HomeCelebs Update NewsInternationalနောက်ဆုံးရုပ်ရှင်တစ်ကားနဲ့ သရုပ်ဆောင်လောကက အနားယူတော့မယ့် မင်းသားကြီးဗန်ဒိန်း

နောက်ဆုံးရုပ်ရှင်တစ်ကားနဲ့ သရုပ်ဆောင်လောကက အနားယူတော့မယ့် မင်းသားကြီးဗန်ဒိန်း

မြန်မာပရိသတ်တွေကြားမှာ ဗန်ဒိန်းလို့ လူသိများကြတဲ့ မင်းသားကြီး Jean Claude Van Damme ဟာ နောက်ဆုံး အက်ရှင်ဇာတ်ကားတစ်ကားကို ရိုက်ကူးပြီးရင် သရုပ်ဆောင်လောကက အနားယူတော့မယ်လို့ ဆိုပါတယ်။

ဘယ်လ်ဂျီယမ်သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ မင်းသားကြီး Van Damme ဟာ ပြည်တွင်းက ကိုယ်ခံပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာပြီးနောက်မှာတော့ ၁၉၈၀ခုနှစ် အစောပိုင်းမှာပဲ သရုပ်ဆောင်လောကကို ဝင်ရောက်ဖို့ အမေရိကကို ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo via screenrant

ဒီလိုနဲ့ အချို့သော ဇာတ်ကားတွေထဲမှာ ဇာတ်ရန်နေရာက ပါဝင်သရုပ်ဆောင်ပြီးနောက်မှာတော့ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Bloodsport ရုပ်ရှင်နဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပွဲထွက်နိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့်ပဲ မင်းသားကြီးဟာ အမေရိကန်ရဲ့ အက်ရှင်ဇာတ်ကားလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိလာခဲ့ပြီး လူတိုင်းက မငြင်းနိုင်တဲ့ အက်ရှင်စတားတစ်ယောက်ဘဝကို ရောက်ရှိလာခဲ့ပါတယ်။

၁၉၈၀၊ ၉၀ ခုနှစ်ကာလတွေဟာတော့ မင်းသားကြီးရဲ့ နှစ်ကာလတွေ ဖြစ်ခဲ့ပြီး Universal Soldier ၊ Timecop အစရှိတဲ့ ဇာတ်ကားတွေနဲ့ နိုင်ငံတကာရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူခဲ့ပါတယ်။ ဒီလိုနဲ့ ထိုးကြိတ်သတ်ပုတ်ရတဲ့ အက်ရှင်ဇာတ်ကားလောကမှာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ကျင်လည်ပြီးနောက်မှာတော့ မင်းသားကြီးဟာ ဒီလောကကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

Photo via screenrant

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ မင်းသားကြီးဟာ What’s My Name? လို့ အမည်ရတဲ့ အက်ရှင်ဇာတ်ကားတစ်ကားကို သူ့ရဲ့ နောက်ဆုံးဇာတ်ကားအဖြစ် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ မင်းသားကြီးရဲ့ အဆိုအရ နှစ်ပေါင်းများစွာ ဟိုတယ်တွေမှာ နေထိုင်ပြီး နိုင်ငံတွေကို လှည့်လည်သွားလာကာ ရုပ်ရှင်ရိုက်ကူးရခြင်းကို စွန့်ပစ်တော့မယ်လို့ ဆိုပါတယ်။

ယခုနောက်ဆုံး ရုပ်ရှင်ကတော့ မင်းသားကြီးရဲ့ ဘဝဇာတ်ကြောင်းကိုပဲ စိတ်ကူးယဉ်အကြောင်းအရာတွေ ထပ်မံပေါင်းထည့်ထားတဲ့ ဇာတ်လမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသားကြီး သရုပ်ဆောင်မယ့် ဇာတ်ရုပ်ကတော့ ကားအက်ဆီးဒင့်တစ်ခုကြောင့် အတိတ်မေ့သွားတဲ့ လူတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ အဲဒီလူဟာ သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်လည်ရရှိဖို့ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေလည်းဆိုတာ ခွဲခြားရင်း တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။

Photo via IMDb

ထူးခြားတာကတော့ မင်းသားကြီးရဲ့ ဒီနောက်ဆုံးရုပ်ရှင်ထဲမှာ ယခင်က မင်းသားကြီးနဲ့ အတူတွဲသရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေလည်း ပြန်လည် ပါဝင်ကြမှာ ဖြစ်ပါတယ်။ မင်းသားကြီးကတော့ ဒါဟာ သူ့ရဲ့ အက်ရှင်ခေတ်ကို အကောင်းဆုံးပုံစံနဲ့ နှုတ်ဆက်ခြင်းလို့ ဆိုထားပါတယ်။

“ကျွန်တော့်ရဲ့ career ကို တစ်ခါပြန် အလည်လာရင်းနဲ့ သရုပ်ဆောင်လောကကနေ ထွက်ခွာသွားချင်တာပါ။ ကျွန်တော့်ကို စတင်ပြီး နာမည်ကြီးစေခဲ့တဲ့ Bloodsport ရုပ်ရှင်က စပြီးတော့ပေါ့။ ကျွန်တော်လိုချင်တာကတော့ အခုရိုက်မယ့်ရုပ်ရှင်ကို Bloodsport အသစ် ဖြစ်စေချင်တယ်။ ဒါပေမယ့် ဒီကားကတော့ level ပိုမြင့်ရမှာပေါ့ … ”

“ဒီရုပ်ရှင်ထဲမှာတော့ ကျွန်တော်က ကျွန်တော့်ရဲ့အလုပ်ကြောင့် ခရီးထွက်လာရတဲ့သူပေါ့။ အဲဒီအချိန်က တခြားရုပ်ရှင်တစ်ခုရဲ့ အထူးပွဲကနေ ကျွန်တော် ပြန်လာတဲ့အချိန်ပေါ့။ ကျွန်တော့်စိတ်ထဲမှာ မပျော်ရွှင်ဘူး။ ဘာလို့လည်းဆိုတော့ ဟိုတယ်တွေမှာချည်းပဲ နှစ်ပေါင်းသုံးဆယ်လောက် နေလာရလို့လေ။ ပြီးတော့ ဒါက ကျွန်တော့်ရဲ့ တကယ့်လက်တွေ့ဘဝနဲ့ အတူတူပဲ … ”

Photo via IMDb

“ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ တကယ့်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့် အဖြစ်အပျက်တွေကိုပါ ထည့်ရိုက်သွားမှာပါ။ ကျွန်တော် ဘယ်လ်ဂျီယမ်ကနေ ဟောလိဝုဒ်ထိ လာခဲ့တယ်။ ကျွန်တော် အောင်မြင်တယ်။ နောက်ကျတော့ ကျရှုံးတယ်။ အဲဒီနောက် ကျွန်‌တော် ပြန်ရပ်တည်နိုင်ခဲ့တယ်။ အဲဒီနောက် အဲဒီရုပ်ရှင်အထူးပွဲကနေ အပြန် လမ်းမပေါ်မှာပဲ ဗြုန်းဆို ကားတစ်စီးက ကျွန်တော့်ကို တိုက်သွားတော့တာပဲ။ ကျွန်တော်ကလည်း မူးနေတာကိုး … ”

“အဲဒီအဖြစ်အပျက်ကနေ ကျွန်တော် နိုးထလာတဲ့အချိန်ကျတော့ ကိုယ့်နာမည်တောင် ကိုယ်မသိတော့ဘူး။ ပြီးတော့ ဘယ်သူကမှလည်း ကျွန်တော့်ကို မမှတ်မိကြတော့ဘူး … ” လို့ မင်းသားကြီးက သူ့ရဲ့ နောက်ဆုံးရုပ်ရှင်အကြောင်းကို ပြောပြထားပါတယ်။

Photo via IMDb

What’s My Name? လို့ အမည်ရတဲ့ မင်းသားကြီး Van Damme ရဲ့ နောက်ဆုံးရုပ်ရှင်ကိုတော့ ဒါရိုက်တာ Jeremy Zag က ရိုက်ကူးသွားမှာ ဖြစ်ပြီး အော်စကာဆုရ ဇာတ်ညွှန်းရေးဆရာ Nick Vallelonga နဲ့ Paul Sloan တို့က ဇာတ်ညွှန်းရေးသားပေးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်းသားကြီးရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံထားတာ ဖြစ်ပါတယ်။

မင်းသားကြီးဟာ အက်ရှင်ဇာတ်ကားမဟုတ်တဲ့ တခြားသော ရုပ်ရှင်အမျိုးအစားတွေမှာရော သရုပ်ဆောင်သွားဦးမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်း မရှိပါဘူး။ သို့သော်လည်း လက်ရှိ အခြေအနေအရတော့ ဒီဇာတ်ကားဟာ သူ့ရဲ့ နောက်ဆုံးဇာတ်ကား ဖြစ်နိုင်ပြီး ရုပ်ရှင်လောကကနေ စတိုင်လ်ကျကျ ထွက်ခွာကာ အနားယူသွားဖို့က ပိုပြီးဖြစ်နိုင်ချေ များနေပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular