HomeCelebs Update NewsInternationalThe Planet of the Apes sequel မှာ သရုပ်ဆောင်ချင်တယ်ဆိုတဲ့ Robert Pattinson

The Planet of the Apes sequel မှာ သရုပ်ဆောင်ချင်တယ်ဆိုတဲ့ Robert Pattinson

သရုပ်ဆောင် Robert Pattinson ကတော့ သူ သရုပ်ဆောင်ချင်တဲ့ ရုပ်ရှင် franchise တွေ သိပ်များများစားစား မရှိပေမယ့် The Planet of the Apes ထဲမှာတော့ သရုပ်ဆောင်တယ်လို့ ဆိုလာပါတယ်။

Pattinson ကတော့ Twilight ကနေ Tenet အထိ မတူညီတဲ့ ရုပ်ရှင်အမျိုးအစားတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း ဒါရိုက်တာ Matt Reeves ရိုက်ကူးထားတဲ့ The Batman ရုပ်ရှင်ထဲမှာ Bruce Wayne နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကတော့ လက်ရှိ ရုံတင်နေဆဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုကိုလည်း ရရှိနေပါတယ်။

Photo: robertpattinoffical/ Instagram

မကြာသေးခင်က The Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Pattinson ဟာ The Batman ရုပ်ရှင်အတွက် ဒါရိုက်တာ Matt Reeves နဲ့ တွဲဖက် အလုပ်လုပ်ဖို့ ဘာကြောင့် လက်ခံခဲ့တာလည်းလို့ မေးမြန်းခံခဲ့ရပါတယ်။ Pattinson ကတော့ Matt Reeves ရိုက်ကူးထားတဲ့ The Planet of the Apes ဇာတ်ကားတွေကို ကြိုက်နှစ်သက်တာကြောင့်လည်း ဒီဇာတ်ကားကို လက်ခံဖြစ်တာလို့ ဖြေဆိုထားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ပါဝင်သရုပ်ဆောင်ချင်စိတ် ဖြစ်မိတဲ့ franchise သုံးခုသာ ရှိတယ်လို့ ဆိုပြီး အဲဒီထဲမှာ The Planet of the Apes က တစ်ခုအပါအဝင်ပဲလို့ ပြောထားပါတယ်။

“အဲဒီ Apes ရုပ်ရှင်တွေကို ကျွန်တော် ကြိုက်တယ်။ ကျွန်တော် သရုပ်ဆောင်ချင်တဲ့ ရုပ်ရှင်ဆိုရင် နှစ်ကား၊ သုံးကားလောက်ပဲ ရှိလိမ့်မယ်။ the Apes ရုပ်ရှင်တွေရယ်၊ Sicario ရယ်၊ Dune ရယ်ပေါ့။ Apes ရုပ်ရှင်နှစ်ကားစလုံးကို ကျွန်‌တော် ရုံမှာ သွားကြည့်ခဲ့တာ။ အဲဒီမှာ ကျွန်တော် တွေးမိတာ mo-cap နဲ့ သူလုပ်သွားတာ တကယ် အံ့ဩစရာပဲဗျ။ သူ အဲဒါကို မျောက်မျက်နှာနဲ့တောင် လုပ်နိုင်ရင် ကျွန်တော်နဲ့လည်း လုပ်နိုင်မှာ အသေအချာပဲလေ …” လို့ Pattinson က ပြောထားပါတယ်။

Photo Credit: 20th Century Studios

(mo-cap ဆိုတာကတော့ motion capture ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ အဲဒါကတော့ လူရဲ့ခန္ဓာကိုယ်မှာ အာရုံခံကိရိယာတွေ တပ်ဆင်ပြီး သတ်မှတ်ထားတဲ့ တိရစ္ဆာန်၊ ဒါမှမဟုတ် သတ္တဝါအဖြစ် လှုပ်ရှားကာ သရုပ်ဆောင်ထားတာကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြန်လည် တည်းဖြတ်ပြီး ပုံဖော်ရတဲ့ ရိုက်ကူးရေး နည်းပညာတစ်မျိုး ဖြစ်ပါတယ်။)

ကံကောင်းစွာနဲ့ပဲ Pattinson အတွက် ဒီအခွင့်အရေးဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနိုင်ပါတယ်။ အကြောင်းကတော့ မကြာသေးခင်ကပဲ 20th Century Studios ရဲ့ ဥက္ကဌ Steve Asbell ဟာ လေးကားမြောက် Planet of the Apes ရုပ်ရှင်ကို ပြင်ဆင်နေတယ်လို့ ပြောထားတာကြောင့်ပါပဲ။ ဒီဇာတ်ကားကိုတော့ ယခုနှစ် နှောင်းပိုင်းမှာ ရိုက်ကူးရေး စတင်ဖို့ လျာထားပါတယ်။

Photo Credit: 20th Century Studios

ဒီတစ်ခေါက် ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Matt Reeves က ရိုက်ကူးမှာ မဟုတ်ဘဲ Wes Ball က ရိုက်ကူးသွားဖို့ ဆွေးနွေးထားပါတယ်။ ဒါကြောင့် Pattinson အနေနဲ့ Matt Reeves နဲ့တော့ အတူတွဲလုပ်ရမှာ မဟုတ်ပေမယ့် သူသာ ဆန္ဒရှိမယ်ဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိမှာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular