HomeCharacterThe Sandman ဇာတ်လမ်းတွဲထဲက Endless တွေအကြောင်း သင်မသိလောက်သေးတဲ့ အချက်များ

The Sandman ဇာတ်လမ်းတွဲထဲက Endless တွေအကြောင်း သင်မသိလောက်သေးတဲ့ အချက်များ

Netflix က ထုတ်လုပ်ခဲ့တဲ့ The Sandman ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြားမှာ အောင်မြင်နေပြီး ဒီဇာတ်လမ်းတွဲကတော့ Neil Gaiman ရဲ့ကောမစ်ကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Endless လို့ခေါ်တဲ့ Entity တွေ ပါဝင်ပြီး သူတို့ကတော့ Death(သေဆုံးခြင်း)၊ Destiny(ကံကြမ္မာ)၊ Dream(အိပ်မက်)၊ Destruction(ပျက်စီးမှု)၊ Delirium(စိတ်ရှုပ်ထွေးမှု)၊ Desire(လိုအင်ဆန္ဒ)နဲ့ Despair တို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Endless တွေအကြောင်း သင်မသိလောက်သေးတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) သူတို့ကိုယ်တိုင်က သူတို့ရဲ့လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Death ဟာ သူတို့ရဲ့လုပ်ဆောင်ချက်ကပဲ သူတို့ရဲ့ရည်ရွယ်ချက် ဖြစ်တယ်လို့ Dream ကို ပြောခဲ့ပါတယ်။ ဒီအချက်ကတော့ အတွေးအခေါ်တစ်ခု ဆိုတာထက် ပိုပါတယ်။ Endless တွေကတော့ သူတို့ရဲ့နာမည်က ရည်ညွှန်းတဲ့ အရာတွေကို ကိုယ်စားပြုတာ မဟုတ်ဘဲ သူတို့ကိုယ်တိုင်က သူတို့ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်နေပါတယ်။ ဥပမာပြောရရင် Dream ဟာ အိပ်မက်တွေကို ကိုယ်စားပြုတာ မဟုတ်ဘဲ သူကိုယ်တိုင်က အိပ်မက်ဖြစ်နေတာကို ဆိုလိုချင်တာ ဖြစ်ပါတယ်။

(2) Destruction ထွက်ခွာသွားရတဲ့ အကြောင်းရင်း

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Destruction ကို ရည်ညွှန်းတဲ့ စကားတွေများစွာ ပါဝင်ပြီး သူဟာ သူ့ရဲ့တာဝန်ကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ကောမစ်ထဲမှာတော့ Destruction ဟာ သူ့ရဲ့တာဝန်တွေနဲ့ ဝတ္တရားတွေကို စိတ်ကုန်ပြီး ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကိုယ်တိုင် ရွေးချယ်ထားတဲ့လမ်းကို လျှောက်ချင်တာဖြစ်ပြီး ဖြစ်ပျက်သမျှ ပျက်စီးမှုတွေအားလုံးဟာ သူ့ကြောင့်ဆိုတဲ့ အချက်ကိုလည်း စိတ်ကုန်သွားပါတယ်။ ဒါကြောင့်ပဲ သူဟာ သူစိတ်ဝင်စားတဲ့ အနုပညာနဲ့ ကဗျာတွေကို ဖန်တီးဖို့ ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

(3) Endless တွေဟာ မသေဆုံးနိုင်ကြပါဘူး။

photo via screenrant

Endless တွေကတော့ မသေမျိူးတွေပဲ ဖြစ်ပြီး သူတို့ဟာ သက်ရှိတွေ ရှိနေသရွေ့ တည်ရှိနေမယ့် Entity တွေ ဖြစ်ပါတယ်။ Endless တစ်ယောက်ဟာ အကြောင်းအမျိူးမျိူးကြောင့် အသတ်ခံလိုက်ရရင်တော့ သူ့ရဲ့နောက်ထပ် ဗားရှင်းအသစ်ဟာ အလိုလိုဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ Endless တွေထဲမှာ ပထမဆုံး သေဆုံးခဲ့ဖူးသူကတော့ Despair ပဲ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Dream ဟာလည်း သေဆုံးသွားပြီး ဗားရှင်းအသစ် ဖြစ်သွားခဲ့ပါတယ်။

(4) Delirium(စိတ်ရှုပ်ထွေးမှု)ဟာ Delight(ပျော်ရွှင်မှု) ဖြစ်ခဲ့ဖူးပါတယ်။

photo via screenrant

Delirium ရဲ့ ပုံသဏ္ဍာန်နဲ့ အတွေးတွေကတော့ အမြဲတမ်း ပြောင်းလဲနေပြီး သူမရဲ့ စကားပြောဆိုပုံကလည်း အလွန်ကြောင်တောင်တောင်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ အစတုန်းကတော့ မိန်းမပျိူလေးတစ်ယောက်ရဲ့ ပုံသဏ္ဍာန်ရှိပြီး အဲဒီအချိန်တုန်းကတော့ သူမဟာ Delight ဖြစ်ခဲ့ပါတယ်။ Delight အနေနဲ့ ရှိနေတဲ့ နောက်ဆုံးအချိန်လေးမှာ သူမဟာ ပြောင်းလဲမှုတွေ ဖြစ်နေတယ်လို့ Dream ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့် Delight ကနေ Delirium အဖြစ် ပြောင်းလဲသွားတယ်ဆိုတာနဲ့ Delight အနေနဲ့ရော ပြန်လည် ပြောင်းလဲသွားဦးမလား ဆိုတာကတော့ ယခုအချိန်ထိ အဖြေမရှိ ဖြစ်နေဆဲပါပဲ။

(5) Delirium ဟာ လိုအပ်လာရင် သူမရဲ့ပုံစံကို မပြောင်းလဲအောင် ထိန်းချုပ်ထားနိုင်ပါတယ်။

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Delirium ရဲ့ ပုံသဏ္ဍာန်နဲ့ အတွေးတွေဟာ အမြဲတမ်း ပြောင်းလဲနေပေမယ့်လည်း လိုအပ်လာတဲ့ အချိန်မှာတော့ ခဏတာ ထိန်းချုပ်ထားနိုင်ပါတယ်။ Delirium ဟာ Dream နဲ့အတူ Destiny ဆီကို သွားရောက်လည်ပတ်တဲ့ အချိန်မှာတော့ Destiny ရဲ့ ပြောစကားတစ်ခုကြောင့် Dream ဟာ လဲကျသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Delirium ဟာ သူမရဲ့ ဖရိုဖရဲနဲ့ အမြဲပြောင်းလဲနေတဲ့ ပုံသဏ္ဍာန်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလိုထိန်းချုပ်ထားရတာဟာ သူမအတွက် အလွန်နာကျင်ရတယ်လို့ ဆိုပါတယ်။

(6) Destiny

photo via screenrant

Destiny ကတော့ စွမ်းအားအကြီးဆုံး Endless တွေထဲကတစ်ယောက် ဖြစ်ပြီး အားလုံးထဲမှာ အသက်အကြီးဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကန့်သတ်ချက်အချို့တော့ ရှိပေမယ့်လည်း သူဟာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနဲ့ ဖြစ်လာမယ့် အရာအားလုံးကိုလည်း သိနေပါတယ်။ သူဟာ စကြဝဠာထဲမှာ ဘာတွေဖြစ်ပျက်လာမလည်းဆိုတာ ဆုံးဖြတ်ဖို့အတွက် သူ့ရဲ့စာအုပ်ကို ဖွင့်လိုက်ရုံပဲ ဖြစ်ပြီး အဲဒီစာအုပ်ကိုတော့ သူ့ရဲ့လက်ကောက်ဝတ်မှာ ချိန်းကြိုးနဲ့ ချည်ထားလေ့ ရှိပါတယ်။

Destiny ကတော့ အမြင်အာရုံ ချို့ယွင်းသူ ဖြစ်ပေမယ့်လည်း အဲဒီစာအုပ်ကိုတော့ သူတစ်ယောက်တည်းကသာ ဖတ်ရှုနိုင်ပါတယ်။ သူဟာ အပြင်မှာ တကယ်မဖြစ်လာသေးတဲ့ အဖြစ်အပျက်တွေကိုလည်း မကြာခဏ စကားလုံးတွေ၊ ပုံရိပ်တွေအနေနဲ့ မြင်ရလေ့ ရှိပါတယ်။ ဒါ့အပြင် သူဟာ Endless အားလုံးထဲမှာ စိတ်ခံစားချက် မရှိဆုံးသူလို့တောင် ပြောလို့ရပါတယ်။

(7) Death ဟာ နှစ်တစ်ရာမှာ တစ်ခါ လူသားအသွင် ပြောင်းလဲလေ့ ရှိပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာရော၊ ကောမစ်ထဲမှာပါ Death ဟာ လူသားတွေနဲ့ အကျွမ်းတဝင်ရှိပြီး ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကောင် ဖြစ်ပါတယ်။ The High Cost of Living ဆိုတဲ့ ကောမစ် Spin-Off ထဲမှာတော့ Death ဟာ နှစ်တစ်ရာမှာ တစ်ခါ လူသားအသွင် ပြောင်းလဲပြီး လူသားတွေနဲ့ ရင်းရင်းနှီးနှီး နေထိုင်လေ့ ရှိပါတယ်။

အဲဒီ Spin-Off ထဲမှာတော့ Death ရဲ့ လူသားပုံစံကို Didi လို့ ခေါ်ဆိုခဲ့ပြီး တက်ကြွကာ အကောင်းမြင်တတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ လူသားအနေနဲ့ နေထိုင်ရတာဟာ အချိန်အကန့်အသတ် ရှိတာကြောင့် ကမ္ဘာပေါ်မှာ ရှိနေတုန်း ပါတီတက်ရတာ၊ ပန်းသီးစားရတာကအစ ပျော်စရာကောင်းတယ်လို့ ယူဆထားပါတယ်။

(8) Endless တွေမှာလည်း စည်းမျဉ်းတွေ ရှိပါတယ်။

photo via screenrant

Endless တွေကတော့ အလွန်စွမ်းအားကြီးတဲ့ Entity တွေ ဖြစ်ကြပေမယ့် သူတို့မှာလည်း လိုက်နာရတဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီစည်းမျဉ်းတွေကိုတော့ ဘယ်သူတွေက ချမှတ်ထားတယ်ဆိုတာ မရှင်းပြထားပါဘူး။ ဒီစည်းမျဉ်းတွေထဲက တစ်ခုကတော့ မိသားစုအချင်းချင်း မသတ်ဖြတ်ရတဲ့ စည်းမျဉ်းလည်း ပါဝင်ပြီး Dream ကတော့ ဒီစည်းမျဉ်းကို ချိူးဖောက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ The Three ဟာ Dream ကို အမဲလိုက်ပါတော့တယ်။

(9) Endless တွေရဲ့ မိဘနှစ်ပါး

photo via screenrant

Endless တွေဟာ သူတို့အချင်းချင်း ညီအစ်ကို၊ မောင်နှမတွေလို့ သတ်မှတ်ထားကြပြီး သူတို့တွေမှာ မိဘနှစ်ယောက်လည်း ရှိပါတယ်။ Endless တွေဟာ အလွန်စွမ်းအားကြီးတဲ့ Entity တွေ ဖြစ်တာကြောင့် သူတို့ရဲ့မိဘတွေဆိုရင် ပိုပြီးတော့တောင် စွမ်းအားကြီးကြပါတယ်။ အဲဒီမိဘနှစ်ယောက်ကတော့ Night နဲ့ Time ပဲ ဖြစ်ပါတယ်။ Overture ကောမစ်ထဲမှာတော့ သူတို့ရဲ့အဖေဖြစ်တဲ့ Time ဟာ သူ့ရဲ့စွမ်းအားအများစုကို Destiny ဆီကို ပေးအပ်ခဲ့ပါတယ်။ Night ကတော့ ပိုပြီးအန္တရာယ်များတဲ့အပြင် ခန့်မှန်းရလည်း ခက်ပါတယ်။ ဒါကြောင့်ပဲ တစ်ခါမှာတော့ Dream ဟာ သူမရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တဲ့အတွက် ဒေါသထွက်ပြီး Dream ကို Blackhole ထဲမှာ ပစ်ထားခဲ့ဖူးပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular