HomeEntertainmentFilmMaverick ဟာ Top Gun 2 ရုပ်ရှင်ရဲ့အစမှာတည်းက သေသွားပါပြီဆိုတဲ့ Fan Theory

Maverick ဟာ Top Gun 2 ရုပ်ရှင်ရဲ့အစမှာတည်းက သေသွားပါပြီဆိုတဲ့ Fan Theory

*** SPOILER ALERT ***

Top Gun: Maverick ရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Maverick ဟာ အတိတ်ကလုပ်ခဲ့တဲ့ အမှားအချို့ကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး Rooster နဲ့လည်း ပြန်လည်သင့်မြတ်သွားပါတယ်။ ဒါ့အပြင် အလွန်အန္တရာယ်များတဲ့ မစ်ရှင်ကနေလည်း အန္တရာယ်ကင်းစွာ ပြန်ရောက်လာပြီး Penny နဲ့ အချစ်ဇာတ်လမ်းကိုလည်း ဆက်လက်ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Maverick ဟာ Happy Ending ကို ရရှိခဲ့ပါတယ်။ သို့သော်လည်း ပရိသတ်အချို့ကတော့ ဒါဟာ အိပ်မက်ဆန်လွန်းနေတယ်လို့ ယူဆကြတာကြောင့် သီအိုရီတစ်ခု ဖြစ်ပေါ်လာပါတယ်။

ဒီသီအိုရီကတော့ Maverick ဟာ Top Gun 2 အစမှာကတည်းက သေဆုံးသွားပြီ ဖြစ်ပြီး နောက်ပိုင်းက ဇာတ်ဝင်ခန်းတွေ အားလုံးကတော့ Maverick မသေဆုံးခင်အချိန်လေးမှာ စိတ်ကူးယဉ်ခဲ့တဲ့ အိပ်မက်တစ်ခုလို့ ဆိုပါတယ်။ ဇာတ်လမ်းအစမှာတော့ Maverick ဟာ လေယာဉ်တစ်စီးနဲ့ Mach 10 Speed အထိရောက်အောင် မောင်းနိုင်ကြောင်း သက်သေပြဖို့ စွန့်စားခဲ့တာကို တွေ့ရပါတယ်။

photo credit Paramount Pictures

ဒါ့အပြင် လေယာဉ်ရဲ့အရှိန်ဟာ Mach 10 ကို ရောက်သွားတဲ့ အချိန်မှာတောင် Maverick ဟာ အရှိန်ကိုထပ်တင်ခဲ့ပြီး နောက်ဆုံးမှာတော့ လေယာဉ်က ထိန်းမရတော့တာကြောင့် အရေးပေါ် Eject လုပ်ခဲ့ရပါတယ်။ ဒီနေရာမှာ အံ့ဩစရာကောင်းတာကတော့ Maverick ဟာ ဒီအဖြစ်အပျက်ကနေ ခြစ်ရာလေးတစ်ခုတောင် မရှိဘဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Mach 10 Speed ဟာ တစ်နာရီကို မိုင်ပေါင်း(၇၀၀၀) အမြန်နှုန်း ရှိပါတယ်။ လက်ရှိမှာတော့ ကမ္ဘာပေါ်က အမြန်ဆုံးပြိုင်ကားတွေတောင် တစ်နာရီကို မိုင်ပေါင်း(၄၀၀)ကျော်သာ အမြန်နှုန်း ရှိကြပါတယ်။ ဒါ့အပြင် Mach 10 Speed နဲ့ သွားနေတဲ့ လေယာဉ်ကနေ အရေးပေါ် Eject လုပ်မယ်ဆိုရင်တောင် လေဖိအား၊ အရှိန်နဲ့ ပွတ်တိုက်မှုတွေကြောင့် ပိုင်းလော့ရဲ့ခန္ဓာကိုယ်ဟာ အစိတ်စိတ် အမွှာအမွှာ ဖြစ်သွားမှာပါ။

ဒီအချက်တွေကြောင့်ပဲ ယခုလိုသီအိုရီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Top Gun 2 ရဲ့အစမှာတင် Maverick ဟာ သေဆုံးသွားခဲ့ပြီလို့ ဒီသီအိုရီက ပြောတာပါ။ သူဟာ မသေဆုံးခင် အချိန်ပိုင်းလေးအတွင်းမှာပဲ သူလုပ်ခဲ့ဖူးတဲ့အမှားတွေကို ပြန်လည်ပြင်ဆင်ပြီး ပျော်စရာဘဝလေးတစ်ခုနဲ့ ရှင်သန်ခဲ့တယ်လို့သာ စိတ်ကူးယဉ်ခဲ့တာပါလို့ ဒီသီအိုရီက ဆိုပါတယ်။

photo credit Paramount Pictures

ဒါ့အပြင် Top Gun 2 ရဲ့ ရိုက်ကူးထားပုံကလည်း အိပ်မက်ဆန်လွန်းနေတယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ထဲက အန္တရာယ်များလွန်းတဲ့မစ်ရှင်ကို ပြုလုပ်နိုင်တဲ့ တစ်ယောက်တည်းသောသူဟာလည်း Maverick ပဲ ဖြစ်နေပြီး သူတို့ရဲ့ ရန်သူကလည်း ဘယ်သူတွေဆိုတာကို မဖော်ပြထားပါဘူး။

ဒါတင်မကသေးဘဲ ဒီရုပ်ရှင်တလျှောက်လုံးမှာ Maverick ဟာ သေချာပေါက် သေမယ်လို့ ယူဆရတဲ့ အခြေအနေတွေများစွာကို ရှင်သန်နိုင်ခဲ့ပြီး Immortal တစ်ယောက်နီးပါးလိုပဲဆိုတဲ့ အချက်ကို ဇာတ်ကောင်တွေများစွာက Mention ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီအချက်ဟာ လူတစ်ယောက်ရဲ့ မသိစိတ်ထဲက သေရမှာ ကြောက်လန့်တဲ့အချက်ကို ဖော်ပြထားတာ ဖြစ်ပြီး Maverick ဟာ သူစိတ်ကူးနေတဲ့ Happy Ending မရမချင်း သေဆုံးဖို့ကို ငြင်းဆန်နေတဲ့သဘောပဲ ဖြစ်ပါတယ်။

photo credit Paramount Pictures

ဒါ့အပြင် ဒီရုပ်ရှင်ထဲက Rooster ကလည်း ရှိသင့်တဲ့ အသက်ထက် ငယ်နေတဲ့ပုံစံ ဖြစ်နေပါတယ်။ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Top Gun ထဲမှာတော့ Rooster ရဲ့အသက်ဟာ လေးငါးနှစ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Top Gun 2 ထဲက အဖြစ်အပျက်တွေဆီကို ရောက်တဲ့အချိန်မှာတော့ Rooster ဟာ အသက်သုံးဆယ်ခန့်သာ ရှိသေးပုံပေါ်ပါတယ်။

တကယ်တော့ မူလရုပ်ရှင်ရဲ့ Timeline အရဆိုရင် Rooster ဟာ အသက်လေးဆယ်နီးပါး ရှိနေသင့်တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Maverick ဟာ Rooster ကို နောက်ဆုံးအကြိမ် သူမြင်ခဲ့တဲ့ ပုံစံအတိုင်း စိတ်ကူးယဉ်ထားတာ ဖြစ်လိမ့်မယ်လို့ ဒီသီအိုရီက ဆိုထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular