HomeCelebs Update NewsInternationalHarry Potter ရိုက်ကူးစဉ်က Alan Rickman နဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ Timothy Spall

Harry Potter ရိုက်ကူးစဉ်က Alan Rickman နဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ Timothy Spall

Harry Potter သရုပ်ဆောင် Timothy Spall ကတော့ တွဲဖက်သရုပ်ဆောင် ဖြစ်ခဲ့ပြီး ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသားကြီး Alan Rickman နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြောပြလာပြီး မင်းသားကြီးဟာ တကယ် ချီးမွမ်းဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်ကြောင်း ပြောထားပါတယ်။

စာရေးဆရာမ J.K. Rowling ရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ Harry Potter ဇာတ်လမ်းထဲမှာတော့ ပရိသတ်တွေ ချစ်ခင်နှစ်သက်ကြတဲ့ ကာရိုက်တာပေါင်းများစွာ ပါဝင်ပါတယ်။ မင်းသားကြီး Alan Rickman သရုပ်ဆောင်ထားတဲ့ ပရော်ဖက်ဆာ Severus Snape ကတော့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်သလို ပရိသတ်တွေ အသည်းစွဲ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကောင်လည်း ဖြစ်ပါတယ်။

Photo via IMDb

ရှေ့ပိုင်းဇာတ်ကားတွေထဲမှာတော့ ပရော်ဖက်ဆာ Snape ဟာ အေးတိအေးစက်နိုင်ပြီး မုန်းစရာကောင်းတဲ့ လူတစ်ယောက်အဖြစ် ပုံဖော်ခဲ့ပေမယ့် နောက်ပိုင်းကျမှသာ Hogwarts ကျောင်းအုပ်ကြီး Albus Dumbledore နဲ့ လျှို့ဝှက်အော်ပရေးရှင်းတစ်ခု ပြုလုပ်နေခဲ့မှန်း ပရိသတ်တွေ သိခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ရှုပ်ထွေးတဲ့ ဇာတ်ကောင်စရိုက်ကိုတော့ မင်းသားကြီး Alan Rickman ဟာ ပြစ်ချက်မရှိအောင် သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေဟာလည်း မင်းသားကြီးကို အသည်းစွဲ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

မင်းသားကြီး Alan Rickman ဟာ ဗီလိန်ဇာတ်ရုပ်ပေါင်းများစွာမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာနဲ့ပဲ ၂၀၁၆ ခုနှစ်မှာ ရုတ်တရက် ကွယ်လွန်သွားချိန်မှာတော့ အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး ပရိသတ်တွေအတွက်လည်း နာကျင်စရာ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

မင်းသားကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုတော့ Harry Potter ဇာတ်ကားထဲမှာ Peter Pettigrew အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Timothy Spall က ပြောပြလာတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Looper နဲ့ အင်တာဗျူးမှာ ပြောပြထားတာပါ။

Photo via IMDb

“အရွယ်ရှိသေးတဲ့အချိန်မှာပဲ သူ့ကို ဆုံးရှုံးလိုက်ရတဲ့ ကြေကွဲစရာ အဖြစ်အပျက်ပြီးရင် Alan နဲ့ ပတ်သက်လို့ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ သူဟာ တကယ့် ထူးဆန်းပေ့၊ ကြောက်ဖို့ကောင်းပေ့ ဆိုတဲ့ ဇာတ်ကောင်များစွာမှာ သရုပ်ဆောင်ခဲ့ပြီး အဲဒီအပိုင်းမှာလည်း သူဟာ အတော်လေး ပိုင်နိုင်တဲ့သူ ဖြစ်ပါတယ် … ”

“သူ့ရဲ့ ပင်ကိုစရိုက်ကကျတော့ သူ သရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေနဲ့ လုံးဝမတူဘူး။ သူဟာ အရမ်းနွေးထွေးတဲ့သူ။ သူတစ်ပါးအပေါ် တကယ် စိတ်ကောင်းရှိ၊ ကြင်နာတတ်တဲ့သူဗျ။ Harry Potter ရိုက်နေတုန်းကဆိုရင်လည်း သူ့အခန်းမပါတဲ့ နေ့တွေမှာတောင် ရိုက်ကွင်းကို မလာတဲ့နေ့ မရှိဘူး။ ကလေးတစ်အုပ်နဲ့ ရိုက်ကွင်းကို အမြဲလာတတ်တယ်ဗျ။ ကျွန်တော် ရိုက်ကွင်းကို လာလို့ရမလားဆိုပြီး အမြဲတမ်း ဖုန်းလှမ်းလှမ်း ဆက်တတ်တယ်လေ။ ပြီးရင် သူ့မိတ်ဆွေတွေရဲ့ ကလေးတွေကို ရိုက်ကွင်းကို ခေါ်လာပြီး လိုက်ပြတတ်တယ် …”

Photo Credit: Warner Bros. Studios

“တစ်ခါတုန်းကဆိုရင် သူက ကျွန်တော့်ယောက္ခမနဲ့၊ ကျွန်တော့်အမျိုးသမီးကိုတောင် လာတွေ့ပေးသေးတယ်ဗျ။ သူက ပုံမှန်ဆိုရင် ကျွန်တော်ကလွဲပြီး တခြားဘယ်သူနဲ့မှ အဲဒီလို တွေ့ဆုံလေ့ မရှိဘူးလေ။ ပြီးတော့ ကျွန်တော့်ယောက္ခမကြီးကိုလည်း တကယ် ကောင်းကောင်းမွန်မွန်၊ နွေးနွေးထွေးထွေး ဆက်ဆံပေးတယ်ဗျ … ”

“သူက တကယ် နှစ်လိုဖွယ်ရာကောင်းတဲ့ လူတစ်ယောက်ပါ။ ဟာသဉာဏ်လည်း ရွှင်သလို ဉာဏ်လည်း အရမ်းကောင်းတာဗျ။ ပျော်ပျော်နေတတ်တဲ့သူပါ။ ပြီးတော့ သိပ်ကို ထက်မြက်တဲ့ လူပေါ့ဗျာ။ သူ့ခေတ်သူ့အခါမှာတော့ တကယ့်ကို အကောင်းဆုံး သရုပ်ဆောင်တစ်ယောက်ပါပဲ။ ကျွန်တော်တို့ကတော့ သူနဲ့အတူ အလုပ်လုပ်ခဲ့ရလို့ အခွင့်ထူးတစ်ခု ရရှိခဲ့သလို သူ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက်လည်း ကြေကွဲဝမ်းနည်းရပါတယ်။ သူနဲ့အတူ အလုပ်တွဲလုပ်ခဲ့ရတာဟာ တကယ် ကောင်းမွန်ခဲ့ပါတယ် … ” လို့ မင်းသားကြီး Timothy Spall က ပြောပြထားတာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular