HomeCelebs Update NewsInternationalရူပါတစ်ပေါက်နဲ့ ကြွေဆင်းသွားစေရမယ့် ဗြိတိန်နွယ်ဖွား မင်းသား(၁၀)ယောက်

ရူပါတစ်ပေါက်နဲ့ ကြွေဆင်းသွားစေရမယ့် ဗြိတိန်နွယ်ဖွား မင်းသား(၁၀)ယောက်

သရုပ်ဆောင်ပီပြင်မှုကြောင့် ကမ္ဘာကျော်လာခဲ့သလိုပဲ ချောမောခန့်ငြားလွန်းတဲ့ ရုပ်သွင်ကြောင့် နှုတ်ခမ်းနီမလေးတွေကြားမှာ သည်းသည်းလှုပ် ကျော်ကြားတဲ့ နာမည်ကြီးမင်းသား မြောက်များစွာ ရှိပါတယ်။ ကမ္ဘာတစ်လွှားက မင်းသားချောတွေ အမြောက်အများ ရှိတဲ့ထဲက လက်ရှိမှာလည်း အောင်မြင်နေပြီး မိန်းကလေးတွေလည်း သည်းသည်းလှုပ်ကြတဲ့ ဗြိတိန်နွယ်ဖွား မင်းသားချော(၁၀)ယောက်ကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။

(1) Henry Cavill
Photo: henrycavill/ Instagram

မြန်မာပရိသတ်တွေကြားမှာတော့ စူပါမန်းဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသားချောဖြစ်ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းက ထွက်ရှိထားတဲ့ Netflix ရဲ့စီးရီး The Witcher ကြောင့်လည်း မိန်းကလေးပရိသတ်တွေကြားမှာ ပိုပြီးရေပန်းစားလာသူ ဖြစ်ပါတယ်။ Henry ဟာ ၁၉၈၃ခုနှစ် မေလ(၅)ရက်နေ့ မွေးဖွားသူဖြစ်လို့ အသက်ကတော့ (၃၆)နှစ် ရှိပါပြီ။

Henry ဟာ မွေးချင်းညီအစ်ကို ငါးယောက်ထဲက လေးယောက်မြောက် ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဂျာစီမှာ မွေးဖွားပြီး အမေကတော့ ဘဏ်တစ်ခုက အတွင်းရေးမှူးဖြစ်ပါတယ်။ အဖေကတော့ စတော့ရှယ်ယာပွဲစားပါ။ Henry ဟာ ပီစီဂိမ်းဆော့ရတာ နှစ်သက်သူဖြစ်ပြီး လောလောဆယ်အထိတော့ ချစ်သူမရှိသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီး လုပ်နေပါတယ်။

(2) Tom Hiddleston
Photo: twhiddleston/ Instagram

မြန်မာပရိသတ်တွေကြားမှာ MCU ရဲ့ဇာတ်ကားတွေထဲက Loki အဖြစ် လူသိများတဲ့ မင်းသားချော Tom Hiddleston ကတော့ ဆွဲဆောင်မှုအား ပြင်းလွန်းလို့ မိန်းကလေးတွေ သည်းသည်းလှုပ်ရသူတစ်ဦး ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်ကတော့ (၃၉)နှစ် ရှိပါပြီ။ Tom ဟာ အင်္ဂလိပ်သွေးနဲ့ အိုင်းရစ်ရှ်သွေး နှောထားတဲ့ ကပြားတစ်ယောက်လည်း ဖြစ်ပါတယ်။

Tom ရဲ့အမေဟာ stage manager တစ်ယောက်ဖြစ်ပြီး အဖေဖြစ်သူကတော့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အလုပ်တွဲလုပ်နေတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့ မန်နေးဂျင်းဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့မှာ Sarah နဲ့ Emma လို့ခေါ်တဲ့ အစ်မတစ်ယောက်နဲ့ ညီမတစ်ယောက် ရှိပါတယ်။

(3) Jim Sturgess
Photo: officialjimsturgess/ Instagram

မင်းသားချော Jim Sturgess ကိုတော့ 21 လို့အမည်ရတဲ့ crime drama ရုပ်ရှင်နဲ့ လူသိများကြပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း ခုံမင်သလို ဂီတဘက်ကိုလည်း ခင်တွယ်သူ ဖြစ်ပါတယ်။ The Beatles အဖွဲ့အကြောင်းကို musical အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Across The Universe ဇာတ်ကားကို ကြည့်ဖူးသူတွေဆိုရင်လည်း Jim ကို ကောင်းကောင်းရင်းနှီးနေမှာပါ။

အကြည့်နက်နက်၊ အပြုံးချိုချိုလေးနဲ့ မိန်းကလေးတွေရဲ့ အသည်းကို ဆွဲခါနိုင်သူ Jim ဟာ ၁၉၇၈ခုနှစ် မေလ(၁၆)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်(၄၁)နှစ် ရှိပါပြီ။ Jim ဟာ ၂၀၁၉ခုနှစ် ဇူလိုင်လကပဲ ပြဇာတ်ပရိုဂျူဇာ Dina Mousawi နဲ့ လက်ထပ်ထားပါတယ်။

(4) Jamie Dornan
Photo Credit: fanpop

မြန်မာပရိသတ်တွေကြားမှာ Fifty Shades of Grey ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Jamie Dornan ဟာ မော်ဒယ်လ်လည်းဖြစ်သလို musician တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကို အိုင်ယာလန်မြောက်ပိုင်းမှာ မွေးဖွားပြီး ဘဲလ်ဖက်စ်မှာ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၂ခုနှစ် မေလ(၁)ရက်နေ့မှာ မွေးဖွားလို့ အသက်ကတော့ (၃၇)နှစ် ရှိနေပါပြီ။

Jamie မှာ အစ်မနှစ်ယောက် ရှိပြီး အမေဖြစ်သူကတော့ သူ့အသက် (၁၆)နှစ်သားအရွယ်မှာပဲ ပန်ကရိယကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဖေဖြစ်သူကတော့ အိုဂျီဆရာဝန်တစ်ယောက်ပါ။ Jamie ရဲ့အချစ်ရေးကို ပြောရမယ်ဆိုရင်တော့ ၂၀၁၃ခုနှစ်မှာ အင်္ဂလိပ်မင်းသမီး Amelia Warner နဲ့ လက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက် ထွန်းကားထားပါတယ်။ Jamie နဲ့ ပတ်သက်တဲ့ ထူးခြားချက်တစ်ခုကို ပြောရရင်တော့ Jamie ဟာ ဘုရားမဲ့ဝါဒီတစ်ယောက် ဖြစ်ပါတယ်။

(5) Kit Harington
Photo: kitharingtonig/ Instagram

Game of Thrones ဇာတ်လမ်းတွဲထဲက ဂျွန်စနိုးလို့ လူသိများတဲ့ Kit Harington ကတော့ သူ့ရဲ့ မှုန်ကုတ်ကုတ်ပုံစံလေးနဲ့ ပြုံးလိုက်ရင် ဖြစ်သွားတဲ့ မျက်နှာလေးကြောင့် ကောင်မလေးတွေ အသည်းစွဲကြပါတယ်။ Kit ကိုတော့ ပြဇာတ်ရေးဆရာမ မိခင်နဲ့ စီးပွားရေးသမား ဖခင်တို့က ၁၉၈၆ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

Kit ရဲ့ အချစ်ရေးကို ပြောရရင်တော့ GoT ထဲက တွဲဖက်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Rose Leslie နဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာ လက်ထပ်ထားပါတယ်။

(6) Luke Evans
Photo: thereallukeevans/ Instagram

Luke Evans ကိုတော့ Clash of Titans ၊ Immortals ဇာတ်ကားတွေနဲ့ လူသိများမှာပါ။ တကယ်တမ်းမှာ Luke ဟာ သရုပ်ဆောင်တစ်ခုတည်း မဟုတ်ဘဲ သီချင်းလည်း ဆိုပါသေးတယ်။ Luke ကို ၁၉၇၉ခုနှစ် ဧပြီလ(၁၅)ရက်နေ့မှာ ဝေလပြည်မှာ မွေးဖွားခဲ့ပါတယ်။ တစ်ဦးတည်းသော သားဖြစ်လို့ မွေးချင်းမောင်နှမ မရှိပါဘူး။

မွေးတုန်းကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ မိဘတွေဆီမှာ ပြုစုပျိုးထောင်ခံခဲ့ရပေမယ့် အသက်(၁၆)နှစ်အရွယ်မှာ ဘာသာတရားကိုလည်း စွန့်ခဲ့သလို ကျောင်းကနေလည်း ထွက်ခဲ့ပါတယ်။ Luke ဟာ ဂေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းတွေကို သိပ်ပြီးပြောလေ့မရှိပါဘူး။ သူ့မိသားစုကိုလည်း မီဒီယာတွေက မဖော်ပြနိုင်အောင် သိုသိုသိပ်သိပ်နဲ့ ကာကွယ်ထားပါတယ်။

(7) Sam Claflin
Photo: mrsamclaflin/ Instagram

မြန်မာပရိသတ်တွေကြားမှာ Me Before You ၊ Love, Rosie ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသားချောတစ်လက် ဖြစ်ပါတယ်။ သာမန်ဝန်ထမ်းမိဘတွေက ၁၉၈၆ခုနှစ် ဇွန်လ(၂၇)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဖွားတစ်ယောက်ဖြစ်ပြီး အစ်ကိုနှစ်ယောက်နဲ့ ညီတစ်ယောက် ရှိပါတယ်။

Sam ဟာ ငယ်ငယ်က ဘောလုံးဝါသနာပါသူဖြစ်ပြီး နော်ဝစ်ချ်စီးတီးအသင်းကို အားပေးသူ ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ မင်းသမီး Laura Haddock နဲ့ ခြောက်နှစ်ကြာ ပေါင်းသင်းပြီး ၂၀၁၉ခုနှစ် ဩဂုတ်လမှာ ကွာရှင်းပြတ်စဲထားပါတယ်။ Laura နဲ့ရတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။

(8) Orlando Bloom
Photo: orlandobloom/ Instagram

မိန်းကလေးတွေကြားမှာ မင်းသားချောတစ်လက်အဖြစ် ရေပန်းစားလာတာ ကြာလှပြီဖြစ်တဲ့ မင်းသားပါ။ Bloom ဟာ ၁၉၇၇ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ (၄၃)နှစ် ရှိပါပြီ။ အင်္ဂလန်ရဲ့ အရှေ့တောင်ပိုင်းက ကန်တာဘာရီမြို့ဟာ Bloom ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်ပါတယ်။ သူ့မှာ Samantha လို့ခေါ်တဲ့ အစ်မတစ်ယောက်လည်း ရှိပါတယ်။ Bloom ဟာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးအတွက် တက်ကြွလှုပ်ရှားသူလည်း ဖြစ်ပါတယ်။

အချစ်ရေးကို ပြောရမယ်ဆိုရင်တော့ ဩစတျေးလျ စူပါမော်ဒယ်လ် Miranda Kerr နဲ့ သုံးနှစ်တာ အိမ်ထောင်သက်တမ်းဝန်းကျင်မှာ ကွာရှင်းပြီး သားလေးတစ်ယောက် ရထားပါတယ်။ အဲ့ဒီ့နောက် ၂၀၁၆ခုနှစ်လောက်စပြီး အဆိုတော် Katy Perry နဲ့ တွဲခဲ့ပြီး ၂၀၁၉ နှစ်ဆန်းပိုင်းမှာ စေ့စပ်ထားကြပါတယ်။ အခုဆိုရင်တော့ Katy မှာ ကိုယ်ဝန်ရှိနေပြီး သမီးလေးလို့လည်း သိရပါတယ်။

(9) Robert Pattinson
Photo: robertpattinsonofficial/ Instagram

Robert ကိုတော့ Twilight ဇာတ်ကားတွေနဲ့ လူသိများကြပါတယ်။ Robert ကိုတော့ ၁၉၈၆ခုနှစ် မေလ(၁၃)ရက်နေ့မှာ လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းသုံးယောက်ရှိပြီး အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်ရှိလို့ Robert က အငယ်ဆုံး ဖြစ်ပါတယ်။ Robert ဟာ သရုပ်ဆောင်အလုပ်အပြင် ဂီတကိုလည်း ငယ်စဉ်ကတည်းက ခုံမင်ရူးသွပ်ခဲ့သူပါ။ လူသိပ်မသိတဲ့ အချက်တစ်ခုကို ပြောရရင်တော့ Twilight ထဲက ဇာတ်ဝင်သီချင်းတွေကို သူကိုယ်တိုင် သီဆိုထားတာပါ။

အချစ်ရေးမှာတော့ အင်္ဂလိပ်မော်ဒယ်လ် Suki Waterhouse နဲ့ တွဲခုတ်နေပြီး စေ့စပ်ထားကြတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါတယ်။

(10) Tom Ellis
Photo: officialtomellis/ Instagram

Tom Ellis ကိုတော့ Lucifer Morningstar ဆိုတဲ့ ဇာတ်ရုပ်နဲ့ လူသိများကြမှာပါ။ Tom ဟာ ဝေလနယ်၊ ကာဒစ်ဖ်မြို့မှာ ၁၉၇၈ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့က မွေးဖွားခဲ့ပါတယ်။ အမွှာညီမတစ်ယောက် အပါအဝင် ညီမသုံးယောက် ရှိပါတယ်။ အချစ်ရေးမှာတော့ ပထမအိမ်ထောင်နဲ့ သမီးလေး သုံးယောက်ရှိပြီး ဒုတိယအိမ်ထောင်ကိုတော့ ၂၀၁၉ နှစ်လယ်ပိုင်းလောက်ကမှ ထပ်မံထူထောင်ထားတာ‌ ဖြစ်ပါတယ်။

ဒါကတော့ လက်ရှိမှာ အောင်မြင်နေပြီး မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ဗြိတိန်နွယ်ဖွား မင်းသားကိုလူချော(၁၀)ယောက်အကြောင်းပါပဲ။ စာဖတ်သူတို့ နှစ်သက်တဲ့ တစ်ခြား ဗြိတိန်မင်းသားတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

LaNina

 

RELATED ARTICLES

Most Popular