HomeCelebs Update NewsInternationalကလေးအရွယ်တည်းက စတန့်စကေးလ်တွေကို လေ့ကျင့်ခဲ့တယ်ဆိုတဲ့ Tom Cruise

ကလေးအရွယ်တည်းက စတန့်စကေးလ်တွေကို လေ့ကျင့်ခဲ့တယ်ဆိုတဲ့ Tom Cruise

မင်းသားကြီး Tom Cruise ကတော့ ငယ်ရွယ်စဉ် ကလေးဘဝတည်းက စတန့်သမားတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝစေဖို့ မိမိဘာသာ လေ့ကျင့် သင်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ကျင်းပခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်က Top Gun: Maverick အထူးပွဲမှာ မင်းသားကြီးက ပြောပြသွားတာ ဖြစ်ပါတယ်။ ကလေးအရွယ်တည်းက လေထီးခုန်တာလိုမျိုးတွေကို စိတ်ဝင်စားခဲ့ပြီး အိမ်က အိပ်ရာခင်းတွေနဲ့ ခေါင်မိုးပေါ်က ခုန်ချတာမျိုးတွေ လုပ်ခဲ့ဖူးတယ်လို့ မင်းသားကြီးက ပြောပြထားပါတယ်။

“ကျွန်တော့်အသက် လေးနှစ်ခွဲလောက်တုန်းက ထင်တယ်။ ကျွန်တော့်မှာ အရုပ်တစ်ခု ရှိတယ်။ အဲဒီအရုပ်ကို လေထီးတပ်ပေးပြီး လေပေါ်ကို မြှောက်မြှောက်ပြီး ဆော့တာလေ။ အဲဒီအရုပ်လေးကို သစ်ပင်ပေါ်ကနေလည်း ပစ်ချဖူးတယ်။ အရုပ်က အဲဒီလိုလေထီးနဲ့ ဆင်းလာတဲ့ပုံစံလေးကို သိပ်သဘောကျခဲ့တာ။ ပြီးတော့ ငါလည်း ဒီလိုလုပ်ချင်တယ်ဆိုတဲ့အတွေး ပေါ်လာရော …”

Photo: tomcruisearmy/ Instagram

“အဲဒါနဲ့ မှတ်မိသေးတယ်။ ကျွန်တော့်အိပ်ရာခင်းစကြီးကို ကိုယ်ပေါ်မှာ ချည်ပြီးတော့ အိမ်ခေါင်မိုးပေါ်ကို တက်တာ။ အမေ့ကိုကြည့်တော့ အမေက မီးဖိုခန်းထဲမှာ။ အမေက ကလေးလေးယောက် ရှိတယ်လေ။ ကျွန်တော့်တစ်ယောက်တည်းကို မကြည့်အားဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ခေါင်မိုးပေါ်ကနေ ခုန်ချလိုက်တာပဲ …”

“ခေါင်မိုးပေါ်က ခုန်ချလိုက်ပြီးတာနဲ့ စိတ်ထဲမှာတန်းပြီး တွေးမိတာ။ ဒါကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ကြောက်စရာကြီး။ ငါတော့ သေတော့မယ်ပေါ့။ အဲဒီမှာ မြေကြီးပေါ်ကျတော့လည်း တော်တော်လေး အရှိန်ပြင်းတယ်ဗျ။ ဒါပေမယ့် ကံကောင်းချင်တော့ မြေကြီးက စိုပြီး ပျော့နေတယ်။ ဘယ်လိုဖြစ်သွားတယ်တော့ သေချာမမှတ်မိတော့ဘူး …”

Photo: tomcruisearmy/ Instagram

“ကျွန်တော် မှတ်မိတာတော့ အဲဒီမှာ ပထမဆုံးအကြိမ် နေ့ခင်းဘက်ကြီးကို ကြယ်တွေ၊ လတွေ မြင်သွားတာပဲ။ အဲဒီအချိန်မှာကို အပေါ်ကို မော့ကြည့်ရင်း တွေးမိနေသေးတာ။ ဟာ … ဒါ စိတ်ဝင်စားဖို့ကောင်းပါလား ဆိုပြီးတော့လေ။ ပြီးတော့မှ သတိရတယ်။ အိပ်ရာခင်းတွေတော့ ညစ်ပတ်ကုန်ပြီ။ အမေတော့ ငါ့ကို သတ်တော့မယ်ဆိုပြီးတော့ပေါ့ …” လို့ မင်းသားကြီးက သူငယ်စဉ်က စတန့်ပြကွက်လုပ်ဖို့ ကြိုးစားခဲ့ပုံကို ပြောပြထားပါတယ်။

ဒီလိုနဲ့ အချိန်ကာလတွေ ကြာမြင့်လာတာနဲ့အမျှ သူ့ရဲ့စတန့်စွမ်းရည်ဟာလည်း ပိုပြီးတိုးတက်လာတဲ့အကြောင်း မင်းသားကြီးက ပြောထားပါသေးတယ်။

Photo: tomcruisearmy/ Instagram

“အခုဆိုရင်တော့ ကျွန်တော်က ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ ရောက်နေပြီပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်က ငယ်ငယ်တည်းက အိမ်ခေါင်မိုးပေါ်တွေ၊ သစ်ပင်အမြင့်ကြီးပေါ်တွေကို တက်နေတဲ့ ကလေးတစ်ယောက်ပေါ့။ ကျွန်တော်ကိုက အဲဒါတွေကို လုပ်ချင်ခဲ့တာ။ ဒီစကေးလ်တွေကို ငါဘယ်လို တိုးတက်လာအောင် လုပ်ရမလည်းလို့ အမြဲစဉ်းစားခဲ့တာ။ ပြီးတော့ အဲဒီစကေးလ်ကိုမှ ကာရိုက်တာတစ်ခု၊ ဇာတ်လမ်းတစ်ခုထဲမှာ ဘယ်လို သွတ်သွင်းရမလည်းဆိုတာရောပေါ့ … ”

“ကျွန်တော်က ရုပ်ရှင်မရိုက်တဲ့ အချိန်တွေမှာတောင် ရုပ်ရှင်တွေကို အမြဲတမ်း လေ့လာနေခဲ့တာပါ။ ပြီးတော့ စကေးလ်အမျိုးမျိုး တတ်ကျွမ်းထားအောင်လည်း ကိုယ့်ကိုယ်ကို တွန်းအားပေးနေခဲ့တာ။ တစ်နေ့ကျရင် ရုပ်ရှင်တစ်ခုထဲမှာ ဒီဟာကို ထည့်မယ်ဆိုတာမျိုးပေါ့။ အဲဒါကြောင့် ကျွန်တော် အကသင်တယ်။ အဆိုလည်း သင်တယ် …” လို့ ဆိုထားပြီး ရုပ်ရှင်အတွက် လိုအပ်တဲ့ စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေကို ဝမ်းစာဖြည့်ကျင့်ခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular