HomeEntertainmentFilmThanos ရဲ့နေရာကို အစားထိုးသွားမယ့် Avengers 5 ရဲ့ ဗီလိန်က ဘယ်သူဖြစ်လာနိုင်မလဲ?

Thanos ရဲ့နေရာကို အစားထိုးသွားမယ့် Avengers 5 ရဲ့ ဗီလိန်က ဘယ်သူဖြစ်လာနိုင်မလဲ?

MCU ဟာ Thanos ကို ပြသဖို့အတွက် အချိန်ဆယ်နှစ် ယူခဲ့ပြီး Phase 3 မှာ Infinity Saga နဲ့ Thanos ကို သေချာချပြခဲ့ပါတယ်။ MCU ကတော့ Phase 3 မှာတင် ရပ်မသွားဘဲ လောလောဆယ်မှာတော့ Phase 4 ကို ဆက်လက် ဖန်တီးနေသလို Phase 5 ထဲမှာ ပါဝင်လာမယ့် ရုပ်ရှင်တွေကိုတောင် ကြေညာထားပါသေးတယ်။ MCU ဟာ အခုလိုမျိူး ဆက်လက် ဖန်တီးနေတာကြောင့် Avengers 5 ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒါမှမဟုတ် ၂၀၂၅ ခုနှစ်လောက်မှာ ထွက်ရှိလာနိုင်ပါတယ်။ ဒါကြောင့်ပဲ Thanos ရဲ့ နေရာကို အစားထိုးသွားမယ့် Avengers 5 ရဲ့ ဗီလိန်ဟာ ဘယ်သူ ဖြစ်နိုင်လည်းဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(1) Arishem the Judge

photo via screenrant

Celestial တစ်ယောက်ဖြစ်တဲ့ Arishem the Judge ကိုတော့ Eternals ရုပ်ရှင်ထဲမှာ စတင်မိတ်ဆက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ Marvel ကောမစ်ထဲမှာတော့ Celestial တေွဟာ အလွန်စွမ်းအားကြီးတဲ့ Being တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အလွန်တရာ မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုနိုင်ကြသလို Reality ကိုလည်း စိတ်ကြိုက် ပြောင်းလဲနိုင်သူတွေ ဖြစ်ပါတယ်။ ဒီလိုစွမ်းအားကြီးတဲ့ ဇာတ်ကောင်ဟာ Avengers 5 ရဲ့ ဗီလိန် ဖြစ်လာနိုင်ချေ ရှိတယ်လို့ ပြောလို့ရနိုင်ပြီး Eternals ရဲ့ အဆုံးသတ်မှာလည်း Arishem the Judge ဟာ ကမ္ဘာမြေဆီ ပြန်လာဦးမယ့် အရိပ်အယောင်တွေ ပြသသွားပါတယ်။

(2) The Dark Avengers/ Thunderbolts

photo via screenrant

MCU Phase 4 ထဲမှာတော့ ကောမစ်ထဲက The Dark Avengers ဒါမှမဟုတ် Thunderbolts အဖွဲ့ကို တဖြည်းဖြည်းနဲ့ Setup ပြုလုပ်နေတာကို မြင်တွေ့နေရပါတယ်။ ဒီအဖွဲ့ကိုတော့ ဗီလိန်တွေနဲ့ Anti Hero တွေ စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပြီး Phase 4 ထဲမှာ အဖွဲ့ဝင် ဖြစ်လာနိုင်ချေ ရှိသူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီသူတွေကတော့ Yelena Belova ၊ U.S Agent ၊ Abomination ၊ Red Guardian နဲ့ Taskmaster တို့အပြင် အသစ်ထွက်ရှိလာမယ့် ပရောဂျက်တွေမှာလည်း အဖွဲ့ဝင် ဖြစ်လာနိုင်ချေ ရှိသူတွေကို ထပ်မံမြင်တွေ့ရနိုင်ပါသေးတယ်။

(3) The Beyonder

photo via screenrant

သီအိုရီတစ်ခုအရ ဆိုရင်တော့ Beyonder ဟာ Thanos နေရာမှာ အစားဝင်လာမယ့် Avengers 5 ရဲ့ ဗီလိန်ဖြစ်တယ်လို့ ဆိုပါတယ်။ Beyonder ကတော့ အလွန်စွမ်းအားကြီးတဲ့ Cosmic Entity ဖြစ်ပြီး လူသားတွေကို ပိုမိုနားလည်ချင်စိတ်ကြောင့် ဗီလိန် ဖြစ်သွားတယ်ဆိုလည်း မမှားပါဘူး။ ကောမစ်ထဲမှာ ဆိုရင်တော့ သူဟာ Battleworld ဆိုတဲ့ ဂြိုဟ်တစ်လုံးကို ဖန်တီးခဲ့ပြီး Marvel ဟီးရိုးတွေနဲ့ ဗီလိန်တွေကို အဲဒီဂြိုဟ်ပေါ်မှာ တိုက်ခိုက်စေခဲ့ပါတယ်။ လောလောဆယ်မှာတော့ Beyonder ကို မြင်တွေ့ရမယ့် အရိပ်အယောင်ကို မမြင်ရသေးပေမယ့်လည်း မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။

(4) Mephisto

photo via screenrant

Mephisto ကတော့ Phase 4 စတင်လာတဲ့အချိန်က စပြီးတော့ ပါဝင်လာတော့မယ်လို့ တောက်လျှောက် ကောလာဟလ ထွက်နေတဲ့ ဗီလိန်တစ်ယောက်လည်း ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Moon Knight ဇာတ်လမ်းတွဲထဲမှာ အီဂျစ်နတ်ဘုရားတွေကို ပြသခဲ့သလို Thor: Love and Thunder ထဲမှာလည်း Zeus ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU ဟာ ပရိသတ်တွေကို သဘာဝလွန်အရာတွေနဲ့ တဖြည်းဖြည်းပိုမို မိတ်ဆက်ပေးနေပြီး Marvel ကောမစ်ထဲက ငရဲကို ကြီးစိုးတဲ့ Mephisto ကိုလည်း မိတ်ဆက်ပေးလာနိုင်ပါတယ်။

(5) Doctor Doom

photo via screenrant

Marvel ကောမစ်ထဲက Iconic ဗီလိန်တစ်ယောက် ဖြစ်တဲ့ Doctor Doom ကိုတော့ ယခုအချိန်ထိ MCU ထဲမှာ မမြင်တွေ့ရသေးပါဘူး။ ဒါကြောင့်ပဲ MCU ဟာ Fantastic Four ရုပ်ရှင်နဲ့အတူ Doctor Doom ကိုလည်း မိတ်ဆက်သွားနိုင်ပြီး Avengers 5 ရဲ့ ဗီလိန် ဖြစ်လာနိုင်ပါတယ်။ Doctor Doom ဟာ မှော်ပညာနဲ့ သိပ္ပံပညာတို့ကို ပေါင်းစပ်အသုံးပြုသူ ဖြစ်တာကြောင့် အလွန်အန္တရာယ်များပြီး ကောမစ်ထဲမှာဆိုရင် သူဟာ မကြာခဏ Avengers တွေနဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။

(6) Galactus

photo via screenrant

ဒီဇာတ်ကောင်ကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဗီလိန်တစ်ယောက် ဖြစ်ပြီး MCU ထဲမှာ အမြန်ဆုံး ပါဝင်လာဖို့ မျှော်လင့်နေကြပါတယ်။ Galactus ကတော့ ဂြိိုဟ်တွေကို စားသုံးသူတစ်ယောက် ဖြစ်ပြီး ကောမစ်ထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အကယ်၍ Galactus သာ Avengers 5 ရဲ့ ဗီလိန်အဖြစ် ပါဝင်လာမယ် ဆိုရင်တော့ ပရိသတ်တွေအတွက် အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(7) Kang the Conqueror

photo via screenrant

Kang the Conqueror ကိုတော့ Loki ဇာတ်လမ်းတွဲထဲမှာ He Who Remains အနေနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ Variant တစ်မျိုးကိုတော့ Ant-Man and the Wasp: Quantumania ရုပ်ရှင်ထဲမှာ အဓိကဗီလိန်အနေနဲ့ ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ Loki ဇာတ်လမ်းတွဲထဲမှာတော့ He Who Remains ဟာ သူ့ရဲ့ Variant တွေမျိူးစုံကို မြင်ရလိမ့်မယ်လို့ ပြောသွားတာကြောင့် ဒီစာရင်းထဲမှာတော့ သူဟာ Avengers 5 ရဲ့ ဗီလိန်ဖြစ်လာနိုင်ချေ အများဆုံး သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါကတော့ လာမယ့် Avengers 5 မှာ Thanos ရဲ့နေရာကို အစားထိုး ဝင်ရောက်မယ့် ဗီလိန်က ဘယ်သူဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်း ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ကောမန့်မှာ ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular