HomeEntertainmentFilmနာမည်ကျော်တွေကို တစုတဝေးတည်း ကြည့်ရှုရမယ့် ဟာသအက်ရှင်ဇာတ်ကား The Lost City 

နာမည်ကျော်တွေကို တစုတဝေးတည်း ကြည့်ရှုရမယ့် ဟာသအက်ရှင်ဇာတ်ကား The Lost City 

ဟောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကား The Lost City ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Sandra Bullock နဲ့ Channing Tatum တို့ဟာ Brad Pitt ရဲ့ အကူအညီနဲ့ Daniel Radcliffe ကို ရင်ဆိုင် တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။

The Lost City ကတော့ စွန့်စားခန်း အက်ရှင်ဇာတ်ကားဖြစ်ပြီး ဟာသနှောထားတဲ့ ဇာတ်အမြူးပုံစံ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မင်းသား Daniel Radcliffe က ဗီလိန်အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။ မူလကတော့ ဒီဇာတ်ကားရဲ့ အမည်ကို The Lost City of D လို့ အမည်ပေးထားတာပါ။ Daniel Radcliffe အ‌ပြင် Sandra Bullock ၊ Channing Tatum နဲ့ Brad Pitt တို့လည်း ပါဝင်ထားပါသေးတယ်။

Photo Credit: Kimberley French/ Paramount Pictures

ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာတွေကတော့ Aaron Nee နဲ့ Adam Nee တို့ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် ၂၀၂၂ ခုနှစ် မတ်လမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အချစ်ဝတ္ထုရေးသားတဲ့ စာရေးဆရာမ Loretta Sage (Sandra Bullock)ဟာ စိတ်ကူးပေါက်ပြီး ပျောက်ဆုံးနေတဲ့ မြို့တစ်မြို့ဆီ စွန့်စားခန်း ခရီးထွက်တဲ့အကြောင်း စာအုပ်ရေးသားလိုက်ပါတယ်။ ဒီစာအုပ်ကို သူဌေးတစ်ယောက်ဖြစ်တဲ့ Fairfax (Daniel Radcliffe)က ဖတ်မိသွားတဲ့နောက်မှာတော့ Loretta ရဲ့ စာအုပ်ဟာ တကယ့် ရတနာသိုက်ကို ရှာဖွေဖို့ လမ်းညွှန်သလို ဖြစ်နေကြောင်း သိရှိသွားပြီး သူမကို ပြန်ပေးဆွဲသွားပါတော့တယ်။

Photo Credit: Kimberley French/ Paramount Pictures

ဒီမှာတင် Loretta ရဲ့ စာအုပ်အတွက် ကာဗာမော်ဒယ်လ် ပြုလုပ်ပေးထားတဲ့ မော်ဒယ်လ် (Channing Tatum)က နောက်ကလိုက်လာပြီး စာရေးဆရာမကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်။

ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ Daniel Radcliffe က ဗီလိန်နေရာမှာ သရုပ်ဆောင်ထားတာပါပဲ။ တကယ်တော့ Daniel ဟာ ယခုနှစ်ပိုင်းတွေမှာ ယခင်က သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်ပုံစံတွေနဲ့ ကွဲပြားခြားနားလွန်းတဲ့ ဇာတ်ရုပ်တွေကို ရွေးချယ် သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ Harry Potter ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်ပြီးတည်းက ငွေရေးကြေးရေးအရရော၊ ဇာတ်ရုပ်အရပါ စိတ်ချရမှု ရှိဖို့ကို ခေါင်းထဲမထားတော့ဘဲ သူ့ရဲ့ သရုပ်ဆောင်ဘဝကိုသာ ပိုမိုရှင်သန်လာဖို့ ကြိုးပမ်းအားထုတ်နေတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ Netflix ရဲ့ Red Notice လိုပဲ နာမည်ကြီးသရုပ်ဆောင်တွေကို သုံးထားပြီး ဇာတ်အသွက်၊ ဇာတ်အမြူးပုံစံ ရိုက်ကူးထားတဲ့အပြင် Daniel Radcliffe ရဲ့ ဗီလိန်ဇာတ်ရုပ်ကို ကြည့်ရှုရမှာ ဖြစ်တာကြောင့် စောင့်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular