HomeEntertainmentFilmနှစ်(၂၀)အတွင်း ထွက်ထားသမျှ Animated ရုပ်ရှင်တွေထဲက အားပေးမှုအများဆုံး (၈)ကား

နှစ်(၂၀)အတွင်း ထွက်ထားသမျှ Animated ရုပ်ရှင်တွေထဲက အားပေးမှုအများဆုံး (၈)ကား

Animated ရုပ်ရှင်တွေဟာ အပေါ်ယံကြည့်ရင် ကလေးတွေအတွက်လို့ပဲ ထင်ရပေမယ့် တကယ်တမ်း နက်နက်နဲနဲ စီးဝင်ခံစားကြည့်လိုက်ရင် အရွယ်ရောက်ပြီးသူတွေအတွက်ပါ ရည်ညွှန်းတာကို တွေ့ရမှာပါ။ ၂၀၀၀ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ နှစ်(၂၀)ဆိုတဲ့ အချိန်အတောအတွင်းမှာ Animated ရုပ်ရှင် မြောက်များစွာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေ အားပေးတဲ့ ရုပ်ရှင်တွေလည်း အများအပြားပဲ ရှိခဲ့ပါတယ်။ IMDb ရုပ်ရှင်ဝက်ဘ်ဆိုဒ်က စာရင်းပြုစုချက်အရ ပြီးခဲ့တဲ့ နှစ်(၂၀)အတွင်း ထွက်ရှိထားတဲ့ Animated ရုပ်ရှင်တွေထဲက ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့တဲ့ Animated ရုပ်ရှင်(၈)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(1) Spirited Away
photo via imdb

2001 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.6 အထိ ရရှိထားတဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆယ်နှစ်အရွယ် ကောင်မလေး ချီဟီရိုဟာ မိဘတွေနဲ့အတူ လူသူမရှိ တိတ်ဆိတ်နေတဲ့ အပန်းဖြေဥယျာဉ်ကြီးထဲကို ရောက်သွားခဲ့ပါတယ်။ မထင်မှတ်ထားဘဲ မိဘနှစ်ပါးစလုံးက လူအဖြစ်ကနေ ဝက်တွေအဖြစ် အသွင်ပြောင်းသွားခဲ့ရာမှ အဆိုပါနေရာကြီးဟာ ဝိဉာဉ်လောကသားတွေရဲ့ အနားယူ အပန်းဖြေရာနေရာမှန်း သိလာခဲ့ပါတော့တယ်။ ဒီအခါမှာ ချီဟီရိုတစ်ယောက် မိဘတွေရော၊ သူမ ကိုယ်တိုင်ရော အဲ့ဒီ့နေရာကြီးကနေ လွတ်မြောက်ဖို့ ဘယ်လို ကြိုးစားရမလည်းဆိုတာ ကြည့်ရှုရမှာပါ။

(2) Zootopia
photo via imdb

တိရိစ္ဆာန်တွေက လူတွေလိုမျိုးနေထိုင်နေကြတဲ့ လောကကြီးမှာ ရဲတပ်ဖွဲ့အသစ်လေးဖြစ်တဲ့ ယုန်မလေးနဲ့ လူလိမ်ဖြစ်တဲ့ မြေခွေးတို့က အကြောင်းကိစ္စတစ်ခုကြောင့် အတူတူ အလုပ်လုပ်ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ အလွဲလေးနဲ့ ပေါ့ပေါ့ပါးပါးနဲ့  ကြည့်လို့ကောင်းတဲ့ ကားလေးပါ။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 8.0 ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။

(3) Inside Out
photo via imdb

Riley လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ စိတ်ထဲမှာရှိတဲ့ စိတ်ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်မှု၊ ကြောက်ရွှံ့မှု၊ ဒေါသ၊ စိတ်ပျက်မှုနဲ့ ဝမ်းနည်းမှုတွေကို သက်ရှိအကောင်လေးတွေအဖြစ် ပုံဖော်ပြီး ရိုက်ကူးထားတဲ့ ကားလေး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 8.2 ရရှိထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။

(4) Wall-E
photo via imdb

အခုချိန်နဲ့ အလွန်ဝေးကွာလွန်းတဲ့ အနာဂတ်ကာလတစ်ခုမှာ ကမ္ဘာကြီးက မြေဆီလွှာတွေ ပျက်စီးပြီး လူတွေနေထိုင်လို့ မရတော့တဲ့အထိ ဖြစ်လာတာကြောင့် လူသားတွေဟာ အာကာသယာဉ်တစ်ခုထဲမှာ နေထိုင်ကြပါတယ်။ အမှိုက်တွေသိမ်းဖို့အတွက် လူတွေတီထွင်ထားခဲ့တဲ့ Wall-E လို့ခေါ်တဲ့ စက်ရုပ်လေးတစ်ခုက Eva လို့ခေါ်တဲ့ စက်ရုပ်လေးနဲ့အတူ လူသားမျိုးနွယ်တွေ ကမ္ဘာပေါ် ပြန်ပြီးနေထိုင်လို့ရအောင် ဘယ်လိုကြိုးစားမလည်းဆိုတာ ကြည့်ရှုရမှာပါ။ စက်ရုပ်နှစ်ရုပ်ကြားက ချစ်ခြင်းမေတ္တာကိုလည်း တွေ့ရမှာပါ။ ၂၀၀၈ ခုနှစ်မှာ ထွက်ထားပြီး IMDb 8.4 အထိ ရထားပါတယ်။

(5) Toy Story 3
photo via imdb

Andy ဆိုတဲ့ကောင်လေးက ကောလိပ်တက်ဖို့အတွက် အိမ်ကထွက်သွားတဲ့အခါမှာ Woody တို့အုပ်စုကို အခြားနေရာကို ပို့တဲ့အချိန် မှားယွင်းပြီး မူကြိုတစ်ခုကို ရောက်သွားတဲ့အခါမှာတော့ အရုပ်တွေအားလုံး အိမ်ပြန်ဖို့အတွက် Woody ရဲ့ တာဝန်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 8.3 ရရှိထားပါတယ်။

(6) Toy Story 4
photo via imdb

Forky လို့ခေါ်တဲ့ အရုပ်အသစ်လေးက Woody တို့အုပ်စုထဲကို ရောက်ခဲ့ပြီးနောက်မှာ သူတို့ရဲ့ပိုင်ရှင်အသစ်နဲ့အတူ ခရီးထွက်ခဲ့ကြပါတယ်။ အရုပ်အသစ်လေးနဲ့အတူ ခရီးသွားနေရင်းနဲ့ လမ်းမှာ ဖြစ်ပျက်ပုံတွေနဲ့ အရုပ်တစ်ရုပ်အတွက် ကမ္ဘာကြီးက ဘယ်လောက်တောင်ကြီးမားတယ်ဆိုတာကို ကြည့်ရှုရမှာပါ။ ၂၀၁၉ ခုနှစ်မှာ ထွက်ထားပြီး IMDb 7.8 ရထားပါတယ်။

(7) Up
photo via imdb

အသက်(၇၈)နှစ်ရှိပြီဖြစ်တဲ့ Carl Fredricksen နဲ့ ကလေးတစ်ယောက်တို့က သူတို့ရဲ့အိပ်မက်ဖြစ်တဲ့ Paradise ရေတံခွန်ကြီး ရှိရာကို အိမ်အလုံးလိုက်ကြီးမှာ မိုးပျံပူဖောင်းတွေတပ်ပြီး သွားတဲ့ကားလေး ဖြစ်ပါတယ်။ သွားနေရင်းနဲ့ လမ်းခရီးမှာ ကြုံရမယ့် အခက်အခဲတွေကို ကြည့်ရှုရမှာပါ။ ၂၀၀၉ ခုနှစ်မှာ ထွက်ထားပြီး IMDb 8.2 ရထားပါတယ်။

(8) Coco
photo via imdb

ဂီတကို လုံးဝမုန်းတီးနေတဲ့ မိသားစုမှာ မွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်က တစ်အိမ်လုံးနဲ့ မတူဘဲ ဂီတကို အရမ်းဝါသနာကြီးတဲ့ကလေး ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့် အဲ့ကောင်လေးက ဝိဉာဉ်တွေနေတဲ့ တိုင်းပြည်ကိုရောက်သွားပြီး သူ့ရဲ့အဘိုးနဲ့ တွေ့တဲ့အခါမှာတော့ ဘာဆက်ဖြစ်မလည်းဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ။ ၂၀၁၇ ခုနှစ်က ထွက်ထားပြီး IMDb 8.4 ရထားပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့နှစ်(၂၀)အတွင်း ထွက်ထားသမျှ Animated ရုပ်ရှင်တွေထဲက ပရိသတ်အားပေးမှု အများဆုံး ရရှိထားတဲ့ဇာတ်ကား(၈)ကားကို ရွေးချယ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြား Animated  ရုပ်ရှင်တွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Lego Les

 

RELATED ARTICLES

Most Popular