HomeEntertainmentFilmWitcher တိုင်းဟာ ဘာကြောင့် Geralt လို မျက်လုံးအဝါနဲ့ ဆံပင်အဖြူရောင် မဟုတ်ရတာလဲ ???

Witcher တိုင်းဟာ ဘာကြောင့် Geralt လို မျက်လုံးအဝါနဲ့ ဆံပင်အဖြူရောင် မဟုတ်ရတာလဲ ???

Netflix ရဲ့ The Witcher ဇာတ်လမ်းတွဲထဲက အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ Geralt of Rivia ဟာ ငွေရောင်ဆံနွယ်တွေနဲ့ အဝါရောင်တောက်ပနေတဲ့ မျက်လုံးတွေ ရှိပြီး ထူးခြားတဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ မူလကတော့ ပရိသတ်တွေဟာ Witcher တိုင်းက Geralt လိုပဲ အလားတူ ရုပ်သွင်မျိုး ရှိမယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် Season 2 ထွက်လာပြီးတဲ့နောက်မှာတော့ ဒါဟာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာပါတယ်။

The Witcher ရဲ့ Season 2 ထွက်လာအပြီးမှာတော့ Geralt ရဲ့ ထူးခြားတဲ့ရုပ်သွင်ဟာ Witcher အားလုံးမှာရှိတဲ့ တူညီတဲ့ ဝိသေသတစ်ခု မဟုတ်မှန်း ပရိသတ်တွေ သိလိုက်ကြရပါတယ်။ Season 1 မှာတုန်းကတော့ ကာရိုက်တာမိတ်ဆက်နဲ့အတူ Witcher ရဲ့ ကမ္ဘာကြီးကို ပရိသတ်တွေနဲ့ ရင်းနှီးမှုရှိအောင် မိတ်ဆက် ပြသခဲ့ပြီး season တလျှောက်လုံးမှာ ပရိသတ်တွေ သေသေချာချာ မြင်တွေ့ခဲ့ရတဲ့ Witcher ဟာ Geralt တစ်ယောက်သာ ရှိခဲ့ပါတယ်။

Photo via IMDb

ဒါကြောင့်လည်း သူ့ရဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ကိုယ်ကာယနဲ့အတူ ငွေရောင်ဆံပင်တွေနဲ့ မျက်လုံးအဝါတွေဟာ Witcher တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ရုပ်ရည်သွင်ပြင်လို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြပါတယ်။ သို့သော်လည်း Season 2 ထွက်လာတဲ့အချိန်မှာတော့ ပိုမိုကျယ်ပြန့်တဲ့ Witcher ရဲ့ လောကကြီးကို မြင်တွေ့လိုက်ကြရပါတယ်။

Geralt ဟာ သူ့ရဲ့ Child Surprise ဖြစ်တဲ့ Princess Cirilla of Cintra နဲ့အတူ သူ့ရဲ့ ကွန်းခိုရာအိမ်ဖြစ်တဲ့ Kaer Morhen ကို ရောက်ရှိလာတဲ့အချိန်မှာတော့ သူတစ်ယောက်တည်း ဒီလိုဆံပင်အရောင်နဲ့ မျက်လုံးအရောင် ပိုင်ဆိုင်ထားမှန်း သိလိုက်ကြရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တချို့ကတော့ ဒါဟာ ရာစုနှစ်တစ်ခုနီးပါး ရှိနေပြီဖြစ်တဲ့ Geralt ရဲ့ အသက်အရွယ်ကြောင့်လို့ ပြောကြတာ ရှိပေမယ့် တကယ်တမ်းမှာတော့ ဒါဟာ Geralt ရဲ့ အသက်အရွယ်နဲ့ မဆိုင်ဘဲ သူ့ရဲ့ နောက်ကြောင်းရာဇဝင်နဲ့သာ သက်ဆိုင်နေပါတယ်။

Photo via IMDb

အကြောင်းကတော့ Witcher တစ်ယောက်ဖြစ်လာဖို့ ငယ်ရွယ်သေးတဲ့ ကလေးအရွယ်တည်းက လေ့ကျင့်ပြင်ဆင်ရလို့ပါပဲ။ Witcher ဖြစ်လာဖို့ လေ့ကျင့်ရတဲ့ ကလေးတွေဟာ လက်ဗလာနဲ့ တိုက်ခိုက်ရေးမှာရော မှော်ပညာသုံး တိုက်ခိုက်ရေးစွမ်းရည်တွေမှာပါ ကျွမ်းကျင်လာအောင် လေ့ကျင့် သင်ကြားရပါတယ်။ ဒါ့အပြင် ကိုယ်ကာယကြံ့ခိုင်မှုအပိုင်းမှာလည်း အာရုံခံနိုင်စွမ်းတွေကို သာမန်ထက် လွန်ကဲပြီး စူးရှမြင့်မားနေအောင် ပြောင်းလဲပစ်လိုက်ရပါတယ်။

Geralt လို Witcher တွေကို အာရုံခံနိုင်စွမ်းနဲ့ တခြားစွမ်းရည်တွေ မြင့်မားပြောင်းလဲသွားအောင် ပြုလုပ်ပေးတဲ့ အဆင့်ကိုတော့ “Trial of the Grasses” လို့ ခေါ်ပါတယ်။ ဒီအဆင့်ကို ဖြတ်သန်းရာမှာ သေလုအောင် နာကျင်တဲ့ ဝေဒနာတွေကို ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့်လည်း ကလေးဆယ်ယောက်မှာ သုံးယောက်ခန့်ကသာ ဒီအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပြီး ကျန်ကလေးတွေကတော့ အသက်ဆုံးရှုံးကြရလေ့ ရှိပါတယ်။

Photo via IMDb

Geralt ကတော့ ဒီအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး သန္ဓေပြောင်းနိုင်ခဲ့ရုံသာမက နာကျင်မှုဝေဒနာကို ကြံ့ကြံ့ခံနိုင်တဲ့ သူ့ရဲ့ ပြောစမှတ်ပြုလောက်တဲ့ ခံနိုင်ရည်စွမ်းအားကြောင့် နောက်ထပ် စမ်းသပ်မှုတွေကိုပါ ခံယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကလေးလည်း ဖြစ်ပါတယ်။

သာမန်လူသားတစ်ယောက် အဖြစ်ကနေ သန္ဓေပြောင်းပြီး ဆင့်ကဲပြောင်းလဲမှုတွေကိုပါ ခံခဲ့ရတဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ Geralt ရဲ့ ဆံပင်တွေဟာ အခုလို ငွေရောင်ကို ပြောင်းလဲသွားခဲ့ရပြီး မျက်လုံးအရောင်ကတော့ အဝါရောင် တောက်တောက်အဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Geralt ဟာ “White Wolf” ဆိုတဲ့ ဘွဲ့အမည်ကို ရရှိခဲ့တာဖြစ်ပြီး တခြား Witcher တွေနဲ့မတူတဲ့ မျက်လုံးအရောင်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Photo via IMDb

Season 2 ရဲ့ Episode 3 “Kaer Morhen” မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ Witcher clan ကို ပြသထားပြီး အဲဒီထဲကမှ Vesemir ၊ Eskel ၊ Lambert နဲ့ Coen တို့ကို ပိုပြီးထင်ရှားစွာ မြင်တွေ့ခဲ့ရပါတယ်။ အန္တရာယ်တစ်ခုအပေါ် လျင်မြန်စွာ တုံ့ပြန်နိုင်မှုနဲ့ အခြားစွမ်းရည်တွေမှာ သာမန်လူသားတွေထက် များစွာသာလွန်တယ်ဆိုပေမယ့် Season 2 ထဲမှာ အသစ်မြင်တွေ့ခဲ့ရတဲ့ Witcher တွေဟာ Geralt လို ဆံပင်အရောင်နဲ့ မျက်လုံးအရောင် မရှိကြတာကို တွေ့ရပါတယ်။

Coen ကတော့ အမည်းရောင်မုတ်ဆိတ်မွေးတွေကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ တွဲဘက်ဖြစ်တဲ့ Lambert ကတော့ အနီရောင်ဆံပင်တွေနဲ့ မျက်လုံးအညိုရောင် ပိုင်ဆိုင်ထားပါတယ်။ Geralt ရဲ့ ချစ်ခင်ရင်းနှီးရတဲ့ မိတ်ဆွေသူငယ်ချင်း Eskel ကတော့ မျက်လုံးအပြာရောင်နဲ့ အမည်းရောင်ဆံကေသာ ပိုင်ဆိုင်ထားပါတယ်။

Photo via IMDb

Witcher တွေထဲက အကြီးဆုံးဖြစ်တဲ့ Vesemir ကတော့ ဆံပင်အဖြူရောင်နဲ့ ရွှေရောင်သန်းတဲ့ မျက်လုံးတွေ ပိုင်ဆိုင်ထားပြီး ရုပ်ရည်သွင်ပြင်မှာ White Wolf နဲ့ အနီးစပ်ဆုံး တူညီနေတာ တွေ့ရပါတယ်။ သို့သော်လည်း Vesemir ဟာ အသက်(၃၀၀)ခန့် ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆံပင်အရောင်ဟာ သူ့ရဲ့ အသက်အရွယ်ကြောင့် ဖြူနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် The Witcher: The Nightmare of the Wolf ထဲမှာလည်း Vesemir ရဲ့ ငယ်ရွယ်တဲ့ပုံစံကို မြင်တွေ့ခဲ့ကြရပြီး အဲဒီကာလမှာတော့ Vesemir ဟာ ဆံပင်အနက်ရောင် ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။

တကယ်တော့ Geralt ဟာ Witcher တစ်ယောက် ဖြစ်လာဖို့ သန္ဓေပြောင်းလဲတဲ့ ဖြစ်စဉ်ကို ရင်ဆိုင်ခံစားခဲ့ရရာမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရရှိခဲ့ရုံတင် မဟုတ်ဘဲ သူ့ရဲ့ အတွင်းစိတ်တစ်နေရာမှာလည်း စိတ်ဒဏ်ရာတွေ ကျန်ရစ်ခဲ့ပါတယ်။ ဒီအချက်ကိုတော့ Season 1 ရဲ့ Episode 8 “Much More” မှာ မြင်တွေ့ရမှာပါ။

Photo via IMDb

အဲဒီအပိုင်းမှာတော့ Geralt ဟာ ဒဏ်ရာကြောင့် ကယောင်ခြောက်ခြား ဖြစ်နေပြီး သူ့မိခင်ကိုလည်း သူ့အာရုံထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ မိခင်ဖြစ်သူကို အာရုံထဲမှာ မြင်တွေ့ရတဲ့အခါ “ကျုပ် မျက်လုံးတွေကို သဘောကျရဲ့လား ? ” လို့ Geralt က ခနဲ့ပြီး မေးမြန်းခဲ့ပါတယ်။

စိတ်ထဲက ဒေါသတွေကို ချုပ်တီးထားရပြီး အံကြိတ်ကာ မိခင်ဖြစ်သူကို မျက်တောင်မခတ် မေးမြန်းခဲ့တဲ့ Geralt ရဲ့ သွင်ပြင်ကို ကြည့်ခြင်းအားဖြင့် အတွင်းစိတ်တစ်နေရာမှာတော့ Blaviken ရဲ့ သားသတ်သမားကြီးဟာ သူ ငယ်စဉ်က Witcher ဖြစ်လာဖို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သန္ဓေပြောင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာတွေ ကျန်ရှိနေသေးကြောင်း သိရမှာပါ။

ဒါကြောင့် ငွေရောင်ဆံပင်တွေနဲ့ အဝါရောင်မျက်လုံးပိုင်ရှင် Geralt ရဲ့ ထူးခြားတဲ့ သွင်ပြင်ဟာ သူ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ဆင့်ကဲ သန္ဓေပြောင်းဖြစ်စဉ်တွေကြောင့် ဖြစ်ပါတယ်လို့ ဆိုရင်း … ။

Glasgow

Ref: screenrant

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular