HomeEntertainmentFilmThe Batman ဒုတိယထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

The Batman ဒုတိယထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

DC FanDome event မှာတော့ DC ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Animation တွေနဲ့ ဂိမ်းတွေရဲ့ ထွေလာတွေကို ပြသသွားပါတယ်။ အဲ့ဒီထဲမှာတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် The Batman ရုပ်ရှင်ရဲ့ ဒုတိယထွေလာလည်း ပါဝင်ပါတယ်။ ဒီထွေလာထဲမှာတော့ Batman ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေအပြင် Catwoman နဲ့ Alfred တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ The Batman ရဲ့ ဒုတိယထွေလာ Breakdown ကို တင်ဆက်ပေးလိုက်ပါတယ်။

(1) Riddler ကို ဖမ်းလိုက်တဲ့ Jim Gordon
photo via screenrant

ပထမဆုံး ထွေလာထဲမှာတော့ Paul Dano သရုပ်ဆောင်ထားတဲ့ Riddler ကို ပထမဆုံး မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီထွေလာထဲမှာတော့ Riddler ရဲ့ မျက်နှာကို မပြသသွားဘဲ မျက်နှာဖုံးစွပ်ထားတာကိုပဲ မြင်တွေ့ခဲ့ရပြီး ဒီထွေလာထဲမှာလည်း Riddler ရဲ့ မျက်နှာကို မမြင်ခဲ့ရပါဘူး။

ဒုတိယထွေလာရဲ့ အစမှာတော့ ကော်ဖီထိုင်သောက်နေသူတစ်ယောက်ကို Jim Gordon က ဦးဆောင်ပြီး ရဲတွေအများကြီးနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ ကော်ဖီမှာ “?” ပုံစံကို မြင်တွေ့ခဲ့ရသလို Jim Gordon ကလည်း ရဲအင်အား အများအပြား အသုံးပြုထားတာကြောင့် ဒီလူဟာ Riddler လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း Riddler ဟာ အကွက်ဆင်တဲ့နေရာမှာ ဉာဏ်အလွန်ကောင်းတာကြောင့် အခုလိုအဖမ်းခံလိုက်တာကလည်း သူ့ရဲ့အစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေနိုင်ပါတယ်။

(2) ပြောင်းလဲသွားတဲ့ Bat Signal
photo via screenrant

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Bat Signal ဟာ အရင်က ကျွန်တော်တို့ မြင်ဖူးခဲ့တဲ့ Bat Signal နဲ့ အတော်လေးကို ကွာခြားနေပါတယ်။ ဒီ Bat Signal ကတော့ လင်းနို့နဲ့ အနည်းငယ်ဆင်တူတဲ့ သတ္တုပြားတစ်ခုကို GCPD ရုံးချုပ်အပေါ်က အချက်ပြမီးရဲ့အလည်မှာ ရိုးရိုးရှင်းရှင်းပဲ ကပ်ထားတာ ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီရုပ်ရှင်ထဲက Bruce Wayne ဟာ Batman ဖြစ်လာတာ မကြာသေးဘူးဆိုတာ သိသာစေပါတယ်။

(3) Robert Pattinson ရဲ့ Batman အသံ
photo via screenrant

ဒီထွေလာထဲမှာတော့ Robert Pattinson ရဲ့ Batman အသံကိုပါ သေချာကြားခဲ့ရပါတယ်။ Batman ရဲ့ အထင်ကရ အသံဖြစ်တဲ့ ခပ်ဩဩအသံမျိူးကို ကြားခဲ့ရပြီး ပရိသတ်အများစုကလည်း Robert ကို ချီးကျူးနေကြပါတယ်။ Batman ရဲ့ အသံကို ပြုလုပ်ဖို့အတွက် တချို့သရုပ်ဆောင်တွေကတော့ လည်ချောင်းအသံတွေများစွာ ထည့်သွင်းခဲ့တာမျိူး ရှိပေမယ့်လည်း Robert ရဲ့ Batman ကတော့ ဒီလိုမျိူး မဟုတ်ပါဘူး။

(4) The Clown Gang
photo via screenrant

ဒီထွေလာထဲမှာတော့ လူပြက်တွေလို မိတ်ကပ်တွေ လိမ်းခြယ်ထားတဲ့ ဂိုဏ်းတစ်ခုကို မြင်တွေ့ခဲ့ရပြီး ဒီဂိုဏ်းဟာ ပထမထွေလာမှာလည်း ပါဝင်ခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ ဒီဂိုဏ်းနဲ့ ဆင်တူတဲ့ ဂိုဏ်းတွေ မရှိပေမယ့်လည်း ထုံးစံအတိုင်း ဂေါ်သမ်မြို့မှာ လူပြက်ဂိုဏ်းတွေ ပေါ်လာပြီဆိုရင် သေချာပေါက်နီးပါး နောက်ကွယ်မှာ Joker ရှိနေတတ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာ Joker ပါဝင်လာနိုင်ချေဟာ သိပ်မရှိပေမယ့်လည်း The Batman Sequel ထဲမှာ Joker ပါဝင်လာဖို့အတွက် ဒီဂိုဏ်းက Set up လုပ်ပေးသွားနိုင်ပါတယ်။ ဒါ့အပြင် Timeline တွေ မတူညီပေမယ့်လည်း တစ်နည်းနည်းနဲ့ ဒီရုပ်ရှင်ဟာ Joker ရုပ်ရှင်နဲ့ ချိတ်ဆက်သွားမယ်ဆိုတဲ့ သီအိုရီလည်း ရှိနေပါတယ်။

(5) Titan ထဲက Tim Drake ရဲ့ Cameo
photo via screenrant

Jay Lycurgo ကတော့ Tim Drake အနေနဲ့ Titan Season 3 မှာ စတင်ပါဝင်လာခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Jay ကို လူပြက်ဂိုဏ်းဝင်တစ်ယောက်အနေနဲ့ မြင်တွေ့ခဲ့ရပါသေးတယ်။ သူကတော့ ဒီရုပ်ရှင်ထဲမှာ Cameo အနေလောက်ပဲ ပါဝင်လာနိုင်တာ ဖြစ်ပေမယ့် ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ ပါဝင်လာဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(6) ကျဉ်စက်အသုံးပြုတဲ့ Pattinson ရဲ့ Batman
photo via screenrant

ဒီထွေလာထဲမှာတော့ Batman ဟာ လူပြက်ဂိုဏ်းဝင်တွေနဲ့ တိုက်ခိုက်နေတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Batman ဟာ ကျဉ်စက်ကို အသုံးပြုပြီး လူပြက်ဂိုဏ်းဝင်တစ်ယောက်ကို တိုက်ခိုက်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ Batman ဟာ ဘယ်သူနဲ့ပဲ တိုက်ခိုက်နေပါစေ၊ လက်နက်တွေသိပ်ပြီး အသုံးပြုလေ့ မရှိပါဘူး။ နောက်ထပ် ဇာတ်ဝင်ခန်းတွေမှာလည်း Batman ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကတော့ Pattinson ရဲ့ Batman ဟာ အကြမ်းဖက်ဆုံး Batman ဖြစ်လာနိုင်တယ်လို့ ပြောနေကြပါတယ်။

(7) Batman နဲ့ Riddler
photo via screenrant

The Dark Knight ထဲမှာ Batman က Joker ကို စစ်ဆေးမေးမြန်းခဲ့သလိုပဲ ဒီရုပ်ရှင်ထဲမှာလည်း Pattinson ရဲ့ Batman က Riddler ကို စစ်ဆေးနေတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီလိုမျိူး မေးမြန်းနေတဲ့ အချိန်မှာပဲ ဂေါ်သမ်ရဲ့ တစ်နေရာမှာ ဗုံးပေါက်သွားပြီး အဲ့ဒီအဖြစ်အပျက်ကိုတော့ Riddler ကပဲ ကြိုးကိုင်ထားတာ ဖြစ်နိုင်ပါတယ်။

(8) Zoe Kravitz ရဲ့ Catwoman
photo via screenrant

Zoe Kravitz  သရုပ်ဆောင်ထားတဲ့ Catwoman ကိုတော့ ဒီထွေလာထဲမှာ သေချာမြင်တွေ့ခဲ့ရပါတယ်။ ပထမဇာတ်ဝင်ခန်းတစ်ခုမှာတော့ Riddler သတ်တာ ခံလိုက်ရတဲ့ ဂေါ်သမ်မြို့ဝန်ဖြစ်သူ Don Mitchell ရဲ့ အသုဘအခမ်းအနားမှာ Bruce Wayne နဲ့ Selina Kyle တို့ကို မြင်တွေ့ခဲ့ရပြီး နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ အဆောက်အဦးတစ်ခုရဲ့ ခေါင်မိုးပေါ်မှာ သူတို့နှစ်ယောက်ကို Batman နဲ့ Catwoman အဖြစ် မြင်တွေ့ခဲ့ရပါတယ်။

(9) Colin Farrell ရဲ့ Penguin
photo via screenrant

ဒီထွေလာထဲမှာတော့ Colin Farrell ရဲ့ Penguin ကို အနီးကပ် မြင်တွေ့ခဲ့ရပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Colin Farrell ဟာ ဒီရုပ်ရှင်ထဲမှာ အခန်းကဏ္ဍအနည်းငယ်ပဲ ပါဝင်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီထွေလာထဲက ဇာတ်ဝင်ခန်းတွေကို ကြည့်ခြင်းအားဖြင့် Colin Farrell ရဲ့ Penguin ဟာ ပရိသတ်တွေ ထင်ထားတာထက် ပိုပြီးအခန်းကဏ္ဍတွေ ပါဝင်လာမယ်လို့ ယူဆနိုင်ပါတယ်။

(10) Alfred အဖြစ် Andy Serkis
photo via screenrant

ပထမထွေလာထဲမှာတော့ Alfred ကို မမြင်တွေ့ခဲ့ရဘဲ ဒီထွေလာထဲမှာလည်း ဇာတ်ဝင်ခန်းတစ်ခုပဲ ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ ကျွန်တော်တို့ ပုံမှန်မြင်တွေ့နေကျ Alfred ထက် ပိုမိုငယ်ရွယ်တဲ့ ဗားရှင်းကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ ဘယ်ဘက်မျက်ခုံးနားမှာလည်း အမာရွတ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Alfred ဟာ Batman ကို လေ့ကျင့်ပေးနေတာလား၊ ဒါမှမဟုတ် သူက Batman နဲ့အတူတူ ရာဇဝတ်မှုတွေကို တိုက်ဖျက်နေတာလားဆိုတာ ပရိသတ်တွေက ထင်ကြေးပေးလာကြပါတယ်။

(11) ရုပ်ဖျက်ထားတဲ့ Bruce Wayne
photo via screenrant

ဒီထွေလာမှာတော့ Bruce Wayne ဟာ နေကာမျက်မှန်တပ်ထားပြီး သတင်းစာတစ်စောင်ကို ဖတ်နေပုံရတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ ရုပ်ဖျက်ပြီး ဂေါ်သမ်လမ်းမတွေပေါ်က သတင်းတွေကို စုံစမ်းနေတယ်လို့ ယူဆရပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ အရင်တုန်းက Batman ရုပ်ရှင်တွေမှာ မြင်ခဲ့ဖူးသလို ရာဇဝတ်သားတွေကို ထိုးကြိတ်ပြီး မေးမြန်းနေမယ့်အစား ဒီရုပ်ရှင်ထဲမှာတော့ တကယ့် စုံထောက်တစ်ယောက်လို စုံစမ်းမှုတွေကို ပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။

(12) Batman ရဲ့ စုံစမ်းမှု
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုထဲမှာတော့ Batman ဟာ ကြမ်းပြင်ပေါ်မှာ သဲလွန်စတွေကို ချရေးပြီး ဆက်စပ်မှုတွေကို ရှာဖွေနေပါတယ်။ “Mitchell” ဆိုတာကတော့ Riddler ကြောင့် သေဆုံးသွားတဲ့ ဂေါ်သမ်မြို့ဝန် Don Mitchell ကို ဆိုလိုတာ ဖြစ်ပါတယ်။ “Colson” ကတော့ ပထမထွေလာမှာ မြင်တွေ့ခဲ့ရတဲ့ ဗုံးကို တိပ်နဲ့ကပ်ခံရသူ ဖြစ်သလို Riddler ရဲ့ ဒုတိယမြောက် သားကောင်လည်း ဖြစ်ပါတယ်။ “No More Lies” ကတော့ Mitchell ရဲ့ ရုံးခန်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ စာတွေ ဖြစ်ပါတယ်။

“The Sins of My Father” ကတော့ Riddler က Bruce ကို ရေးခဲ့တဲ့စာတွေထဲမှာ ပါဝင်ပုံရပြီး Thomas Wayne က တိတ်တဆိတ် ပတ်သက်နေတဲ့ Court of Owls ကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ “Savage” ဆိုတာကတော့ Pete Savage ဆိုတဲ့ ဂေါ်သမ်ရဲ့ ရဲတစ်ယောက်ကို ရည်ညွှန်းတာ ဖြစ်ပြီး Riddler ရဲ့ တတိယမြောက်သားကောင် ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးကျန်နေတဲ့ “Renewal is a Lie” ဆိုတာကတော့ ဘာကိုဆိုလိုတယ်ဆိုတာ သေချာမသိရသေးပါဘူး။

(13) Batman ရဲ့ “No Gun Rule” ကို မလိုက်နာတဲ့ Catwoman
photo via screenrant

လူတိုင်းသိထားသလိုပဲ Batman ဟာ သေနတ်ကို အသုံးမပြုဘူးဆိုတဲ့ စည်းကမ်းထားရှိပြီး ဒီအချက်ဟာ သူနဲ့ Catwoman ကြားထဲမှာ အခြေအတင်တွေ ဖြစ်စေခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Pattinson ရဲ့ Batman ဟာ အလွန်အကြမ်းဖက်မှုတွေကို ပြုလုပ်သူဆိုတာကို မြင်တွေ့ခဲ့ရပြီး သူဟာ သေနတ်ကို အသုံးပြုနေတဲ့ Catwoman ကို တားဆီးမလား၊ ခွင့်ပြုမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ Batman နဲ့ Catwoman တို့ရဲ့ အချစ်ရေးကို မြင်တွေ့ရမယ်လို့ ပရိသတ်တွေက သေချာယူဆထားကြပြီး ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းအရ ဆိုရင်တော့ ဒီအချက်ဟာ အတည်ပြုပြီးသား ဖြစ်သွားပါပြီ။

(14) သာမန်အဖြစ်ဆုံး Batmobile
photo via screenrant

ဒီရုပ်ရှင်ထဲက Bruce Wayne ဟာ Batman ဖြစ်ခါစအချိန်ကို မြင်တွေ့ရမှာ ဖြစ်သလို ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေအရဆိုရင် သူဟာ အဆင့်မြင့်နည်းပညာတွေကိုလည်း အသုံးမပြုထားပါဘူး။ ဒါတင်မကသေးဘဲ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Batmobile ကို မြင်တွေ့ခဲ့ရပြီး ဒီ Batmobile ဟာ ကျွန်တော်တို့ အရင်ကမြင်ခဲ့ဖူးတဲ့ Batmobile တွေထက် သာမန်အဖြစ်ဆုံးလို့ ပြောလို့ရပါတယ်။ ဒီ Batmobile ဟာ ထူးထူးဆန်းဆန်းပုံစံတွေ မဟုတ်ဘဲ သာမန်ပုံစံပဲ ဖြစ်တာကြောင့် Batman အနေနဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

(15) ရဲတွေနဲ့ ပတ်သက်တဲ့ အရေးကြီးအဖြစ်အပျက်
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ရဲကားတွေရော ဟယ်လီကော်ပတာတွေကပါ အဆောက်အဦးအကြီးကြီးတစ်ခုကို ဝိုင်းထားတာ မြင်တွေ့ခဲ့ရပါတယ်။ ဖြစ်နိုင်တာကတော့ အဲ့ဒီအဆောက်အဦးကြီးဟာ တရားရုံး၊ သို့မဟုတ် ရဲတွေနဲ့ ပတ်သက်တဲ့ အဆောက်အဦးတစ်ခု ဖြစ်နိုင်ပြီး အပေါ်မှာ ဖော်ပြထားသလို Riddler ရဲ့ လူသတ်မှုတွေအပြီးမှာ ဖြစ်ပျက်နေတာ ဖြစ်ပါလိမ့်မယ်။

(16) လူသတ်မှုတွေကို Live လွှင့်နေတဲ့ Riddler
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Riddler ဟာ လူသတ်မှုတွေ ကျူးလွန်နေတဲ့အချိန်မှာ Live လွှင့်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ Riddler ရဲ့ စရိုက်အရဆိုရင်တော့ သူဟာ အကျင့်ပျက် ခြစားနေတဲ့ ရဲတွေကို သတ်ပစ်တာ ဖြစ်နိုင်ပြီး ဒီအချက်က ဂေါ်သမ်မြို့ကြီးကို ပိုမိုကောင်းမွန်သွားစေမယ်လို့ ယူဆနေတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် နောက်ထပ် စိတ်ဝင်စားစရာတစ်ချက်ကတော့ ဒီရုပ်ရှင်ထဲမှာ Bruce Wayne က Batman ဖြစ်ခါစအချိန် ဖြစ်သလို Riddler ရဲ့ Live Stream ပုံစံကို ကြည့်ခြင်းအားဖြင့် ဒီရုပ်ရှင်ဟာ ၁၉၉၀ ကျော်၊ သို့မဟုတ် ၂၀၀၀ အစောပိုင်းမှာ ဇာတ်အိမ်တည်ထားတာ ဖြစ်လိမ့်မယ်လို့ ပရိသတ်တွေက ယူဆထားပါတယ်။

(17) Catwoman ကိုတောင် ကြောက်ရွံ့သွားစေတဲ့ Batman ရဲ့ ကြမ်းတမ်းမှု
photo via screenrant

ပုံမှန်ဆိုရင်တော့ Catwoman ကို အလွန်အကျွံ မလုပ်မိအောင် Batman က ထိန်းပေးနေတာ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ အဲ့ဒီအချက်ဟာ ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Batman ဟာ ထိုးကြိတ်ခံထားပြီးသား ရာဇဝတ်သားတစ်ယောက်ကို ညှာတာမှုမရှိဘဲ ဆက်တိုက် ထိုးကြိတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ Batman ရဲ့ အနောက်မှာတော့ Catwoman ကို မြင်တွေ့ခဲ့ရပြီး သူမရဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့ Batman ဟာ ဘယ်လောက်ထိ ကြမ်းတမ်းမှုတွေ ပြုလုပ်နေတယ်ဆိုတာ သိနိုင်ပါတယ်။

(18) ဂေါ်သမ်မြို့သားတွေကို ကယ်တင်နေတဲ့ Batman
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Batman ဟာ Flare ကို အသုံးပြုကာ ဂေါ်သမ်မြို့သားတွေကို တစ်နေရာရာဆီ ခေါ်သွားတဲ့ ပုံစံ မြင်တွေ့ခဲ့ရပါတယ်။ ဒီမှာ မြင်တွေ့ခဲ့ရတဲ့ အတိုင်းဆိုရင်တော့ Batman ဟာ သူ့ကိုယ်သူ လူကောင်းပါလို့ ဂေါ်သမ်မြို့သားတွေကို သက်သေပြနိုင်ခဲ့ပြီး သူတို့ကို တစ်ခုခုဆီကနေ ကယ်တင်လာခဲ့ပုံ ပေါ်ပါတယ်။

ဒါကတော့ The Batman မိန်းထွေလာထဲက စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ စိတ်ဝင်စားနေတဲ့ အလားတူ အချက်တွေရှိရင်လည်း ပြန်လည်ဆွေးနွေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular