HomeEntertainmentFilmThe Last of Us ဂိမ်းထဲက မတူညီတဲ့ ဇွန်ဘီအမျိူးအစားများ

The Last of Us ဂိမ်းထဲက မတူညီတဲ့ ဇွန်ဘီအမျိူးအစားများ

The Last of Us ဇာတ်လမ်းတွဲရဲ့ အပိုင်း(၂)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်း(၂)ထဲမှာတော့ Clicker တွေကို ပထမဆုံး မြင်တွေ့ခဲ့ရပြီး သူတို့ဟာ အပိုင်း(၁)ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ကူးစက်ခံရသူတွေနဲ့ လုံးဝကွဲပြားနေတာကို သတိထားမိကြမှာပါ။ ဂိမ်းထဲမှာတော့ ဇွန်ဘီအမျိူးအစားပေါင်း (၆)မျိူး ရှိပါတယ်။ သူတို့ကတော့ Runner ၊ Stalker ၊ Clicker ၊ Bloater ၊ Shambler နဲ့ The Rat King တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခုတစ်ခါမှာတော့ The Last of Us ထဲက ဇွန်ဘီအမျိူးအစားတွေကို ဖော်ပြပေးချင်ပါတယ်။

Stage 1: Runner

photo via screenrant

လူတစ်ယောက်ဟာ ပထမဆုံး Cordyceps fungal ဗိုင်းရပ်စ် ကူးစက်ခံရပြီ ဆိုရင်တော့ နှစ်ရက်အကြာမှာ အဲဒီဗိုင်းရပ်စ်က ဦးနှောက်ကို ရောက်ရှိသွားပြီး Runner တွေ စဖြစ်လာကြပါတယ်။ အဲဒီအချိန်မှာတော့ ကူးစက်ခံထားရသူတွေဟာ ဆံပင်တွေ စတင်ကျွတ်လာပြီး တဖြည်းဖြည်းနဲ့ သူတို့ရဲ့ အမြင်အာရုံကလည်း ဆိုးရွားလာပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ လူသားတွေရဲ့ အခြားအာရုံခံစားမှုတွေ အားလုံးကို ခံစားနိုင်ပါသေးတယ်။ Runner တွေကိုတော့ အပိုင်း(၁)ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီအဆင့်ရဲ့ ကြာမြင့်ချိန်ကတော့ နှစ်ရက်လောက်ကနေ နှစ်ပတ်လောက်အထိ ဖြစ်နိုင်ပါတယ်။

Stage 2: Stalker

photo via screenrant

ကူးစက်ခံထားရသူတွေဟာ Runner တွေ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်တစ်ဆင့်မြင့်တဲ့ Stalker တွေအဖြစ် စတင်ပြောင်းလဲလာပါတယ်။ သူတို့ရဲ့ပုံစံကတော့ များသောအားဖြင့် မျက်နှာတစ်ခြမ်းမှာ ကြီးမားတဲ့ Fungus တွေ စတင်ထွက်ပေါ်လာပါတယ်။ Stalker တွေဟာ Runner တွေလိုပဲ သာမန်လူသားတွေလောက် လျင်မြန်ပေမယ့် ပိုမိုကြမ်းတမ်းပါတယ်။ Stalker တွေဟာ သူတို့ဘယ်လို တိုက်ခိုက်မယ်ဆိုတာ အစီအစဉ်ချထားတတ်ပြီး သားကောင်က သူတို့အနားကို မရောက်လာသရွေ့ ပုန်းအောင်းနေတတ်ပါတယ်။ ဒီအဆင့်ကတော့ နှစ်ပတ်က စတင်ပြီး တစ်နှစ်လောက်အထိ ကြာမြင့်ပါတယ်။

Stage 3: Clicker

photo via screenrant

ကူးစက်ခံရတာ တစ်နှစ်ကျော်သွားပြီ ဆိုရင်တော့ သူတို့မှာ လူနဲ့တူတာဆိုလို့ ခြေနဲ့လက်ပဲ ရှိပါတော့တယ်။ အဲဒီအချိန်မှာတော့ သူတို့ရဲ့မျက်နှာကို Fungus တွေက လုံးဝဖုံးလွှမ်းသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အမြင်အာရုံ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်ပြီး အသံတစ်ခုကို ထုတ်လွှတ်ကာ လင်းနို့တွေလိုမျိူး Echolocation ကို အသုံးပြုကြပါတယ်။ ပိုပြီးကြောက်စရာကောင်းတဲ့ အချက်ကတော့ သူတို့တွေဟာ သာမန်ဇွန်ဘီတွေလို Headshot ပစ်ခံရရင်တောင် တစ်ချက်တည်းနဲ့ မသေသွားဘဲ အလွန်ခံနိုင်ရည်ရှိကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ Runner နဲ့ Stalker တို့ထက် ပိုမိုခွန်အားကြီးမားကြပါသေးတယ်။

Final Stage: Bloater

photo via screenrant

ကူးစက်ခံရပြီး နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာတော့ နောက်ဆုံး Stage ဖြစ်တဲ့ Bloater အဖြစ် ထပ်မံပြောင်းလဲသွားကြပါတယ်။ ဒီဗားရှင်းဟာ အန္တရာယ်အများဆုံး Stage တစ်ခု ဖြစ်သလို တစ်ကိုယ်လုံးကိုလည်း Fungus တွေက ဖုံးလွှမ်းနေပြီ ဖြစ်ပါတယ်။ အဲဒီ Fungus တွေဟာ Armor တစ်ခုလိုမျိူး မာကျောတာကြောင့်လည်း သူတို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဖို့တောင် မလွယ်ကူတော့ပါဘူး။

Bloater တွေဟာ အစောပိုင်း Stage တွေလို မလျင်မြန်တော့ဘဲ သူတို့ရဲ့ Echolocation အသုံးပြုနိုင်မှုကလည်း စွမ်းဆောင်ရည် ကျလာပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ Superhuman Strength ရှိကြပြီး သူတို့ရဲ့ ခန္ဓာကိုယ်က Fungus တွေကို ဆွဲဖြုတ်ကာ ဗုံးတစ်လုံးလို ပစ်ပေါက်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ အက်ဆစ်တွေကိုပါ အန်ထုတ်နိုင်ပါသေးတယ်။ Bloater တွေကတော့ ရှားပါးကြပြီး သူတို့ရဲ့ အားနည်းချက်ကတော့ မီးပဲဖြစ်ပါတယ်။

Final Stage Variation: Shambler

photo via screenrant

စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ရှိနေတဲ့ ဇွန်ဘီတွေကတော့ Bloater တွေ ဖြစ်မလာဘဲ Shambler တွေ ဖြစ်လာကြပါတယ်။ Bloater နဲ့ Shambler တို့ရဲ့ ပုံစံဟာ အနည်းငယ်ဆင်တူပေမယ့် Shambler တွေရဲ့ ပါးစပ်ကတော့ Fungal Infection ကြောင့် ခဲနေပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ တခြားဗားရှင်းတွေလို မကိုက်နိုင်ကြပါဘူး။ အဲဒီအစား သူတို့ရဲ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပြည်ဖုလို အဖုတွေကနေ ပေါက်ကွဲစေတဲ့ မျိူးမှုံတွေကို ထုတ်လွှတ်ကြပါတယ်။

Anomaly Variation: The Rat King

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီဗိုင်းရပ်စ်ဟာ မယုံနိုင်စရာကောင်းပြီး ကြောက်ဖို့ကောင်းတဲ့ ပုံစံတွေကို ဖြစ်လာစေပါတယ်။ ဂိမ်းထဲမှာတော့ ထူးခြားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပြီး The Rat King ကတော့ အဲဒီထဲကတစ်ခုပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပျံ့နှံ့ပြီး ဆယ်စုနှစ်တွေ ကြာမြင့်သွားတဲ့ အချိန်မှာတော့ ဇွန်ဘီတွေဟာ တစ်ကောင်နဲ့တစ်ကောင် ပေါင်းစပ်သွားပြီး အလွန်ကြီးမားတဲ့ ဇွန်ဘီကြီး ဖြစ်လာခဲ့ပါတယ်။

ယခုဖော်ပြခဲ့တာတွေကတော့ ဂိမ်းထဲက ဇွန်ဘီတွေရဲ့အကြောင်းပဲ ဖြစ်ပြီး The Last of Us ဇာတ်လမ်းတွဲထဲမှာတော့ ဘယ်လို ဇွန်ဘီအမျိူးအစားတွေကို မြင်တွေ့ရဦးမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular