HomeCelebs Update NewsInternationalမင်းသား Tom Cruise ရဲ့ ဒေါသကြီးပုံအကြောင်း ရင်ဖွင့်လာတဲ့ မန်နေဂျာဟောင်း 

မင်းသား Tom Cruise ရဲ့ ဒေါသကြီးပုံအကြောင်း ရင်ဖွင့်လာတဲ့ မန်နေဂျာဟောင်း 

နာမည်ကျော်မင်းသား Tom Cruise ဟာ ဒေါသကြီးသူတစ်ယောက် ဖြစ်ပြီး သူ ပေါက်ကွဲလာတဲ့အခါ ကြောက်ဖို့ကောင်းတဲ့အကြောင်း မင်းသားရဲ့ မန်နေဂျာဟောင်းတစ်ယောက်က ပြောပြလာပါတယ်။

Tom Cruise ဟာ ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားတစ်လက် ဖြစ်ပြီး နှစ်ပေါင်း(၂၆)နှစ် ကြာမြင့်သည်တိုင် နာမည်ရနေဆဲဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ မင်းသားဟာ ဆယ်စုနှစ်တွေတိုင်အောင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပေမယ့်လည်း တခါတရံမှာ ဆက်ဆံရေး ပြေပြစ်မှု မရှိဘဲ ရိုက်ကွင်းပေါ်မှာလည်း ချုပ်ကိုင်မှုတွေ ရှိတယ်လို့ နာမည်ကျော်သူ ဖြစ်ပါတယ်။

Photo via IMDb

Tom Cruise ရဲ့ မန်နေဂျာဟောင်းတစ်ယောက် ဖြစ်တဲ့ Eileen Berlin ကတော့ မကြာသေးခင်ကပဲ Daily Mail သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး မင်းသားရဲ့ ဒေါသကြီးတတ်တဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

Eileen Berlin ကတော့ Tom Cruise ရဲ့ ပထမဆုံးမန်နေဂျာ ဖြစ်ပြီး မင်းသားရဲ့ သရုပ်ဆောင်ဘဝ အစောပိုင်းကနေ Top Gun ရုပ်ရှင်အထိ လက်တွဲ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် မင်းသားက လော့စ်အိန်ဂျလိစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး Eileen ကတော့ နယူးယော့ခ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လမ်းခွဲခဲ့ကြရတာ ဖြစ်ပါတယ်။

Photo via IMDb

Tom Cruise ရဲ့ ဒေါသကြီးပုံအကြောင်း ပြောပြရာမှာတော့ မင်းသားဟာ ဆယ်ကျော်သက်အရွယ်မှာတည်းက သူ့ကို တကယ့် ဝါရင့်မင်းသားတစ်လက်လို ဆက်ဆံတာ လိုချင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ သူ့အသက်(၁၉)နှစ်အရွယ်မှာ ရိုက်ကူးခဲ့တဲ့ ဆယ်ကျော်သက်မဂ္ဂဇင်းတွေက ဓာတ်ပုံတွေကို မန်နေဂျာရဲ့ မျက်နှာဆီ ပစ်ပေါက်ပြီး သူလိုချင်တာ ဒီလို ဆယ်ကျော်သက်အရွယ် မင်းသားတစ်လက်ပုံစံ မဟုတ်ဘူးလို့ အော်ငေါက် ဆူပူခဲ့တယ်လို့ ဆိုပါတယ်။

“Tommy က တကယ် ဒေါသကြီးပါတယ်။ သူ့စိတ်ထဲမှာ သူ့အဖေအပေါ် မကျေနပ်တဲ့ ဒေါသတွေက အများကြီး ကိန်းအောင်းနေတာပါ။ အဲဒီတော့ သူက စိတ်ခံစားချက် အပြောင်းအလဲ လွယ်ပါတယ်။ လက်ဖျောက်တစ်ချက်လေး အတွင်းမှာပဲ ရုတ်တရက် ဒေါသထွက်တတ်ပါတယ်။ ပြောရရင် သူ့ရင်ထဲမှာ မီးတောက်တစ်ခုလို အမြဲတမ်း တမြည့်မြည့် လောင်ကျွမ်းနေပြီး အဲဒါက ဆူပွက်လာတာနဲ့ ပေါက်ကွဲတတ်တဲ့သဘောပါပဲ။ ကျွန်မကတော့ သူ ဒီလိုဖြစ်နေတာ သူ့ရဲ့ အငုံ့စိတ်ကြောင့်လို့ ထင်ပါတယ် … ”

Photo: tomcruiseofficciall/ Instagram

“ဖြစ်ချင်တော့ သူ့ရဲ့ (၁၉)နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ဆယ်ကျော်သက်မဂ္ဂဇင်းတွေမှာ သူ ရိုက်ကူးပေးခဲ့ရတဲ့ ဓာတ်ပုံတွေနဲ့ ဆောင်းပါးတွေကို စုစည်းပြီး အယ်လ်ဘမ်လေး လုပ်ပြီးတော့ ကျွန်မက မွေးနေ့လက်ဆောင် ပေးခဲ့ဖူးပါတယ် … ”

“အဲဒီမှာ သူက … ငါ ဆယ်ကျော်သက် မဂ္ဂဇင်းတွေထဲမှာ မပါချင်ဘူးလို့ ကျွန်မကို ထအော်ပါတယ်။ သူ့ကိုယ်သူ အရွယ်ရောက်ပြီးသူ တစ်ယောက်လို ခံယူထားတာကြောင့် ဆယ်ကျော်သက်တွေရဲ့ Idol ဖြစ်ရတာ မကြိုက်ဘူးလို့လည်း ကျွန်မကို ပြောပါတယ်။ ပြီးတော့ အဲဒီအယ်လ်ဘမ်နဲ့ ကျွန်မကို ပစ်ပေါက်လိုက်တာ ကျွန်မရဲ့ မျက်နှာကို တန်းထိသွားတော့တာပါပဲ  … ” လို့ Eileen Berlin က ပြောပြထားပါတယ်။

Photo: tomcruise/ Instagram

တကယ်တော့ Tom Cruise ရဲ့ ဒေါသနဲ့ ပတ်သက်ပြီး သတင်းခေါင်းကြီးပိုင်း ရောက်ခဲ့ရတာ ဒါက ပထမဆုံး မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်တုန်းကလည်း Mission: Impossible 7 ရဲ့ ရိုက်ကွင်းမှာ ကိုဗစ်ရောဂါအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အဖွဲ့သားတွေက ပေါ့လျော့ကြလို့ အဖွဲ့သားတွေကို အော်ငေါက်နေတဲ့ မင်းသားရဲ့ အသံဖိုင်တစ်ခု ထွက်လာခဲ့ပါသေးတယ်။

သို့သော်လည်း ဒေါသကြီးတာ၊ အော်ငေါက်၊ ဆူဆဲတာတွေဟာ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်လောကမှာတော့ အသစ်အဆန်း မဟုတ်ပါဘူး။ Tom Cruise နဲ့ အလုပ်တွဲလုပ်နေတဲ့ Paramount Pictures အတွက်ဆိုရင် Mission: Impossible franchise ဟာ စတူဒီယိုအတွက် တန်ဖိုးကြီးတဲ့အရာတစ်ခု ဖြစ်နေပါသေးတယ်။ ဒါကြောင့်လည်း စတူဒီယိုတွေဟာ မင်းသားရဲ့ စိတ်ကျေနပ်ဖို့ တချို့အရာတွေကို လိုက်လျောပေးရတာတွေလည်း ရှိပါတယ်။

မကြာသေးခင်ကလည်း Paramount Pictures ဟာ Mission: Impossible 7 ကို ရုံတင်ပြီး (၄၅)ရက်အကြာမှာ Paramount+ မှာ streaming ပြသဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။ သို့သော်လည်း Tom Cruise ကတော့ ဒါဟာ ရုံတင်ဝင်ငွေကို ထိခိုက်စေနိုင်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို သဘောမကျခဲ့လို့ streaming ပြသမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular