူလာတာတောင် သူမကိုယ်သူမ ဘာကြောင့် ဗိုက်ပူလာမှန်း မသိပါဘူး။

ဒါကြောင့်ပဲ Rapunzel ဟာ သူမရဲ့ဗိုက်က ဘာကြောင့်ပူလာတာလည်းလို့ စုန်းမကြီးကို မေးမြန်းခဲ့ပါတယ်။ စုန်းမကြီးကတော့ ဒေါသအလွန်အမင်း ထွက်သွားတာကြောင့် Rapunzel ကို နှင်ထုတ်ပြီး သဲကန္တာရထဲမှာ ပစ်ထားခဲ့ပါတယ်။ ဒါကြောင့်ပဲ Rapunzel ဟာ သဲကန္တာရထဲမှာပဲ ကလေးမွေးခဲ့ပြီး အမွှာနှစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဲဒီနောက်မှာ မင်းသားဟာ Rapunzel ကို လာတွေ့တဲ့အချိန်မှာ စုန်းမကြီးဟာ “နင် Rapunzel ကို ဆုံးရှုံးသွားပြီ။ ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး” လို့ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ မင်းသားဟာ ဝမ်းနည်းပူဆွေးပြီး မျှော်စင်ပေါ်က ခုန်ချကာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။

photo via screenrant

မင်းသားဟာ မျှော်စင်ပေါ်က ခုန်ချခဲ့ပေမယ့် ဆူးခြုံပေါ်ကို ကျသွားတာကြောင့် အသက်မဆုံးရှုံးခဲ့ဘဲ ဆူးချွန်တွေကြောင့် အမြင်အာရုံတော့ ဆုံးရှုံးသွားပါတယ်။ အဲဒီနောက်မှာတော့ မင်းသားဟာ စိတ်ဓာတ်ကျပြီး တောအုပ်တွေနဲ့ သဲကန္တာရတွေမှာ လျှောက်သွားနေပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မင်းသားဟာ လျှောက်သွားနေရင်း Rapunzel ရဲ့ သီချင်းဆိုသံကိုကြားကာ သူချစ်ရတဲ့ ချစ်သူနဲ့သာမက သူ့ကလေးနှစ်ယောက်နဲ့ပါ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Rapunzel ရဲ့ မျက်ရည်ကြောင့် မင်းသားဟာ အမြင်အာရုံကိုလည်း ပြန်လည်ရရှိသွားပြီး သူတို့မိသားစုလေးဟာ မင်းသားရဲ့နိုင်ငံမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular