HomeCelebs Update NewsInternationalUS ရဲ့Abortion Rights ဖျက်သိမ်းမှုမှာ အမျိုးသမီးတွေဘက်က ရပ်တည်လာကြတဲ့ ရုပ်ရှင်စတူဒီယိုများ

US ရဲ့Abortion Rights ဖျက်သိမ်းမှုမှာ အမျိုးသမီးတွေဘက်က ရပ်တည်လာကြတဲ့ ရုပ်ရှင်စတူဒီယိုများ

အမေရိကန်ပြည်ထောင်စုမှာတော့ တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ယူအက်စ် တရားရုံးချုပ်က ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေအတွက် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ပေးထားတဲ့ Roe Vs. Wade ဥပဒေကို ဖျက်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ Roe Vs. Wade ဥပဒေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကာအကွယ်ပေးထားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပြီး ၁၉၇၃ ခုနှစ်မှာ နိုင်ငံတော် တရားရုံးချုပ်ကနေ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Roe Vs. Wade ဥပဒေကတော့ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဖျက်ချခြင်းကို “right to privacy” ခေါင်းစဉ်အောက်မှာ ကာကွယ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်ခွင့်ကို နှစ်ပေါင်းငါးဆယ်ကြာအောင် ဖက်ဒရယ်အဆင့်အနေနဲ့ တရားဝင် ပြဌာန်းပေးထားခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ပြည်နယ်အများစုကတော့ ရှေးရိုးစွဲ စည်းမျဉ်းဥပဒေတွေကို ကျင့်သုံးနေကြတာကြောင့် ကိုယ်ဝန်ဖျက်ချခွင့်ရဖို့ရာ အဆင့်ဆင့်တွေ ဆောင်ရွက်ရပြီး ငွေကုန်ကြေးကျလည်း များပြားတယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူတို့အနေနဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတာမျိုး မဖြစ်အောင် ရတဲ့နည်းနဲ့ တားဆီးနေတဲ့သဘောပဲ ဖြစ်ပါတယ်။

Photo: Instagram

အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီး‌များရဲ့ သားဆက်ခြားကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ Roe Vs. Wade ဥပဒေကို ဖျက်သိမ်းမယ့်အကြောင်းကိုတော့ ပြီးခဲ့တဲ့ မေလတည်းက သတင်းပေါက်ကြားလာတာဖြစ်ပြီး ယခုဇွန်လ(၂၄)ရက်နေ့မှာ ယူအက်စ်ရဲ့ နိုင်ငံတော်တရားရုံးချုပ်က တရားဝင် ဖျက်သိမ်းပစ်လိုက်တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ကိုယ်ဝန်ဖျက်ချခွင့်ဟာ ဖက်ဒရယ်အဆင့် ကာကွယ်မှုပေးထားတဲ့ ဥပဒေတစ်ခု မဟုတ်တော့ဘဲ ပြည်နယ်တွေအလိုက် မိမိရဲ့ပြည်နယ်မှာ ဒီအခွင့်အရေးကို တရားဝင် ဆက်လက်ပြဌာန်းမလား၊ ပိတ်ပင်မလားဆိုတာ ဆုံးဖြတ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ ခန့်မှန်းချက်များအရ ပြည်နယ်များရဲ့ ငါးဆယ်ရာခိုင်နှုန်းခန့်ဟာ ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ်ဝန်ဖျက်ချခွင့်ကို ပိတ်ပင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ လာမယ့်လတွေအတွင်းမှာတော့ ဒီကိစ္စကို ပြည်နယ်တော်တော်များများမှာ စတင်ပိတ်ပင်သွားဖို့ ရှိနိုင်တယ်လို့လည်း သိရပါတယ်။

Photo: michelleobama/ Instagram

ဒီကိစ္စနဲ့ ပတ်သက်လို့ နာမည်ကျော် အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသမီးအနုပညာရှင်များ အပါအဝင် တစ်နိုင်ငံလုံးက အမျိုးသမီးထုကြီးဟာ ဝမ်းနည်း ဒေါသထွက်နေကြသလို စိုးရိမ်မှုတွေလည်း မြင့်တက်နေကြပါတယ်။ ဒါကြောင့်ပဲ ဟောလိဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်စတူဒီယိုကြီးတွေကတော့ ချက်ချင်းဆိုသလိုပဲ အမျိုးသမီးတွေဘက်က ရပ်တည်ကြောင်း ထုတ်ပြန်လာကြပါတယ်။

အဲဒါကတော့ နာမည်ကြီး ရုပ်ရှင်စတူဒီယိုတွေမှာ လုပ်ကိုင်ကြတဲ့ အမျိုးသမီးဝန်ထမ်း၊ အရာထမ်းများအနေနဲ့ ကိုယ်ဝန်ဖျက်ချဖို့ ရှိလာခဲ့ရင် ပိတ်ပင်ထားတဲ့ ပြည်နယ်တွေကို ကျော်ဖြတ်ပြီး တရားဝင် အခွင့်အရေး ပေးထားတဲ့ ပြည်နယ်တွေဆီ သွားရောက် လုပ်ဆောင်ခွင့် ပံ့ပိုးပေးမှာပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ကုန်ကျတဲ့ ခရီးစရိတ်တွေကိုတော့ စတူဒီယိုတွေဘက်က အပြည့်အဝ ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။

အဆိုပါ ရုပ်ရှင်စတူဒီယိုတွေထဲမှာတော့ Amazon ၊ Netflix ၊ Comcast ၊ Disney ၊ Warner Bros. ၊ Discovery ၊ Sony ၊ Paramount Global အစရှိတဲ့ စတူဒီယိုကြီးတွေ ပါဝင်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular