HomeEntertainmentFilmTitanic ရဲ့တကယ့်ဖြစ်ရပ်မှာ အောက်ခြေလူတန်းစားတွေဟာ တကယ်ပဲ ခွဲခြားဆက်ဆံခံခဲ့ရတာလား?

Titanic ရဲ့တကယ့်ဖြစ်ရပ်မှာ အောက်ခြေလူတန်းစားတွေဟာ တကယ်ပဲ ခွဲခြားဆက်ဆံခံခဲ့ရတာလား?

ဒါရိုက်တာ James Cameron ရိုက်ကူးခဲ့တဲ့ Titanic ရုပ်ရှင်ကတော့ မသိသူ မရှိလောက်အောင် အောင်မြင်ခဲ့ပြီး အော်စကာ(၁၁)ဆုတောင် ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၁၂ ခုနှစ်မှာ Titanic သင်္ဘောကြီး နစ်မြုပ်သွားတဲ့ တကယ့်ဖြစ်ရပ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Titanic ရုပ်ရှင်ကတော့ ဒီအဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားပေမယ့်လည်း ဇာတ်လမ်း သဘောသဘာဝအရ ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Jack နဲ့ Rose တို့ဟာ သင်္ဘောကြီး နစ်မြုပ်နေချိန်မှာ လုံခြုံမယ့်နေရာကို သွားနေရင်း Jack ရဲ့ သူငယ်ချင်းဖြစ်တဲ့ Fabrizio နဲ့ Tommy တို့အပါအဝင် အသက်ကယ်လှေဆီကို သွားနေကြတဲ့ အောက်ခြေလူတန်းစားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေကို သင်္ဘောကုန်းပတ်ပေါ် အတက်မခံဘဲ တံခါးတွေ ပိတ်ထားတာကြောင့် Jack နဲ့ Fabrizio တို့ဟာ အဲဒီတံခါးကို ဖျက်ဆီးပြီး ကိုယ့်အသက်ကိုယ်ကယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်မှာတော့ အောက်ခြေလူတန်းစားတွေကို အဲဒီလိုတံခါးပိတ်ထားတာမျိူး မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အထက်တန်းလွှာနဲ့ အောက်ခြေလူတန်းစားတွေကို ခွဲခြားဆက်ဆံထားပြီး သင်္ဘောပေါ်မှာတောင် သွားချင်တဲ့ နေရာကို သွားခွင့်မပြုထားတာကို တွေ့ရပါတယ်။ အဲဒီအချိန်တုန်းကတော့ အမေရိကန်ရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဥပဒေအရ ရောဂါတွေ မပြန့်ပွားအောင် ဒီရုပ်ရှင်ထဲကလိုမျိူး တံခါးတွေတော့ ထားရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ အောက်ခြေလူတန်းစားတွေဟာ အသက်ကယ်လှေဆီ ရောက်အောင် တိုက်ရိုက် မသွားနိုင်ပေမယ့်လည်း ရုပ်ရှင်ထဲကလိုမျိူးတော့ တံခါးပိတ်ထားမျိူး မရှိခဲ့ဘူးလို့ သိရပါတယ်။

photo via screenrant

တကယ့် အဖြစ်အပျက်ထဲမှာတော့ အောက်ခြေလူတန်းစားတွေကို အသက်ကယ်အင်္ကျီတွေဝတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပြီး အများစုကတော့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ Titanic သင်္ဘောကြီး မြုပ်သွားအပြီးမှာတော့ အသက်ရှင်ကျန်ခဲ့တဲ့ အောက်ခြေလူတန်းစား သုံးယောက်ကို ဒီလိုမျိူး ခွဲခြားဆက်ဆံမှုတွေ ရှိမရှိ မေးမြန်းခဲ့ကြပါတယ်။ အဲဒီအခါမှာတော့ ဒီလိုခွဲခြားဆက်ဆံတဲ့ အပြုအမူတွေ မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ကြပြီး အဲဒါနဲ့ပတ်သက်တဲ့ သက်သေတွေလည်း မတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။ ရုပ်ရှင်ထဲမှာတော့ ပရိသတ်တွေကို ပိုမိုဝမ်းနည်းစေဖို့အတွက်နဲ့ ဇာတ်လမ်းသဘောတရားအရ ဒီလိုမျိူး ပြောင်းလဲဖန်တီးထားတာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular